ကားဘရိတ်ဆိုတာ ကားတစ်စီးအတွက် ဘယ်လောက်အရေးပါမှန်း ကားမောင်းတဲ့သူတိုင်းသိကြပါတယ်။ ဟိုးအရင် ခေတ်ဟောင်းကား စနစ်တွေမှာ ကားဘရိတ်ပေါက်လို့ ယာဉ်တိုက်မှုအန္တရာယ်ဖြစ်ရတာတွေ အများကြီးကြုံဖူးကြမှာပါ။ အခုခေတ်မှာတော့ ကားရဲ့ ဘရိတ်စနစ်တွေကို ခေတ်မီပြီး အန္တရာယ်နည်းနိုင်သမျှနည်းအောင် လုံခြုံစိတ်ချရတဲ့ ဘရိတ်စနစ်တွေကို အသုံးပြုနေကြပါပြီ။ သို့ပေမဲ့ ခေတ်မီကား ဘရိတ်စနစ်တွေမှာလည်း အားနည်းချက် အားသာချက်တွေရှိတာကြောင့် ကားဘရိတ်နဲ့ ပတ်သက်တဲ့ အစိတ်အပိုင်းတွေကို ဘယ်လိုပြုပြင်ထိန်းသိမ်ရမယ်ဆိုတာ သိစေဖို့ ကားဘရိတ်ပြဿနာများကို တင်ပြလိုက်ရပါတယ်။
ကျနော်တို့ လက်ရှိကားတွေမှာအသုံးပြုနေတဲ့ ဘရိတ်စနစ်တွေကို Power Brake System လို့ခေါ်ပါတယ်။ ဒီ Power Brake စနစ်က Hydraulic ဆိုတဲ့ ဆီစနစ် (ဘရိတ်ဆီ) ကို သုံးပြီး ကားမောင်းတဲ့သူကို ပိုမိုလွယ်လွယ်ကူကူ ဘရိတ်ဖမ်းနိုင်အောင် ကူညီပေးတာကို ခေါ်တာပါ။ ဟိုးအရင် ခေတ်ဟောင်း ဘရိတ်စနစ်တွေလို ကားမောင်းသူက ဘရိတ်မိအောင် ကားရပ်အောင် အင်နဲ့အားနဲ့ အတင်းဖိနင်းစရာမလိုဘဲ၊ အားနည်းနည်းနဲ့ ဘရိတ်များများ မိအောင် ကားရပ်အောင် ဘရိတ်ဖမ်းပေးနိုင်တဲ့စနစ်ကို ခေါ်ဆိုတာပါ။
ကျနော်တို့ လက်ရှိခေတ်မီကားတွေမှာ အသုံးပြုနေတဲ့ ဘရိတ် ၂ မျိုးက Disc Brake Type နဲ့ Drum Brake Type တို့ဖြစ်ပါတယ်။ ကားတော်များများမှာတော့ ရှေ့ဘရိတ်ကို Disc Brake Type အသုံးများပြီး နောက်ဘရိတ်ကိုတော့ Drum Brake Type အသုံးပြုကြတာများပါတယ်။ ရှေ့နောက် Disc Brake Type တွေပဲ သုံးတဲ့ကား၊ ရှေ့နောက် Drum Brake Type တွေပဲ အသုံးပြုတာမျိုးတွေလည်းရှိတတ်ပါတယ်။
ဘရိတ်စနစ်တွင် ပါဝင်သော ပစ္စည်းများ
- Master Cylinder (ဘရိတ်ဆုံ) : ဘရိတ်ဆုံလို့ ကားလောကမှ အခေါ်များတဲ့ Master Cylinder ကတော့ ဘရိတ်စနစ်ရဲ့အဓိက အရေးပါတဲ့ အစိတ်အပိုင်းလို့ခေါ်ဆိုနိုင်ပါတယ်။ ဒီ Master Cylinder မှာ ရှေ့နောက် ဘရိတ်လေးဖက်ကို သွားမယ့် ဘရိတ်ပိုက်တွေကို တပ်ဆင်ထားလေ့ရှိပြီး ဘရိတ်နင်းလိုက်တဲ့အခါမှာ ဘရိတ်ဆီတွေကို ဘယ်လောက်တွန်းအား ဖိအားပေးရမယ်ဆိုတာကို အဓိကလုပ်ဆောင်ပေးတဲ့ အရာပါ။ ဖိအားများများပေးနိုင်လေလေ ဘရိတ်ကို မြန်မြန်ဆန်ဆန် ဖမ်းနိုင်ထိန်းနိုင်လေလေပါပဲ။
