SSD (Solid State Drive) နှင့် HDD (Hard Disk Drive) တို့သည် application များ၊ personal file များနှင့် boot system များကိုသိမ်းဆည်းခြင်းစသည့် အခြေခံ လုပ်ဆောင်မှုများတူညီကြသည်။ အကယ်၍ သင်ဟာ desktop computer အဟောင်းတစ်လုံး(သို့မဟုတ်) laptop တစ်လုံးကို မြန်မြန်ဆန်ဆန်အလုပ်လုပ်နိုင်ရန် (သို့မဟုတ်) အကယ်၍ ကွန်ပျူတာအသစ်တစ်လုံးဆင်ရန်၊ sever (သို့မဟုတ်) system တစ်ခုကိုတည်ဆောက်မယ်ဆိုရင် သင်ဘာကို ရွေးချယ်ရမလဲ ဆိုတာ ဘယ်လိုသိနိုင်မလဲ?
SSD (Solid State Drive) ကိုရွေးချယ်သင့်တာလား? HDD (Hard Disk Drive) ကိုရွေးချယ်သင့်တာလား?
ပထမဆုံးပြောရမယ်ဆိုရင် SSD နဲ့ HDD နှစ်ခုစလုံးဟာ လုံးဝမတူညီတဲ့နည်းလမ်းတွေနဲ့ တည်ဆောက် ထားကြတာ ဖြစ်ပါတယ်။ SSD ကို non-volatile storage technology နဲ့တည်ဆောက်ထားတာဖြစ်ပြီး NAND flash လို့လည်း ခေါ်ပါတယ်။ သူဟာ data တွေကိုထိန်းသိမ်းထားဖို့ စွမ်းအင်မလိုအပ်ပါဘူး။
၁၉၅၀ ခုနှစ်အလယ်ပိုင်းလောက်ကစပြီး ကွန်ပျူတာတွေဟာ magnetic spinning platter များကို အခြေခံထားတဲ့ HDD တွေကို အသုံးပြုခဲ့ကြပါတယ်။ သူတို့ဟာ spinning platter (သို့မဟုတ်) disk ပေါ်မှာ data တွေကို read လုပ်ဖို့နဲ့ write လုပ်ဖို့ လှုပ်ရှားနိုင်တဲ့ခေါင်းလေးတွေ အသုံးပြုခဲ့ ကြပါတယ်။ HDD များဟာ များစွာသော လှုပ်ရှားမှု အစိတ်အပိုင်းများနဲ့တည်ဆောက်ထားတာကြောင့် စက်ပိုင်း ဆိုင်ရာချို့ယွင်းမှုများဖြစ်လွယ်ခြင်းနှင့် အပူ၊ အအေး၊ လျှပ်စစ်ချို့ယွင်းမှုနဲ့ တုန်ခါမှုစသည့် ပတ်ဝန်းကျင် အကြောင်းအရာများကြောင့် ပျက်စီးတတ်ပါတယ်။
SSD များဟာ hard drive တွေရဲ့ပုံသဏ္ဍာန်ကန့်သတ်ချက်နဲ့ အရွယ်အစားအပေါ်မှာ အကျိုး သက်ရောက်မှုမရှိပါဘူး။ HDD platter များဟာ အဝိုင်းပုံသဏ္ဍာန်ဖြစ်တာကြောင့် data တွေကို access လုပ်တဲ့အခါမှာ အပြင်ဘက်အပိုင်းမှာရှိတဲ့ data တွေဟာ အတွင်းပိုင်းမှာရှိတဲ့ data တွေထက် ပိုမြန်မြန် access လုပ်နိုင်ပါတယ်။ SSD တစ်ခုမှာဆိုရင်တော့ data တွေကို drive ရဲ့ ဘယ်နေရာမှာပဲ သိမ်းထား သည်ဖြစ်ပါစေ တူညီတဲ့ အမြန်နှုန်းနဲ့ data တွေကို access လုပ်နိုင်တာကြောင့် data သိမ်းဆည်း ထားတဲ့နေရာဟာ ပြဿနာမဟုတ်တော့ပါဘူး။ HDD ဟာ data fragments (ပျက်စီးနေတဲ့ data များ) ကြောင့်လည်း စွမ်းဆောင်မှုတွေ ထိခိုက်ကျဆင်းပါတယ်။ အချိန်ကြာလာရင်တော့ သင့်ရဲ့ operating system က data တွေကို ပြန်လည်စီစဉ်ပေးမှာဖြစ်တာကြောင့် ပျက်စီးနေတဲ့ data (fragment file) တွေလည်း ဆက်ရှိတော့မှာမဟုတ်ပါဘူး။ SSD မှာတော့ ဒီလိုပြဿနာမျိုးကို သိသာထင်ရှားစွာ သက်ရောက်မှုမရှိပါဘူး။
အကျဉ်းချုပ်ရမယ်ဆိုရင်တော့ တကယ်လို့သင်ဟာ pictures, movies နဲ့ အခြားသော data မျိုးစုံကို သိမ်းဆည်းမှာဖြစ်ပြီး အဲဒီဟာတွေကို မကြာခဏအသုံးမပြုဘူးဆိုရင်တော့ HDD ဟာ အကောင်းဆုံးပါပဲ။ ဒါပေမယ့် သင့်အတွက် စွမ်းဆောင်နိုင်မှုနဲ့ အမြန်နှုန်းတွေက အရေးကြီးနေမယ်ဆိုရင်တော့ SSD က အကောင်းဆုံးရွေးချယ်မှုပါ။ အရင်တုန်းကတော့ SSD များဟာ HDD များထက် ကုန်ကျစရိတ် သိသာစွာမြင့်မားသော်လည်း SSD ထုတ်လုပ်ရေးများနဲ့ သိမ်းဆည်းနိုင်ပမာဏ တိုးမြင့်လာခြင်း တို့ကြောင့် ဈေးနှုန်းကွာခြားမှုဟာ ကျဆင်းလာခဲ့ပြီပဲ ဖြစ်ပါတယ်။