သာမန်လူတွေမှာ သွေးတွင်းအချိုဓာတ် (Blood Glucose) တွေဟာ သတ်မှတ်ထားတဲ့ ဘောင်အတွင်းမှာပဲ ရှိသင့်ပါတယ်။ သွေးချိုတွေ သိပ်များနေရင် တာရှည်မှာ မကောင်းတဲ့ ဆိုးကျိုးတွေ အမြန်ဆုံး ကိုယ့်ရှေ့ကို ရောက်လာမှာ ဖြစ်ပြီး တစ်ဖက်မှာလည်း သွေးချိုဓာတ်တွေ သိပ်နိမ့်ကျသွားရင် သတိလစ်ပြီး ဆိုးရွားတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်လည်း ဆီးချိုသွေးချိုရောဂါ ကုသရာမှာ သွေးချိုနှုန်းတွေကို ပုံမှန် (Normal) အထိ ရောက်ရှိအောင် ရည်မှန်းပြီး ကုလို့ရနိုင်ရင် အကောင်းဆုံး ဖြစ်ပေမဲ့ သွေးချိုအကျလွန်တဲ့ အန္တရာယ်ကလည်း ပိုပြီး နီးစပ်လာပါတယ်။ ဒါကြောင့် ပုံမှန်နီးပါး (Near Normal) လောက် ရရှိရင် လုံလောက်တယ်၊ သင့်တော်တယ်လို့ သတ်မှတ်ကြရတာ ဖြစ်ပါတယ်။ တစ်ဖက်မှာ “ကျား” (ဆီးချိုများတာကြောင့် ဖြစ်လာမယ့်အန္တရာယ်) နဲ့ တခြားတစ်ဖက်မှာ “ချောက်” (ဆီးချို ကျတာကြောင့် ဖြစ်ပေါ်လာမယ့် အန္တရာယ်) ရှိနေတဲ့ လမ်းကို လျှောက်နေရသလိုပါပဲ။ “ချောက်” နဲ့ ဝေးဝေးက လျှောက်နေရင် ချောက်ထဲ မတော်တဆ ပြုတ်ကျဖို့ ဝေးနေပေမဲ့ တစ်ဖက်မှာ ရှိတဲ့ “ကျား” နဲ့ ပိုနီးသွားမှာ ဖြစ်ပါတယ်။ “ကျား” နဲ့ ဝေးရာ “ချောက်” နား လျှောက်ပြန် ရင်လည်း “ချောက်” ထဲ ပြုတ်ကျမယ့် အန္တရာယ် နီးလာပါမယ်။ နှစ်ဖက် ဘေးလွတ်ရာ နေရာကသာ လျှောက်ကြရမှာ ဖြစ်ပါတယ်။
သွေးချိုအကျလွန်တယ်ဆိုတာ ဘာလဲ
သွေးချိုအကျလွန်တယ်ဆိုတာ သွေးတွင်းအချိုဓာတ် ၇၀ မီလီဂရမ် အောက်ကျသွားပြီး သွေးချိုကျတဲ့ လက္ခဏာတွေ ဖြစ်ပေါ်ခံစားရတဲ့ အခြေအနေကို ဆိုလိုပါတယ်။ သွေးတွင်းအချို ဓာတ် ၄၀ မီလီဂရမ်အောက်ကို ဆက်ပြီး ကျဆင်းသွားရင် ဦးနှောက်ထိခိုက်ပြီး သတိလစ်တာ၊ ကယောင်ချောက်ချားဖြစ်တာတို့ ဖြစ်ပေါ်တတ်ပါတယ်။ ဒီအခြေအနေကို အချိန်မီ မကုသပါက အသက်သေဆုံးနိုင်ပါတယ်။ ဒါမှမဟုတ် အသက်ရှင်လာပေမဲ့ လေဖြတ်သလို အိပ်ရာထဲ တာရှည်လဲနေတဲ့ အခြေအနေ ရောက်ရှိသွားတတ်ပါတယ်။
ဘယ်သူတွေက သွေးချိုကျတဲ့ အန္တရာယ် ပိုဖြစ်တတ်သလဲ သွေးချိုကျတာချင်း တူရင်တောင် ဘယ်သူတွေက အဆိုးဆုံးသော နောက်ဆက်တွဲရလဒ် (Consequences) တွေ ရင်ဆိုင်ရမလဲဆိုတာ အနည်းငယ်ဆက်ပြီး ရှင်းပြလိုပါတယ်။