- Disc Brake : ဒီဘရိတ်ကိုတော့ Disc ဘရိတ်လို့ပဲ ကားလောကမှာ အခေါ်များပြီး ကားရှေ့ဘီးနှစ်ဖက်မှာရှိတဲ့ လည်ပတ်နေတဲ့ ဘရိတ်ဒစ်ပြားဘေးမှာ တပ်ဆင်လို့ Disc Brake လို့ခေါ်ဝေါ်ကြတာပါ။ ကားဘရိတ်ကို နင်းလိုက်တဲ့အချိန်မှာ Brake Disc မှာတပ်ဆင်ထားတဲ့ Brake Pad (or) Caliper တွေက ဘရိတ်ဒစ်ပြားကို ဖမ်းညှပ်ပေးလိုက်ခြင်းဖြင့် ကားအရှိန်လျော့ကျသွားအောင်၊ ရပ်တန့်သွားအောင် လုပ်ဆောင်ပေးတာပါ။ နောက်ပိုင်းမော်ဒယ်မြင့်ကားတွေမှာ ရှေ့နောက်နှစ်ခုစလုံး Disc Brake တွေကိုပဲ အသုံးပြုတာ များလာပါတယ်။
- Drum Brake : ဒီဘရိတ်ကိုတော့ Drum ဘရိတ်လို့ပဲ ကားလောကမှာ အခေါ်များပါတယ်။ Drum ဆိုတဲ့ အဝိုင်းပုံအိမ်ထဲမှာ Brake Shoe တွေ Brake Pad တွေကို ထည့်ထားတာမျိုးပါ။ အပြင်က မမြင်ရနိုင်ဘဲ ဘရိတ်နင်းလိုက်တဲ့အခါမှာ အတွင်းမှာ ရှိတဲ့ ဘရိတ်ရှူးသားတွေအပြင်ကို တွန်းကန်ထွက်ပြီး သူ့ကို ဖုံးအုပ်ထားတဲ့ Drum အတွင်းမျက်နှာပြင်တွေကို တွန်းကန်ခြင်းအားဖြင့် ဘရိတ်ဖမ်းတာမျိုးပါ။
- Brake Pad and Brake Shoe :
ဒါကတော့ ဘရိတ်ဖမ်းတဲ့နေရာမှာ ဖမ်းချင်ထိန်းချုပ်ချင်တဲ့ လည်နေတဲ့ အစိတ်အပိုင်းတွေကို အဓိက သွားရောက်ထိန်းချုပ်ရတဲ့ ပစ္စည်းတွေပါ။ ကျနော်တို့ မြန်မာနိုင်ငံက ကားလောကမှာတော့ ရှေ့ရောနောက်ရောမှာရှိတဲ့ Brake Pad တွေ Caliper တွေကို ဘရိတ်ရှူးလို့ပဲ ခေါ်ပါတယ်။ ဘရိတ်ရှူးပါးနေပြီ၊ ဘရိတ်ရှူးကုန်နေပြီ၊ ဘရိတ်ရှူးလဲရတော့မယ် လို့ပဲပြောကြပါတယ်။ - Brake Booster (ဆာဗိုဘရိတ်) : ဒီ Brake Booster ကိုတော့ ဆာဗိုလို့ ကားလောကမှာ အခေါ်များပါတယ်။ ဘရိတ်ဆုံနောက်မှာရှိတဲ့ အမည်းရောင်အဝိုင်းကြီးကိုခေါ်တာပါ။ ဒီကောင်ရဲ့ အဓိက လုပ်ဆောင်ချက်က Brake Pedal ကို နင်းလိုက်တဲ့အားကို ပိုမိုများအောင် လုပ်ပေးတဲ့အရာပါ။ ဒီကောင်မှာ လေဆွဲနိုင်တဲ့ Diaphragm ပါဝင်ပြီး ဘရိတ်ကို ဖြည်းဖြည်းလေးနင်းလိုက်တာနဲ့ ဘရိတ်ဆုံကို ဖိအားအများကြီးရောက်အောင် ကူတွန်းပေးတဲ့ကောင်လို့ မှတ်ယူနိုင်ပါတယ်။
