Home COOKING ဒညင်းသီး လုပ်စားနည်းအမျိုးမျိုး

ဒညင်းသီး လုပ်စားနည်းအမျိုးမျိုး

54
ဒညင်းသီးကြော်

ဒညင်းသီး နုနုထွတ်ထွတ်လေးတွေကို အခွံခွာပါ။ (တစ်ည ရေစိမ်ထားပြီးမှ အခွံနွှာရင် ပိုကောင်းပါတယ်။)အခွံနွှာပြီးရင် အိုးထဲကို ဆီ မနည်းမများလေး ထည့်ပါ။အခွံနွှာထားတဲ့ ဒညင်းသီး နုနုထွတ်ထွတ်လေးများ ထည့်ပါ။ ရေလေး ထမင်းစားဇွန်း ၂ ဇွန်းထည့်ပါ။ မီးပြင်းတိုက်မကြော်ပဲ မီးအားသင့်ရုံလေးနဲ့ လှော်ကြော်တဲ့ သဘော ကြော်ပါ။ ဆီပြန်လာရင် ရပါပြီ။

မှတ်ချက်။ ။မီးပြင်းတိုက်လို့ တအားကျက်သွားရင် အေးသွားတဲ့အခါ ဒညင်းသီးလေးတွေ ကျုံ့သွားပါတယ်။

ဒညင်းဝက်ကြော်

ဒညင်းဝက်တွေကို အခွံခွာပါ။ အိုးထဲကို ဆီ သင့်ရုံလေး ထည့်ပါ။ ရေ ( လဖက်ရည် ပန်းပန်လုံး ၁ လုံးစာ ) ထည့်ပါ။အခွံနွှာထားတဲ့ ဒညင်းဝက်များ ထည့်ပါ။ ဆား၊ သကြားအနဲငယ်၊ ဟင်းချိုမှုန့် ထည့်ပါ။ ဒညင်းဝက်တွေကြော်ရင် မီးပြင်းမတိုက်ပဲ မီးအားသင့်ရုံလေးနဲ့ အတွင်းသားပါအိပြီး ဆီပျံလာအောင် ကြော်ရပါတယ်။

၀က်သားဒညင်းသီးချက်

ဒညင်းသီးတွေပြုတ်ထားပါ။ (ပြားသွားအောင်ထုပြီးချက်လည်းရပါတယ်)။ ဝက်သား သို့မဟုတ် ဝက်နံရိုးတွေကို ဆား နနွင်း ပဲငန်ပြာရည်အနောက်ရည်တို့နဲ့နယ်ထားပါ။ ကြက်သွန်နီ ကြက်သွန်ဖြူ ဂျင်း ငရုတ်သီးတို့ကို ညက်အောင်ထောင်းပြီးဆီသပ်ပါ။ ကြက်သွန်တွေနွမ်းရင် ဝက်သားတွေထည့်၊ ရေထည့်၊ အချိုအငန်အရသာထည့်ပြီးချက်ပါ။ ဝက်သားတွေမနူးခင်မှာ ဒညင်းသီးတွေထည့်ပြီးချက်ပါ။ ဒညင်းသီးကိုဝက်ဆီနဲ့ကြာကြာလေးရောချက်တာက ပိုစားကောင်းပါတယ်။ ဆီပြန်ပြီဆိုရပါပြီ။

တညင်းသီးပုစွန်စုတ်ဖွားငါးပိချက် (တောချက်)

ပါဝင်ပစ္စည်းများ

  1. ပုစွန်စုတ်ဖွား – ၁၅ ကျပ်သား
  2. တညင်းသီးစေးစေး – ၁၀ လုံး
  3. ငါးပိရည်ကျိုပြီးသား – အကြမ်းပန်းကန်လုံး ၁ လုံး
  4. ကြက်သွန်နီ – ၁ ဥ
  5. ကြက်သွန်ဖြူဗမာဥ – ၃ ဥ
  6. နနွင်း – အနည်းငယ်
  7. ငရုတ်သီးစိမ်း (အစပ်စားနိုင်သလောက်)
  8. ငရုတ်အရောင်တင်မှုန့် – စားပွဲဇွန်း ၁/၂ ဇွန်း
  9. ဆီ – အကြမ်းပန်းကန်လုံး ၁ လုံး
  10. ဆား – အနည်းငယ်
ချက်နည်း