သွေးချိုကျတတ်တဲ့ သူတွေနဲ့ သွေးချိုကျပြီး ဆေးရုံတက်ရတဲ့အထိ ဖြစ်ရတဲ့သူတွေကို ကြည့်ရင် အများအားဖြင့် အသက်ကြီးလွန်းသူတွေ၊ နာမကျန်းဖြစ်လို့၊ ခံတွင်းပျက်လို့ အစားမမှန်သူ၊ ပျို့အန်နေသူ၊ ဝမ်းလျှောနေသူ၊ ကျောက်ကပ်ပျက်နေသူ၊ ဆီးချိုဆေး မှန်မှန်မသောက်သူ၊ အစားအစာကို အချိန်မှန်မှန်နဲ့ ပမာဏတူညီစွာ မစားတဲ့သူ၊ အရက်အလွန်အကျူး သောက်သူတွေ၊ လုပ်နေကျမဟုတ်တဲ့ ကိုယ်လက်လှုပ်ရှားမှု ပိုမိုလုပ်မိသူတွေ၊ အင်ဆူလင်ထိုးနေရတဲ့သူ၊ သောက်ဆေးမှာ SU(Sulfonylurea) ဆေးအုပ်စုသောက်နေသူတွေ ဖြစ်ကြပါတယ်။
ဒါကြောင့် သက်ကြီးရွယ်အိုတွေ၊ ရောဂါပေါင်းစုံတွဲပြီး ရှိနေသူတွေနဲ့ ကျောက်ကပ်မကောင်းတဲ့ သူတွေမှာ သွေးချိုကို အလွန်အမင်း မချဘဲ ခပ်လျော့လျော့ ရည်မှန်းကြမှသာ သွေးချိုကျတာရဲ့ အန္တရာယ်လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ဥပမာ HbA1c (သုံးလ ပျမ်းမျှသွေးချို) ကို ၆.၅ – ၇ ရာခိုင်နှုန်း ရရှိဖို့ မရည်ရွယ်တော့ဘဲ ၇ – ၈ ရာခိုင်နှုန်းနဲ့သာ ကျေနပ်ရမှာ ဖြစ်ပါ တယ်။
အင်ဆူလင်ထိုးရသူတွေမှာ ထိုးနည်း၊ ဆေးချိန်ဆနည်း၊ ဆေးညှိနည်းတွေ မှားယွင်းနေတာ၊ ဆေးပမာဏနဲ့ ကိုက်ညီတဲ့ အစာမစားမိတာ . . စတာတွေကြောင့် သွေးတွင်းအချိုဓာတ် အကျလွန်တာတွေ ရှိတတ်ပါတယ်။ ဒါကလည်း အင်ဆူလင်ထိုးဖို့ စိုးရွံ့နေကြရတဲ့ အဓိက အတားအဆီးတစ်ခုပဲ ဖြစ်ပါတယ်။
ဆီးချိုဆေးတွေမှာ မက်ဖော်မင် (Metformin)၊ ပိုင်အိုဂလစ်တာဇုန်း (Pioglitazone)၊ စစ်တာဂလစ်ပတင် (Sitagliptin) နဲ့ GLP-1 agonist (Liraglutide) ဆေးအုပ်စုတွေကို ချည်းသုံးရင် သွေးချိုကျတဲ့ အန္တရာယ်မရှိသလောက် ရှားပါတယ်။ ဒါပေမဲ့ ဒီဆေးတွေနဲ့ မုန့်ချိုအိတ်မှ အင်ဆူလင်အထွက်များအောင် တွန်းအားပေးတဲ့ ဆေးတွေနဲ့ တွဲပြီးသောက်ရင် ဆီးချိုကျနှုန်း ပိုမြန်စေပါတယ်။ ဒီဆေးတွေကတော့ SU အုပ်စု (ဥပမာ- Diamicron, Gliclazide, Minidiab, Glimepride) နဲ့ Repaglinide (ဥပမာ Novonorm, Betarap) စတဲ့ ဆေးတွေပဲ ဖြစ်ပါတယ်။