- Anti-Lock Brake Sensors (ABS Sensors) : ဒီကောင်လေးတွေကို ABS sensors တွေလို့ ခေါ်ဝေါ်ကြပြီး ကားရဲ့ရှေ့နောက်နှစ်ခုစလုံးမှာ ပါဝင်ပါတယ်။ ဒီကောင်လေးတွေက ကားရဲ့ လည်ပတ်နေတဲ့ Speed ကို ABS Module ကပို့ပေးပြီး ABS Module ကနေတစ်ဆင့် Engine Control Unit တွေဆီပို့ပေးကာ အရှိန်နဲ့မောင်းနှင်နေချိန် ရုတ်တရက်ဘရိတ်အုပ်မိပါကာ ကားစတီယာရင်တွေကို Lock မဖြစ်ဘဲ ကွေ့နိုင်ခေါက်နိုင်အောင်လုပ်ဆောင်ပေးတဲ့ စနစ်မှာပါဝင်တာပါ။
- Brake Line : ဒီ Brake Line တွေကိုတော့ ဘရိတ်ပိုက်လို့ ခေါ်ဝေါ်ကြပြီး ဘရိတ်ဆုံရယ် ဘရိတ်ရှူးတွေမှာရှိတဲ့ Cylinder တွေရယ်ချိတ်ဆက်ထားပြီး ဘရိတ်ဆီတွေ သယ်ယူပို့ဆောင်တာကို လုပ်ဆောင်ပေးတဲ့ အဓိက ပိုက်လိုင်းတွေပါ။
ကျနော်တို့ လက်ရှိကားလောမှာ အဖြစ်များဆုံးသော ကားဘရိတ်နဲ့ဆိုင်တဲ့ ပြဿနာတွေကတော့
- Brake Pad (or) Caliper : ဘရိတ်ရှူးပါးတာ၊ ဘရိတ်ရှူးကုန်တာက ကျနော်တို့ကားလောကမှာ အဖြစ်များဆုံးဘရိတ်ပြဿနာပါ။ ဘရိတ်ရှူးဆိုတာကတော့ ကားမောင်းမယ် ဘရိတ်နင်းမယ်ဆို ကုန်မှာပါပဲ။ ဒါက ပြဿနာမဟုတ်ပါဘူး။ ပြဿနာက ဘရိတ်ရှူးတွေကို ပုံမှန်မစစ်ဆေးမပြုပြင်ဘဲ ဘရိတ်ရှူးပါးလာတာကိုပါ မသိ၊ ဘရိတ်အသားလုံး၀ ကုန်သွားပြီး အောက်က သံပြားပေါ်တဲ့ အထိ မောင်းကြတာက ပြဿနာပါ။ ပုံမှန် အော်ရဂျင်နယ် ဘရိတ်ရှူးသားတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက က Km 60,000 ၊ 70,000 အစရှိသဖြင့် အာမခံပေးကြပေမဲ့ မြန်မာနိုင်ငံမှာတော့ ရန်ကုန်မြို့တွင်းလို ဘရိတ်အသုံးများတဲ့ကားတွေဆိုရင် အနည်းဆုံး ၆ လ တစ်ကြိမ်လောက် ဘရိတ်ရှူးကို စစ်ဆေးသင့်ပါတယ်။ ဘရိတ်ရှူးကုန်လာပြီဆိုရင် ဘရိတ်ရှူးမှာပါတဲ့ သံချောင်းလေးနဲ့ ဘရိတ် Disc နဲ့ ခြစ်မိတဲ့အသံ ‘ဂျိဂျိဂျိ’ ဆိုတာမျိုးကြားရတတ်ပါတယ်။ အဲဒီလိုကြားရအောင်လည်း ဘရိတ်ရှူးတွေမှာ အဲဒီသံချောင်းလေးထည့်ပေးထားတာပါ။ အဲဒါကို သတိမထားဘဲ မောင်းမယ်ဆိုရင်တော့ ဘရိတ်သံပြားနဲ့ Brake Disc , Brake Drum တွေပွတ်တိုက်မိပြီး အခြစ်ရာ အဆင်းရာတွေ ထင်ကုန်မှာပါ။ ဒီလိုဆိုရင်တော့ Disc တွေ Drum တွေကို အသစ် လဲတန်လဲ၊ ပြန်လည် သတန်သ ပြီးအသုံးပြုရမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Disc Brake Pad တွေအကုန်မြန်ပြီး Drum Brake Pad တွေကအစားသက်သာပါတယ်။