ပုစွန်စုတ်ဖွားတွေကို ရေဆေးသန့်စင်ထားပါ။ တညင်းသီးကို ပြုတ်သည့်အခါ ၃ ခါလောက် ရေလဲပြီး ပြုတ်ပါ။ နူးပြီးစေးလျှင် ထုပြားထားပါ။ ကြက်သွန်ဖြူ/နီကို ရောထောင်းထားပါ။ ဆီပူအိုးတည်ပြီး ကြက်သွန်ဖြူ/နီ ဆီသတ်ပါ။ မွှေးပြီးကြွပ်လာလျှင် ငရုတ်အရောင်တင်မှုန့်ထည့်ပါ။ ပုစွန်ခတ်ပါ။ ပုစွန်တွေ မွှေးလာလျှင် တညင်းသီးထည့်လုံးပါ။ ဆား ထည့်ပါ။ ငါးပိရည်လောင်းပါ။ ငရုတ်သီးစိမ်းအုပ်ပါ။ ခဏအဖုံးအုပ်တည်ပါ။ အပေါ့အငန်မြည်းပြီး အရည် စပ်စပ် ကျန်သည့်အနေထားဆို ရပါပြီရှင်။

#credit ပန်းခရေ

တညင်းသီးချက်

ကြက်သွန်နီ အဖြူထောင်းပြီး ဆီသတ်၊ ခရမ်းချဉ်သီးလေးထည့်ပြီး အိကြေအောင်ချေ၊ ပဲငန်ပြာရည် အရသာမှုန့်ထည့်ပြီး ရေနည်းနည်းထည့်ပွက်အောင်တည် ပြီးမှ တညင်းသီးလေးထုထည့်ပြီး ဆီပြန်အောင်ချက်ပါ။

ဒညင်းသီးဆားရည်စိမ်နှင့် ကြက်ခြေထောက်ချဉ်စပ်

ဒညင်းသီး၊ ကြက်ခြေထောက်နှင့် ငရုပ်သီးခြောက်အနည်းငယ်ကို ကြက်သွန်ဖြူ /နီထည့်ထောင်းထားပါ။ အိုးထဲဆီအနည်းငယ်ထည့်၍ နံနွင်းမှုန့်၊ အရောင်တင်မှုန့်အနည်းငယ် နှင့် ထောင်းထားသည့် ငရုတ်သီးထည့်ဆီသတ်ပြီး ကြက်ခြေထောက်နဲ့ ဒညင်းသီးထည့်လုံးပါ။ အိုးထဲသို့ ရေအသင့်အတင့်ထည့် ဆား/အချိုမှုန့် သံပုရာရည်မဟုတ်ရင် မန်ကျည်းသီးမှည့်ရည်အသင့်အတင့် ထည့်ချက်ပြီး နောက်ဆုံးတွင် ရှမ်းနံနံလေ ထည့်မွှေပါ။

ဒညင်းသီးပေါင်း ပြုလုပ်နည်း

ပါဝင်ပစ္စည်း

  1. ဒညင်းသီး ၃၀လုံး
  2. ကြက်သွန်နီ ၆ လုံး
  3. ကြက်သွန်ဖြူ ၁ လုံး
  4. ထန်းညက် ၃ လုံး
  5. ပုဇွန်ခြောက်မှုန့် ၅ ကျပ်သား
  6. cook နေကြာဆီ ၇ ကျပ်သား
  7. မြိတ်ငပိ ကွမ်းသီးလုံးခန့်
ချက်နည်း
  1. ဒညင်းသီးကို အခွံနွှာ ၊ ဇလုံ တခုထဲ ရေထည့် ၊ ဆား တဆုတ် ထည့်ထား။
  2. ဒညင်းကို ငြုပ်ဆုံထဲ တလုံးချင်း ထည့်ပြီး ၊ တဖက် တချက်စီ ထုပြီး ဆားရေ ထည့်ထားတဲ့ ဇလုံထဲ ထည့်ထားပါ။
  3. ကြက်သွန်ဖြူ/နီကို ဆနွင်း အနည်းငယ် ၊ ငြုပ်စိမ်းမှုန့် ထည့်ပြီး၊ ငြုပ်ဆုံတွင်ထည့် ၊ ညက်အောင် ထောင်းပါ။
  4. ဒယ်အိုး တလုံးထဲ ဆီထည့်ပါ။ ဆီပူ လာရင်ကြက်သွန်ဖြူ/နီ ထောင်းကိုဆီသတ်ပါ။
  5. နီရဲ ယလာရင် ငပိထည့် ၊ ထန်းလျက်ခဲထည့် ၊ ရေ အနည်းငယ် ထည့်ပြီး ၊ ငပိနံ့ပျောက်တဲ့အထိ မွှေပေးပါ။
  6. ဆီပြန် လာရင် ပုဇွန်ခြောက်မှုန့်ထည့်ပါ။
  7. ဆားရေ စိမ်ထားတဲ့ ဒညင်းသီးတွေကို ရေ ၃ ခါလောက် ဆေးပြီး ၊ ရေစစ် ထားပါ။
  8. ကြက်သွန် အနှစ် ဆီပြန် လာရင် ဒညင်းသီးတွေထည့် ၊ ရေထည့် ၊ အိုးအဖုံးအုပ်ပြီး ဒညင်းသီး နူးလာတဲ့အထိ
    ရေ အနည်းငယ်ချင်း ထည့်ပြီး တည်ပါ။
  9. ဒညင်းသီး နူးပြီး ဆီပြန် လာရင် အရသာ အပေါ့ အငန် မြည်းပြီး စားသုံးနိုင်ပါပြီ ။