လူနာနဲ့ မိသားစုတွေက ဒါတွေကို သိရှိထားမှသာ ဘယ်လိုလူတွေကို ဘယ်အချိန်မှာ ဆီးချိုအကျလွန်တဲ့ ပြဿနာ ဖြစ်တတ်သလဲဆိုတာ ကြိုတင်သိရှိပြီး ကာကွယ်နိုင်မယ်၊ ပိုပြီး သတိထားနိုင်ပြီး ဖြစ်ခဲ့ရင်လည်း အသက်အန္တရာယ်မဖြစ်အောင် အချိန်မီ ကယ်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
သွေးချိုကျသော လက္ခဏာများ သွေးချိုကျတာကို ညွှန်ပြတဲ့ လက္ခဏာတွေကို နှစ်ပိုင်းခွဲခြားပြီး ရှင်းပြလိုပါတယ်။
ပထမ သွေးချိုအကျလွန်ဖြစ်ခါစ စောစောပိုင်းမှာ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကြောင့် ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေ တွေ့ရှိရပါမယ်။ တနည်းအားဖြင့် “သတိပေး ခေါင်းလောင်းသံ” လို့ တင်စားလို့ ရပါတယ်။ အန္တရာယ် (Danger) တစ်ခု ဥပမာ Fight (တိုက်ခိုက်ခြင်း) နဲ့ Fright (ကြောက်ရွံ့ စိုးရိမ်ခြင်း) ကို ရင်ဆိုင်ရပြီဆိုရင် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်အရ တုံ့ပြန်မှုတွေ ရှိပါတယ်။ ဒီတုံ့ပြန်မှုဟာ အဒရီနယ်လင် (Adrenaline) လို့ ခေါ်တဲ့ ဟော်မုန်းဓာတ်ကို စစ်ထုတ်လိုက်လို့ သွေးထဲမှာ များလာစေတဲ့အတွက် ဖြစ်ပေါ်လာရတာပါ။ ဥပမာ မီးလောင်တာ၊ ခိုက်ရန် ဖြစ်ပွားတာ၊ စိတ်လှုပ်ရှားလို့ စိုးရွံ့နေတာ။ ဒီလိုအချိန်မှာ အဒရီနယ်လင် (Adrenaline) ကြောင့် ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေနဲ့ ဆီးချိုအကျလွန်လက္ခဏာတွေဟာ အားလုံး အတူတူပါပဲ။
သွေးချိုကျတာကလည်း ဦးနှောက်ကို ထိခိုက်နိုင်မယ့် ကြီးမားတဲ့ အန္တရာယ်တစ်ခု ဖြစ်တဲ့အတွက် ခန္ဓာကိုယ်က ဒီအန္တရာယ်ကို တခြားအန္တရာယ်ကြီး တစ်ခုခု ရင်ဆိုင်ရသလို တုံ့ပြန်မှုတွေ ဖြစ်စေပါတယ်။
ဒီသတိပေးလက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
– ရင်တုန်မယ်၊
– ချွေးစေးတွေ ပြန်မယ်၊
– ခြေလက်တုန်မယ်၊ ကတုန်ကယင် ဖြစ်မယ်၊
– ခေါင်းကိုက်မယ်၊ သွေးတိုးမယ်၊
– ခေါင်းမူးပြီး အာရုံစူးစိုက်မှု လျော့ကျလာမယ်၊
– စိတ်တိုမယ်၊ ဒေါသထွက်လွယ်မယ်၊
– နားအူမယ်၊
– ဗိုက်ဆာလာမယ်. . .