- Brake Piston တွေ ဂျမ်းဖြစ်တာ : ဒီကောင်တွေကလည်း အဖြစ်များပါတယ်။ အဖြစ်များရတဲ့ အကြောင်းက ဘရိတ် Piston တွေကို Cover လုပ်ပေးထားတဲ့ ဘရိတ်သဲကာတွေပေါက်တာကနေ ဖုန်တွေ သဲတွေဝင်ပြီး သံကြေးကိုက်ပြီး ဘရိတ် Piston တွေ မကစားတော့ဘဲ ဂျမ်းဖြစ်သွားတာမျိုးပါ။ ဒီလိုမျိုး ဘရိတ် Piston တွေ ဂျမ်းဖြစ်သွားတယ်ဆိုရင် ဘရိတ်နင်းလိုက်ပြီး ဘရိတ်ပြန်လွှတ်လိုက်တဲ့ အခါ ဘရိတ် Piston တွေက နောက်ကို မပြန်တော့ဘဲ ဘရိတ်ကို ဆက်ဖမ်းထားတာမို့ ဘရိတ်နင်းပြီးကားမောင်းနေသလို ဖြစ်နေမှာပါ။ ဒီလိုဖြစ်လာတာမျိုးဆိုရင် ကားခဏလေးမောင်းပြီး ကားဘီးခွေတွေကို စမ်းကြည့်လိုက် ဘီးခွေတွေ အရမ်းပူနေတာမျိုး ကြုံရမှာပါ။ တချို့ အခြေအနေ ဆိုးဆိုးရွားရွား ဂျမ်းဖြစ်သွားတာမျိုးဆိုရင် ကားဘီးကို ရေလောင်းလိုက်ရင် အငွေ့တထောင်းထောင်းထနေတာမျိုး မြင်တွေ့ရမှာပါ။ အဲဒါမျိုးဆိုရင်တော့ Brake Piston တွေကို ဖြုတ်စစ်ဆေးပြီး လိုအပ်ရင် အသစ်လဲလှယ်ပေးရမှာပါ။ သဲကာတွေ ပေါက်နေတာမြင်ရင်လည်း Piston တွေ ဂျမ်းမဖြစ်အောင် အမြန်လဲလှယ်ရမှာပဲဖြစ်ပါတယ်။
- Brake Piston Oil Seal ပေါက်တာ : ဒီရှေ့နောက် Brake Piston Oil Seal တွေကို ဘရိတ်ဝါရှာလို့ ခေါ်ကြပြီး ဒီကောင်တွေပေါက်တာမျိုးကလည်း မကြာခဏတွေကြုံရတဲ့ ဘရိတ်ပြဿနာပါ။ ဒီကောင်တွေပျက်စီးရခြင်းအကြောင်းရင်းကလည်း သက်တမ်းကြာရှည်တာမျိုး၊ အပေါ်မှာပြောခဲ့သလို သဲကာတွေပေါက်ပြီး ဖုန်နဲ့ အညစ်အကြေးတွေဝင်လို့ Piston နံရံတွေပွန်းစားရာကနေ ဝါရှာတွေပါ စားကုန်ပြီး ဘရိတ်ဆီတွေကို မထိန်းနိုင်တော့ဘဲ ယိုစိမ့်ထွက်တာမျိုးကို ဘရိတ်ပေါက်တယ်လို့ခေါ်ကြတာပါ။ တချို့ ဘရိတ်ရှူးအသစ်လဲလှယ်တဲ့အခါမျိုး၊ ဘရိတ် Piston တွေကိုတွန်းတဲ့ဆွဲတဲ့ အခါမျိုးမှာ အထိုင်မကျ မကျွမ်းကျင်ရင်လည်း ဘရိတ်ဝါရှာတွေ ခေါက်တာ ပျက်စီးတာ ဖြစ်တတ်ပြီး ဘရိတ်ဆီတွေယိုစိမ့်တတ်ပါတယ်။
