Home HISTORY ဥဒယဘဒ္ဒမင်းသမီး

ဥဒယဘဒ္ဒမင်းသမီး

3

တစ်ခုသော ညတစ်ညမှာ ဥဒယဘဒ္ဒမင်းသမီးဟာ ပြာသာဒ်ထက် တိုက်ခန်းမှာ နေနေပါတယ်။ အဲဒီအချိန်မှာပဲ လုလင်ပျိုတစ်ဦးဟာ ရွှေခွက်နဲ့ ရွှေအပြည့်ထည့်ပြီး ရောက်လာပါတယ်။ နောက်လုလင်က မင်းသမီးကို လူပျိုစကား စပြောပါတယ်။ “မင်းသမီး…တစ်ညလောက် သင့်တိုက်ခန်းမှာ အတူတကွ နေပါရစေ။” မင်းသမီးလည်း အတော်ထိတ်လန့် သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အောက်မှာ အစောင့်တွေအများကြီး ချထားလို့ပါ။ ဒါကြောင့် မင်းသမီးက “ဘယ်လိုလုပ် တက်လာတာလဲ” လို့ပြန်မေးပါတယ်။ လုလင်ဟာလည်း “ငါဟာနတ်သားတစ်ယောက်ဖြစ်တယ်။ ငါ့အတွက်မခက်ပါဘူး။ သင်ကငါ့ကို ချစ်တယ်ဆိုရင် ပါလာတယ့် ရွှေခွက်နဲ့ ရွှေအပြည့် ပေးပါ့မယ်” လို့ ပြန်ပြောပါတယ်။ ဒီတော့မင်းသမီးက “သင့်ဟာသင် နတ်သားမကလို့ ဘာပဲဖြစ်နေဖြစ်နေ ကွယ်လွန်သွားတယ့် ကျွန်မခင်ပွန်းဟောင်း မင်းသားမှတစ်ပါး ဘယ်သူ့ကိုမှ မမြတ်နိုးဘူး၊ သင်ပြန်ပါတော့” လို့ နှင်လွှတ်လိုက်ပါတယ်။

ဒုတိယညကျတော့ လုလင်ပျိုနတ်သားက ငွေခွက်နဲ့ ရွှေအပြည့်ထည့်ပြီး ရောက်လာပြန်ပါတယ်။ဒါပေမယ့်မင်းသမီးက ချက်ချင်းပဲပြန်လွှတ်ပါတယ်။ တတိယညကျတော့လည်း လုလင်ပျိုနတ်သားက ကြေးခွက်နဲ့ ရွှေအပြည့်ထည့်ပြီး ချစ်ရေးဆိုလာပြန်ပါတယ်။
ဒီမှာတင် မင်းသမီးက စဉ်းစားပါပြီ။ ပထမရက်မှာ ရွှေခွက်နဲ့၊ ဒုတိယရက်မှာ ငွေခွက်နဲ့၊ တတိယရက်မှာ ကြေးခွက်နဲ့ဆိုတော့ သူ့အတွက် အထူးအဆန်း ဖြစ်နေပါတယ်။ ဒါကြောင့် မင်းသမီးက လုလင်ကို မေးကြည့်ပါတယ်။ “အသင်ယောကျာ်း…ယောကျာ်းတွေဟာ မိန်းမကို ချစ်ရေးဆိုရင် ဥစ္စာပစ္စည်းကို တိုးတိုးပဲပေးရတယ်။ သင်ကဘာဖြစ်လို့ တစ်နေ့ထက်တစ်နေ့ လျှော့လျှော့ပေးရတာလဲ” လို့မေးပါတယ်။

ဒီတော့လုလင်ပျို ကလည်းပြန်ဖြေပါတယ်။ “မင်းသမီးရယ် သင့်ရဲ့ အသက်နဲ့ ရုပ်ရည်အဆင်းက တစ်နေ့ထက်တစ်နေ့ တိုးတိုး ပျိုပျိုလာတယ် ဆိုရင်တော့ ဥစ္စာပစ္စည်းကို တိုးတိုးပေးမှာပေါ့။ သင်မင်းသမီးရဲ့ အသက်နဲ့ ရုပ်ရည်အဆင်းက တစ်နေ့ထက်တစ်နေ့ လျော့လျော့ အိုအိုလာတာပဲ။ ဒါကြောင့်ငါက ပစ္စည်းကို လျှော့လျှော့ပေးတာပါ။ မင်းသမီးရယ် တစ်ရက်တစ်ည ကုန်လွန်တာကို ထားလိုက်ပါဦး။ အခုသင့်ကို ငါကြည့်နေစဲမှာပဲ သင့်ရဲ့ရုပ်ရည် အဆင်းတွေက တစ်ဖြုတ်ဖြုတ်နဲ့ အိုအိုလာနေပြီလေ။ တဖြည်းဖြည်း တစ်နေ့ထက်တစ်နေ့ ပျိုပျိုလာတာမှ မဟုတ်တာ” လို့ ရှင်းပြလိုက်ပါတယ်။

နောက်လုလင်နတ်သားက မင်းသမီးကို နတ်ပြည်ရောက်ကြောင်း ကုသိုလ်ကောင်းမှုတွေကို ဆက်ပြီး ဟောပြပေးပါတယ်။ တကယ်တော့လုလင်ပျိုက အတိတ်လူ့ဘဝက မင်းသမီးရဲ့ ခင်ပွန်းဟောင်းပါ။ လူ့ပြည်မှာကျန်ခဲ့တယ့် ဇနီးဟောင်းကိုလာပြီး သတိပေးတရား ဟောတာပါ။ လူတစ်ယောက်ဟာ တစ်ရက်ကုန်သွားတာနဲ့ သေဖို့တစ်ရက် နီးနီးသွားတာပါ။ သေဖို့တစ်ရက် နီးသွားတာနဲ့ ကုသိုလ်ပြုဖို့ အခွင့်အရေးတွေ တစ်ရက်လျော့ သွားတာပါ။ ပြီးတော့တစ်ရက် ကုန်သွားတာနဲ့ အိုအိုသွားတာပါ။ တိုးတိုးပြီး ပျိုပျို မလာပါဘူး။

#credit