ဒီလက္ခဏာတွေအားလုံးဟာ ကစီဓာတ်ပါတဲ့ အစာတစ်ခုခု စားလိုက်မယ်၊ ဒါမှမဟုတ် သကြားပါတဲ့ အချိုရည်တစ်မျိုးမျိုး သောက်လိုက်မယ်ဆိုရင် ချက်ချင်းဆိုသလို ပျောက်ပြယ်သွားမှာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ သွေးချိုကို စက်နဲ့ ဖောက်ကြည့်လိုက်ရင် အများအားဖြင့် ၇၀ မီလီဂရမ် (၃ ဒဿမ ၅ မီလီမိုးလ်) အောက်မှာရှိတာ တွေ့ရပါမယ်။
ဒီ “သတိပေးလက္ခဏာ” ဖြစ်ပေါ်နေတဲ့အဆင့်ကို အချိန်မီ မပြုပြင်လိုက်ရင် သွေးတွင်းအချိုဓာတ် ဆက်ပြီးကျသွားမှာ ဖြစ်ပါတယ်။ သွေးတွင်းအချိုဓာတ် ၄၀ မီလီဂရမ် (၂ ဒဿမ ၅ မီလီ မိုးလ်) အောက် ရောက်သွားခဲ့ရင် သွေးချိုစက်ပေါ်မှာ ‘Lo’ ဆိုတဲ့ စာသားလေးတွေ့ရရင် အချို ဓာတ်မရှိလို့ ဦးနှောက်က ပုံမှန် အလုပ်မလုပ်နိုင်တော့ဘဲ ဦးနှောက်အချိုငတ်ပြတ်တဲ့ လက္ခဏာ (Neuroglycopenic features) တွေ ဖြစ်လာပါမယ်။ ဒီအဆင့်ကတော့ သတိပေးအဆင့် ကျော်သွားပြီး တကယ်မီးလောင်နေတဲ့ အဖြစ်မျိုးနဲ့ နှိုင်းယှဉ်လို့ ရပါတယ်။ ဦးနှောက်မှာ အချို ငတ်ပြတ်တဲ့ လက္ခဏာ (Neuroglycopenic Features) တွေကတော့-
ဂယောင်ချောက်ချားဖြစ်ပြီး စကားပြော မမှန်တာ ဖြစ်တတ်ပါတယ်။ တက်သွားတာ ဖြစ်တတ်သလို မလှုပ်ရှားနိုင်တာ၊ အအိပ်များပြီး နောက်ဆုံး သတိလစ်သွား တတ်ပါတယ်။ ဒီအဆင့်မှာ ကုသမှုကို အမြန်ဆုံး ပေးရပါမယ်။ စက္ကန့်ပိုင်းအတွင်း၊ မိနစ်ပိုင်းအတွင်း အထူးအရေးကြီးတဲ့ အခြေအနေပါ။
အချိန်နည်းနည်းဆွဲလိုက်မိလို့ နှောင့်နှေးသွားတာနဲ့ ပြန်မကောင်းနိုင်တဲ့ ဦးနှောက်ပျက်စီးမှု (Irreversible Brain Damage) ကို ဖြစ်သွားစေတတ်ပါတယ်။ အသက်သေဆုံးတတ်ပါတယ်။ အချိန်နှောင်းမှ ဂလူးကို့စ်ကို ထိုးပြီး သွေးတွင်းအချိုဓာတ်ကို ပြုပြင်နိုင်ကာ အသက်မသေဆုံးဘဲ ပြန်ရှင်လာရင်တောင် သတိပြန်မလည်တော့ဘဲ လေဖြတ်နေတဲ့ ပုံစံမျိုး လတွေ၊ နှစ်တွေ အကြာကြီး ဖြစ်နေတတ်ပါတယ်။ အသိမရှိသော ရှင်သန်နေခြင်း ဘဝ (Vegetative Life) ရောက်သွားတတ်ပါတယ်။ လေဖြတ်တာနဲ့လည်း ဆင်တူပြီး ကုသမှုလွဲမှားတတ်ပါတယ်။ ဒါကြောင့် လေဖြတ်တဲ့လူနာလာတိုင်း မဖြစ်မနေ ဆီးချိုတိုင်းကြည်ဖို့ ဆရာဝန်၊ ဆရာမတိုင်းမှာ တာဝန် ရှိပါတယ်။
ဒီအဖြစ်အပျက်တွေဟာ အလွန်တရာ မြန်ဆန်ပြီး အလွန်အမင်းကြောက်စရာကောင်းတဲ့ ဆီးချိုဆေးတွေရဲ့ ဆိုးကျိုးကြီး တစ်ခုပဲ ဖြစ်ပါတယ်။