- Brake Pin တွေ ဂျမ်းဖြစ်တာ (ဝါ) ချောင်တာ : ဘရိတ်ရှူးတွေ၊ ဘရိတ် Piston ရှေ့နောက်ကစားနိုင်အောင် ဘရိတ်ဆုံနဲ့ ဘရိတ် Pin တွေကနေ အထိုင်ချထိန်းပေးထားပါတယ်။ အဲဒီကောင်တွေ ဂျမ်းဖြစ်သွားရင် အပေါ်မှာပြောခဲ့သလို ဘရိတ် Piston တွေ ဂျမ်းဖြစ်သလို ဖြစ်တတ်ပါတယ်။ နောက် ဒီ ဘရိတ်ပင်တွေ ချောင်သွားရင်တော့ ကားမောင်းတဲ့အခါ ဘရိတ်နင်းလိုက်တဲ့အခါ ‘ဂုတ် ဂုတ် ဂုတ်’ ဆိုတာမျိုး ဘရိတ်ကနေ အသံထွက်တတ်ပါတယ်။ ကားအောက်ပိုင်းပြုပြင်သူအများစုကတော့ ဘရိတ်ပင်တွေကြပ်ရင် ဖြုတ်ဆေးကြော ဘရိတ် Pin ကာဗာတွေလဲတတ်ကြပြီး ချောင်တာမျိုးဆိုရင်တော့ ဘီယာဘူးခွံတွေဖြတ်ပြီး အသံပျောက်အောင် ချောင်တာပျောက်အောင်ထည့်ကြပါတယ်။ ဒါပေမဲ့ ဒါဟာ ရေရှည်တော့ ကောင်းမွန်မှာမဟုတ်ပါဘူး။ မတော်တဆ ဘရိတ် Pin တွေကိုဂျမ်းဖြစ်ပြီး ကားမောင်းမရတာမျိုး ဘရိတ်ဖမ်းထားသလိုဖြစ်တာမျိုးတွေ ကြုံရနိုင်ပါတယ်။
- Master Cylinder ( အပေါ်ဘရိတ်ဆုံ) : ဒီကောင်မှာလည်း Piston နဲ့ Oil Seal တွေပါဝင်တာမို့ အပျက်များပါတယ်။ ဒီကောင်တွေဖြစ်တတ်တာကလည်း ဘရိတ်ဆီကို ကာလကြာရှည်အသုံးပြုတာများပြီး မလဲပေးတာကြောင့် ဘရိတ်ဆီထဲ Moisture ဆိုတဲ့ရေငွေ့တွေပါဝင်လာပြီး ဘရိတ်ဆုံ Piston အတွင်းနံရံတွေပွန်းစားကုန်ပါတယ်။ ဒီလိုပွန်းစားနေတဲ့ နံရံတွေကို ပွတ်တိုက်ရတဲ့ ဘရိတ်ဝါရှာနှုတ်ခမ်းတွေ အကုန်စုတ်ပြဲကုန်ပြီး ဆီတွေကို Pressure နဲ့ မတွန်းနိုင်တော့လို့ ဘရိတ်နင်းလိုက်တဲ့အခါ ပျော့၊ ရှောဖြစ်ပြီး ဘရိတ်မမိတော့ပါဘူး။ ဒီလိုအခါမျိုးမှာဆိုရင်တော့ Master Cylinder ကိုဖြုတ်စစ်ဆေးပြီး အတွင်းနံရံတွေကို ကော်ပတ်စားလို့ရနိုင်ရင်စား ဒါမှမဟုတ် ဝါရှာအသစ်လဲသုံးနိုင်သလို၊ ဘယ်လိုမှ အသုံးပြုလို့ အဆင်မပြေတော့ရင်ဖြင့် အသစ်လဲလည်ပေးရမှာပါ။ ဒီဘရိတ်ဆုံတွေ စားရတဲ့ အကြောင်းရင်းက ဘရိတ်ဆီကို ပုံမှန်မစစ်ဆေး မလဲလှယ်ဘဲ နှစ်ပေါင်းများစွာ အသုံးပြုလို့ဖြစ်ပါတယ်။
- Brake Booster (ဆာဗိုမကောင်းတာ) : အပေါ်မှာရှင်းပြခဲ့သလို ဘရိတ်ဆာဗိုကတော့ ဘရိတ်နင်းလိုက်တဲ့အချိန်မှာ ခြေထောက်ကနေ အတင်းနင်းစရာမလိုဘဲ နည်းနည်းလေးနင်းလိုက်တာနဲ့ ဖိအားများများရအောင်ကူညီပေးတဲ့ကောင်ပါ။ ဒီကောင်မကောင်းတော့ရင်တော့ ဘရိတ်နင်းရတာ မာပြီး ဘရိတ်မမိတာမျိုးတွေဖြစ်ပါတယ်။ ဒီကောင်တွေကို ပြုပြင်တာထက် အသစ်လဲသုံးတာမျိုးက စိတ်အချရဆုံးနဲ့ အကောင်းဆုံးပါ။