ဒညင်းသီးက တခါတရံ အဆိပ်တောက် ဖြစ်စေတဲ့ အတွက် ထန်းလျက်ခဲ ထည့်ချက် ရတာပါ။
ဆား ၊ အရသာမှုန့်မထည့် လို့လည်း ရပါတယ်။ ငပိ ၊ ပုဇွန်ခြောက်နဲ့ ထန်းလျက်ခဲ ထည့်ထားတဲ့ အတွက်ပါ။
ဒညင်းသီးကို အလွယ်ပြုတ်ပြီး ထု၍ ချက်လို့လည်း ရပါတယ်။ ဒါပေမယ့် ခုလို အစိမ်း ချက်တာနဲ့ လုံးဝအရသာ မတူပါဘူး။

#credit: Win Thant Hlaing

ဝက်နံရိုးဒညင်းသီးချက်

ဒညင်းသီးတွေပြုတ်ထားပါ။ ပြားသွားအောင်ထုပြီးချက်လည်းရပါတယ်။ ၀က်သား သို့မဟုတ် ၀က်နံရိုးတွေကို ဆား နနွင်း ပဲငန်ပြာရည်အနောက်ရည်တို့နဲ့နယ်ထားပါ။ ကြက်သွန်နီ ကြက်သွန်ဖြူ ဂျင်း ငရုတ်သီးတို့ကို ညက်အောင်ထောင်းပြီးဆီသပ်ပါ။ မွှေးပြီးကြွပ်လာလျှင် ၀က်သားတွေထည့်၊ ရေထည့်၊ အချိုအငန်အရသာထည့်ပြီးချက်ပါ။ ၀က်သားတွေမနူးခင်မှာ ဒညင်းသီးတွေထည့်ပြီးချက်ပါ။ ဒညင်းသီးကို၀က်ဆီနဲ့ကြာကြာလေးရောချက်တာက ပိုစားကောင်းပါတယ်။ ဆီပြန်ပြီဆိုရပါပြီ။

ဒညင်းသီး မတက်အောင် အဆိပ်နည်းအောင်ပြုတ်နည်း

နည်း – 1

ဒညင်းသီး 100 ကို မီးဖိုပြာ လက်တဆုပ်ထည့် ပထမ တစ်ရေပြုတ်၊ မိနစ် 30 ပြီးရင် အဲ့ရေကိုသွန် အခွံကျွတ်လွယ်တယ် ။ နောက်တစ်ရေကို ဆန် လက်တဆုပ်ထည့် ဒုတိယတရေပြုတ် ၊ မိနစ် 30 ပြီးရင် အဲရေကိုသွန် အကျောမတက်ဖူး ပိုလည်းစီးတယ်။ နောက်ဆုံး တရေကို ထန်းလျက်(ထညက်) ခပ်သေးသေး ၃ လုံးထည့် ၂ နာရီလောက်ပြုတ်ပါ။ အိမအိကို အပ်လေး ဒါမှမဟုတ် သွားကြားထိုးတံနဲ့ ထိုးကြည့် လျှောကနဲ မဝင်ပဲ ဆတ်တပ်တပ်ဖြစ်နေရင် မအိသေးဘူး။

နည်း – 2

ဒညင်းသီးကို မပြုတ်ခင် ရေ 3 နာရီစိမ် ပထမတစ်ရေ မိနစ် 30 ပြုတ် သွန်ပြစ်။ ဒုတိယတစ်ရေ ပြုတ်တဲ့အခါ ဆား များများထည့်၊ သကြား 1 ဇွန်းထည့် ပြုတ်၊ အိ မအိ ကိုအပေါ်ကလို စမ်းကြည့်။