သတိရှိသေးရင်တော့ အချိုစားမယ်၊ သကြားပါတဲ့ အချိုရည်တိုက်မယ်၊ ကစီဓာတ်ပါတဲ့အစာ ဥပမာ- ထမင်း၊ ဒါမှမဟုတ် မုန့်တစ်ခုခု စားလိုက်ရင် ပြန်ကောင်းသွားတတ်ပါတယ်။
သွေးချိုအကျလွန်တာကို အကြောက်လွန်နေပြန်ရင်လည်း ဆီးချိုမြင့်မားတာကြောင့် ရရှိတဲ့ ဆိုးကျိုးတွေကို ပိုရင်ဆိုင်ရပါမယ်၊ တဖြည်းဖြည်းချင်း ဖြစ်နေတာဆိုတော့ သွေးချိုများလို့ ဖြစ်မှန်းတောင် မသိကြတဲ့သူတွေ အများကြီး ရှိပါတယ်။ ဒါက “အနှေး လူသတ်သမား” ဖြစ်ပါတယ်။
တခြားတစ်ဖက်မှာလည်း ဆီးချိုအကျလွန်တဲ့ ဆိုးကျိုးဟာ အဖြစ်နည်းပေမယ့် ဖြစ်ရင်၊ ပေါ့လျော့ရင် ချက်ချင်း အဆိုးဆုံး အဆင့်ကို ရောက်ရှိသွားနိုင်လို့ “အကြမ်းဆုံး၊ အမြန်ဆုံး လူသတ် သမား” ဖြစ်ပါတယ်။ ဒီအန္တရာယ်နှစ်ခုစလုံးက ရှောင်ရှားနိုင်ဖို့ အထူးအရေးကြီးပါတယ်။
ဆီးချိုသွေးချိုကို ဘယ်လောက်အထိ ကျအောင် ပြုလုပ်သင့်သလဲ၊ သုံးလ ပျမ်းမျှသွေးချိုနှုန်း (HbA1c) ကို ဘယ်သူတွေမှာ ဘယ်လောက်အထိ ထားသင့်သလဲ ဆိုတဲ့ လူတစ်ဦးချင်းအလိုက် ညှိနှိုင်းရမယ့် ညွှန်ကြားချက် (Guidelines) တွေ ရှိပါတယ်။ အရှေ့မှာ ဖော်ပြထားပြီးဖြစ်တဲ့ ဆီးချိုကျအန္တရာယ် ပိုများတဲ့ အုပ်စုကို သုံးလပျမ်းမျှ သွေးချိုနှုန်း (HbA1c) ကို ၇ ရာခိုင်နှုန်း နဲ့ ၈ ရာခိုင်နှုန်းရရင် လုံလောက်တဲ့ သဘော သတ်မှတ်ကြပါတယ်။ ဆီးချိုကျတဲ့ အန္တရာယ် မရှိတဲ့ သူတွေကိုတော့ HbA1c ကို ၇ ရာခိုင်နှုန်းအောက်မှာရှိအောင် ညွှန်ကြားထားပါတယ်။ ဒီလို လူတွေထဲက အသက်ငယ်ရွယ်သူတွေဟာ မိမိကိုယ်ကို ဂရုစိုက်နိုင်မယ်၊ သွေးချိုနဲ့ အစားအစာကို ညွှန်ကြားတဲ့အတိုင်း တိုင်းနိုင်မယ်၊ စားနိုင်မယ်ဆိုရင် HbA1c ကို ၆ ဒဿမ ၅ ရာခိုင်နှုန်း အောက်မှာ ထားသင့်ပါတယ်။ တာရှည်အတွက်၊ နောင်အတွက် အလွန်ကောင်းပါတယ်။
ဒီလို ဆီးချိုအကျလွန်တာ မဖြစ်အောင် ဘယ်လို ကာကွယ်သင့်သလဲ၊ ဖြစ်လာရင် ဘယ်လို ကုသရမလဲ ဆိုတာ ဆက်ပြီး ရှင်းပြသွားပါမယ်။ ဆီးချိုအကျမလွန်အောင် ကာကွယ်နည်းတွေကို ရှင်းပြပါမယ်။