- ဘရိတ်ဆီထဲလေခိုတာ : ကျနော်တို့ ဘရိတ်စနစ်တစ်ခုလုံးက Hydraulic System ဆိုတဲ့ ဘရိတ်ဆီကို ဖိအားနဲ့ အလုပ်လုပ်တဲ့ စနစ်ပါ။ ဒါကြောင့် ဒီဘရိတ်စနစ်ထဲမှာ လေခိုတာမျိုးလေဝင်နေတာမျိုးဆို ဘရိတ်ကောင်းကောင်းမမိနိုင်ပါ။ ဒါကြောင့် ဘရိတ်ရှူးအသစ်လဲလို့ဖြစ်စေ၊ ဘရိတ် Piston တွေလဲလို့ဖြစ်စေ၊ ဘရိတ် Master Cylinder တွေလဲလို့ဖြစ်စေ၊ ဘရိတ်လိုင်းထဲက လေတွေကို ချူထုတ်ပေးရပါတယ်။ ခေတ်မီမော်ဒယ်မြင့်ကားတွေမှာတော့ Scan Tool တွေမှာပါတဲ့ Special Function တွေထဲက Air Bleeding ကိုသုံးပြီး လေချူထုတ်ပေးရမှာပါ။ အဲဒီလိုမဟုတ်ရင်တော့ လေခိုနေတဲ့ ဘရိတ်က ဘရိတ်နင်းလိုက်တဲ့အချိန် ပျော့ကျသွားပြီး ဘရိတ်မမိတာမျိုးတွေဖြစ်နိုင်ပါတယ်။
- ABS Sensor နဲ့ ဆက်စပ်ပစ္စည်းတွေပျက်စီးတာ : ဒါကတော့အခုနောက်ပိုင်း မော်ဒယ်မြင့် နည်းပညာမြင့်ကားတွေမှာ အဖြစ်များပါတယ်။ ဒီ ABS နဲ့ ဆိုင်တဲ့ ပြဿနာတွေ ဖြစ်လာရင်တော့ ကားဒိုင်ခွက်ထဲမှာ ABS မီး လင်းလာတတ်ပါတယ်။ ဒီလိုဆိုရင်တော့ Diagnostic Scanner တွေနဲ့ စစ်ဆေးပြီး လိုအပ်တဲ့အပိုင်းတွေကို ပြုပြင်ရမှာဖြစ်ပါတယ်။ ဒီလို ABS မီးလင်းလာလည်း ချက်ခြင်းတော့ အန္တရာယ်မရှိပါဘူး။ ဒီကောင်က အရှိန်နဲ့ မောင်းနေချိန် ရုတ်တရက် ဘရိတ်ဖမ်းအုပ်လိုက်တဲ့အချိန်မျိုးမှာသာ အလုပ်လုပ်တာမို့ သာမာန်ရိုးရိုး ဘရိတ်စနစ်တွေ အလုပ်လုပ်နေပါသေးတယ်။
ဒီအချက်တွေက ကျနော်တို့လက်ရှိအသုံးပြုနေတဲ့ ကားတွေမှာ အဖြစ်များဆုံး ဘရိတ်ပြဿနာတွေပါ။ ဒီအချက်တွေထဲက တစ်မျိုးချင်းဖြစ်နိုင်သလို စုပေါင်းပြီးဖြစ်တာမျိုးတွေလည်းရှိပါတယ်။ ကားဘရိတ်ဟာ ကားတစ်စီးအတွက် ဘယ်လောက် အရေးပါသလဲဆိုတာ ကားမောင်းတဲ့သူတိုင်း သိကြတာမို့ အမြဲစစ်ဆေးပြုပြင်ထိန်းသိမ်းနေမှ အရေးကြုံလာတဲ့အခါ အန္တရာယ်ကင်း ဘေးရှင်းနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကားဘရိတ်ပိုင်းတွေကို ခေတ်မီဝပ်ရှော့တွေမှာ ၆ လ တစ်ကြိမ်လောက် အနည်းဆုံး စစ်ဆေးပြုပြင်ခြင်းအားဖြင့် စိတ်ချလက်ချနဲ့ အန္တရာယ်ကင်းကင်း မောင်းနိုင်မှာဖြစ်ပါတယ်လို့ အကြုံပြုတင်ပြလိုက်ရပါတယ်။
စာဖတ်သူ မိတ်ဆွေ ညီအစ်ကိုမောင်နှမအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝပြီး အန္တရာယ်ကင်းဘေးရှင်းနိုင်ကြပါစေ။
Credit :LYNN ZA NEE (P.T.U)