ဒညင်းသီးအုန်းနို့ဆမ်း

ဒညင်းသီးကိုပြုတ် ပြီးရင် အပြားလေးဖြစ်အောင် ငရုတ်ကျဉ်ပွေ့လေးနဲ့ပတ်ပတ်လည် အသာလေးထုပေးရမယ်။ အုန်းနို့စမ်းအတွက် အုန်းသီးကိုရေညှစ် ထွက်လာတဲ့ အုန်းနို့တွေကို ဆားသကြားထည့်ပြီး ပျစ်ပျစ်လေးရသည်အထိကြိုပေးပါ။ စိတ်ကြိုက်အနေထားရပြီဆို ဒညင်းပေါ်အုန်းနို့စမ်းပြီး စားလို့ရပြီ။

ဒညင်းသီးအစပ်ကြော်

ဒညင်းသီးကိုပြုတ်ပီးလှီးထားပါ။ ကြက်သွန်ဖြူ၊အနီငရုပ်သီးစိမ်ထောင်းထားပါ။ ဆီပူရင်ထောင်းထားတာထည့်မယ်ဆီသတ်ပါ။ လှီးထားတဲ့ဒညင်းသီးကိုထည့်ပါ။ အရသာမှုန့်၊ခရုဆီ၊ငံပြာရည်လေးနည်းနည်းထည့်ပါ။ ချခါနီးငရုပ်သီးအကျက်မှုန့်ထည့်ပေးပီးရင်တော့စားလို့ရပါပီ။

တညင်းသီး လက်ဖက်သုပ်

တညင်းသီးပြုတ်ကို ပါးပါးလှီး၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ငရုတ်သီးပါးပါးလှီးထည့်ပါ။ နှစ်ပြန်ကြော်နှင့် လက်ဖက်လေးတို့ကို ရောသုပ်ပြီး သုံးဆောင်နိုင်ပါပြီ။

Credit နန်းချောစုလှိုင်

ဒညင်းသီး မြေပဲဆံထောင်း

တညင်းသီးကို မီးသွေးခဲလေးထည့်ပြီးပြုတ်။ ရေကိုလေးငါးကြိမ် သွန်ပစ်ပြီးပြုတ်ပါ။ ကျက်လာရင် အလယ်က အဆံလေးပစ်ပြီး ငရုတ်ဆုံထဲ ပြားအောင်ထုပါ။ မြေပဲဆံလေးထောင်းထည့် အရသာမှုန့်နယ် ဆီဆမ်းပြီးသုပ်ပါ။

Credit နန်းချောစုလှိုင်

ဝက်ဒညင်းနှပ်

ဒညင်းသီးပြုတ်ကို နည်းနည်းထု ဆားနယ်ထားပါ။ ဝက်သားကို ခါတိုင်းချက်သလိုပဲ လုံးထား၍ ဝက်သားဆီနည်းနည်းပြန်ပြီဆိုရင် ဒညင်းသီး ထည့်ပြီးလုံးချက်ပါ။ ဆီပြန်လျှင် ရေအနေတော်ထည့် မီးအေးအေးနဲ့ ကြာကြာတည်ရပါမည်။ ဝက်သားအရာသာတွေက ဒညင်းသီးထဲ အိဝင်သွားပါမည်။

ဒညင်းသီး ပုဇွန်ခြောက် အစပ်ကြော်

ဒညင်းသီးပြုတ်ထားပြီးပါးပါးလှီးပြီး ငြုပ်သီးစိမ်းနဲ့ ခွဲခြမ်းရောထောင်းထားပါ။ မန်ကျည်းသီးမှည့်ရေစိမ်ထား(အနည်းငယ်)၊ ပုဇွန်ခြောက်ရေစိမ်ထား၍ ဆီသတ်ပါ။ ဆီပူလာရင် နနွင်းမှုန့်ထည့် ကြက်သွန် ဖြူ၊နီ ပါးပါးလှီးဆီသတ် ငြုပ်သီးထောင်းထားတာထည့် ပုဇွန်ခြောက်ရေစိမ်ထားတာထည့်ပါ။ ငံပြာရည် စတီးဇွန်းနဲ့တစ်ဇွန်းထည့်ပါ။ ဆီလိမ့်နေအောင်သတ်ပြီး ဒညင်းသီး လှီးထားသည်များထည့်ပါ။ အရသာမှုန့် များထည့်ပါ။ ထန်းလျက်ခဲ အဖြူ တစ်ခဲထည့်၊ မန်ကျည်းသီးမှည့် ရေနယ်ပြီး အနည်းငယ်ထည့်။ ပြီးရင်မွှေပေးပြီး အဖုံးအုပ်ထားလိုက်ပါ။ ရေခမ်းပြီးဆီပြန်လာရင် သုံးဆောင်လို့ရပါပြီ။