(၁) အင်ဆူလင်ထိုးရတဲ့ အမျိုးအစား ၁ ဆီးချိုလူနာတွေမှာ သွားရင်း၊ လာရင်း၊ လမ်းမှာပဲဖြစ်ဖြစ် သွေးတွင်းအချိုဓာတ် အကျလွန်ပြီး ချက်ချင်း သတိလစ်သွားခဲ့ရင် သူစိမ်းတစ်ယောက်ယောက်က ချက်ချင်းသိအောင် လည်ပင်းမှာ ဆီးချိုရှိမှန်း အသိပေးတဲ့ စာတမ်းပါ ဆွဲကြိုး ဆွဲထားနိုင်ပါ တယ်။ ဒါမှမဟုတ် ဆီးချိုရှိကြောင်း အသိပေးတဲ့ ကတ်ပြားကို ပိုက်ဆံအိတ်ထဲမှာ ထည့်ထားပေးရပါမယ်။
(၂) သွားလေရာမှာ အချိုသကြားလုံး၊ ဒါမှမဟုတ် သကြားခဲ ဆောင်ထားသင့်ပါတယ်။ (ဥပမာ ကားမောင်းနေစဉ်၊ အစည်းအဝေး တက်နေစဉ်)
(၃) သွေးချိုကျလက္ခဏာတွေနဲ့ အရေးပေါ် ကုသနည်းတွေကို လူနာနဲ့ မိသားစုတွေထံ အသိပညာပေး ထားရပါမယ်။
(၄) ဆရာဝန်ညွှန်ကြားချက် မပါဘဲ မိမိသဘောနဲ့ ဆေးတွေ တိုးသောက်တာ ရှောင်ကြဉ်ရပါမယ်။
(၅) အင်ဆူလင်ထိုးတဲ့သူနဲ့ ဆီးချိုကျဆေး သောက်နေသူတွေဟာ အစာကို အချိန်မှန်မှန် စားရပါမယ်။ အစားအစာပမာဏကိုလည်း တစ်ရက်နဲ့ တစ်ရက် တူညီအောင် စားရပါမယ်။ တစ်ရက် နည်းလိုက်၊ တစ်ရက် များလိုက် မဖြစ်သင့်ပါဘူး။
(၆) ဆီးချို အနိမ့်၊ အမြင့်ကို အလွယ်တကူ တိုင်းထွာနိုင်တဲ့ ဆီးချိုတိုင်းစက် ထားရှိတာကြောင့် ဆီးချိုကျတာကို သိရှိနိုင်ပါတယ်။ ဆေးကို လိုအပ်သလို အချိန်မီ ပြုပြင်လိုက်ရင် အချိုကျလွန်တာကို ကာကွယ်နိုင်ပါတယ်။
(၇) လုပ်နေကျ မဟုတ်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို လုပ်တဲ့အခါ ဆေးကို ပြုပြင်ရမယ်၊ ဒါမှမဟုတ် အဆာပြေ စားထားရပါမယ်၊ အကြာကြီး ကိုယ်လက်လှုပ်ရှားလုပ်မယ်၊ အားကစား လုပ်မယ်ဆိုရင် ပိုသတိထားရပါမယ်။
(၈) သွေးချို အတက်အကျ အဖြေအားလုံးကို မှတ်တမ်းထားရှိပါက မိမိကို ဆေးကုပေးတဲ့ ဆရာဝန်အဖို့ ဆေးညှိရာမှာ များစွာ အထောက်အကူရပါတယ်။
(၉) အရက်အလွန်အကျူးသောက်တာကို ရှောင်ကြဉ်ပါ။ အရက်သောက်ဖြစ်ရင်လည်း အစာအိမ်မှာ အစာမရှိဘဲ မသောက်ပါနဲ့။
သွေးချိုအကျလွန်တာ ဖြစ်လာခဲ့ရင်ကော ဘာတွေ ဆောင်ရွက်ရမလဲ၊ ဘယ်လို ကုသရမလဲဆိုတာ ဆက်ပြီး ရှင်းပြပါမယ်။
အချိုကျတဲ့ လက္ခဏာတွေ ခံစားရပြီဆိုရင် သွေးချိုတိုင်းစက်နဲ့ သွေးချိုတိုင်းကြည့်ရပါမယ်။ ကစီဓာတ်၊ ဒါမှမဟုတ် ချိုတဲ့ အစာရေစာကို ချက်ချင်း စားသောက်ပါ။ အဆီများတဲ့ အစားအစာ၊ ဥပမာ ချောကလက်စားတာက သကြားလုံးစားတာလောက် ထိရောက်မှု မရှိတာကို သတိပြုရပါမယ်။
အချိုကျတာ သိပ်ဆိုးရင် သကြားလုံး ၅ လုံးလောက် စားရပါမယ်။ သစ်သီးဖျော်ရည် တစ်ဖန်ခွက်၊ သကြား ထမင်းစားဇွန်း တစ်ဇွန်း၊ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်း၊ ဂလူးကို့စ်ခဲ သုံးခဲ စသဖြင့် စားပေးတဲ့ နည်းနဲ့ ဆီးချို ပြန်တက်အောင် ပြုလုပ်ရပါမယ်။
ဆီးချိုတိုင်းစက် မရှိလို့ ဆီးချို ဘယ်လောက်ရှိမှန်း မသိနိုင်ရင်လည်း ဆီးချိုကျ လက္ခဏာ ခံစားရတာနဲ့ အထက်ပါအတိုင်း ကုသင့်ပါတယ်။
အချိုစားမိသွားလို့ ချက်ချင်း ဘာမှဆိုးသွားစရာ မရှိပေမဲ့ ဆီးချိုအကျလွန်တာကို ချက်ချင်း မပြုပြင်မိရင် ပိုဆိုးတတ်ပါတယ်။
သွေးချိုကို ၁၅ မိနစ်မှ မိနစ် ၂၀ အကြာမှာ ပြန်တိုင်းကြည့်ရပါမယ်။
ဆီးချိုသွေးချို လူနာတချို့ဟာ ဆေးတွေ၊ အစာတွေကို ပြုပြင်ပေမဲ့ သွေးချိုကျ ဝေဒနာ မကြာခဏ ခံစားရသေးတာ၊ သတိလစ်သွားတဲ့အထိ ဖြစ်တာရှိတတ်ပါတယ်။ ဒီလို ဖြစ်ရင် သွေးချိုကို သိပ်မနိမ့်စေဘဲ HbA1c ကိုလည်း သိပ်မကျအောင် လျှော့ထားပေးရပါမယ်။
ခေတ်မီနိုင်ငံတွေမှာတော့ ဒီလို သွေးချိုကျတာ ဖြစ်လွယ်တဲ့ သူတွေကို ဆရာဝန်တွေနဲ့ မတွေ့မီ သွေးချိုပြန်တက်အောင် ထိုးနိုင်တဲ့ ဂလူကာဂွန် (Glucagon) ထိုးဆေးကို ဆောင်ထားပြီး အိမ်မှာ အရေးပေါ် သုံးနိုင်ပါတယ်။ ဒီဂလူကာဂွန် (Glucagon) ဟော်မုန်းထိုးလိုက်ရင် သွေးချို ပြန်မြင့်လာပါမယ်။ ဒီဆေးကို အရေးပေါ်သုံးနိုင်အောင် ဆေးထိုးပြွန်ထဲ ဆေး အဆင်သင့် ထည့်ထားပါတယ်။ ဘယ်သူမဆို ထိုးပေးလို့ရပါတယ်။ ၁၅ မိနစ် စောင့်ကြည့်လို့ သတိမရရင် အရေးပေါ် ဆေးရုံတင်ရပါမယ်။ ဒီနိုင်ငံမှာ ဒီဆေးမျိုး မရရှိသေးပါဘူး။ ဒီမှာ ကုတဲ့နည်းကတော့ အနီးဆုံးဆေးရုံမှာ ဆရာဝန်ကပဲ ဖြစ်ဖြစ်၊ သူနာပြုဆရာမကပဲဖြစ်ဖြစ် သွေးကြောထဲကို ဂလူးကို့စ် ထိုးလိုက်ရင် မိနစ်ပိုင်းအတွင်းမှာပဲ လူနာပြန်သတိရလာတတ်ပါတယ်။ သိတာနဲ့ ချက်ချင်း ကုသရပါမယ်။ နောက်ကျသွားရင် ဦးနှောက်က အချိုဓာတ်မရလို့ အပြီး ပျက်စီးသွားပြီး ပြန်ကောင်းမလာတော့တာလည်း ရှိတတ်ပါတယ်။ ဒါကြောင့် သတိလစ်နေရင် ဘယ်သူမဆို ဂလူးကို့စ်အကြောထဲ အမြန်ဆုံးထိုးပေးပါ။ ဆေးရုံဝေးရင် ဂလူးကို့စ်ထိုးပြီးမှ ဆေးရုံသို့ ပို့သင့်ပါတယ်။
ဆီးချိုအကျလွန်တဲ့ အဖြစ်အပျက်လေးတစ်ခုအကြောင်းကို စာဖတ်သူတွေ မှတ်မိ နားလည် စေဖို့ အတွေ့အကြုံလေးတစ်ခုအဖြစ် ဖော်ပြလိုပါတယ်။
Credit: ပါမောက္ခ သန်းသန်းအေး၏ ကျွန်မနှင့် ဆီးချိုလူနာများ စာအုပ်မှ ကောက်နုတ် ဖော်ပြပါသည်။
#crd