Gout ဆိုတာ အဆစ်ရောင်ခြင်း ( Arthritis) တစ်မျိုးဖြစ်ပြီး ဘာလက္ခဏာမှ ရေရေရာရာ မပြပဲ ညသန်းခေါင်လောက်မှာမှ အသည်းအသန် နာကျင်မှု ဝေဒနာကို ထပြီးခံစားရတဲ့ ပုံစံမျိုးပါ။ အများဆုံးဖြစ်တဲ့ နေရာတွေကတော့ ခြေမ ဖြစ်ပြီး အခြားသောအဆစ်များ၊ ဒူးဆစ်၊ ခြေကျင်းဝတ်၊ တံတောင်ဆစ်၊ လက်မ စတဲ့ နေရာတွေမှာလဲ ဖြစ်ပွားတတ်ပါတယ်။ Gout ရောဂါဟာ ယောကျာ်းတွေမှာ ပိုမိုအဖြစ်များပြီး သူရဲ့နာကျင်မှုဟာ အတော်လေးဆိုးဝါးပါတယ်။ (ဆွဲဖြဲသလိုခံစားရတယ်လို့ ဆိုပါတယ်)။

(၁) Gout ရောဂါက ဘာကြောင့်ဖြစ်တာလဲ။

အဓိကတရားခံကတော့ အကြောင်းအမျိုးမျိုးကြောင့် သွေးထဲမှာ ယူရစ်အက်စစ် (uric acid) များပြား လာခြင်းက Gout ရောဂါကို ဖြစ်စေပါတယ်။ Uric acid ကို ကျွန်တော်တို့ ကိုယ်ခန္ဒာကလဲ ထုတ်သလို အစားအသောက်ကလဲ ရရှိပါတယ်။ ပုံမှန်အားဖြင့် ကျွန်တော်တို့ ကိုယ်ခန္ဒာမှ ထုတ်လုပ်သော uric acid ကို ကျောက်ကပ်မှ ဆီးထဲကို စွန့်ထုတ်ပေးပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သွေးထဲမှာ uric acid တွေ အလွန်များလာတဲ့ အခါမှတော့ ကျောက်ကပ်က မစွန့်ထုတ်ပေးနိုင်တော့ပဲ ယင်း uric acid များဟာ ကျောက်များ (crystal) များအဖြစ် အဆစ်တွေ၊ အရွတ်တွေမှာ အနည်ကျပြီး အလွန်တရာ ရောင်ရမ်းနာကျင် ခြင်းကို ခံစားရပါတော့တယ်။ Gout ရောဂါကို ဖြစ်ပွားစေတဲ့အရာများစွာရှိပေမယ့် ဘီယာအလွန် အကျွံသောက်သုံးသူများ၊ အဝလွန်သူများ၊ အစားကြူးသူများ၊ သွေးတိုးဆီးချိုရှိသူများ၊ မိဘမျိုးရိုးရှိသူတွေမှာ ပိုမိုဖြစ်ပွားလေ့ရှိပါတယ်။

(၂) ကျွန်တော်တို့ နေ့စဉ်စားနေတဲ့ ဘယ်အစားအသောက်တွေမှာ uric acid တွေ များစွာပါဝင်လဲ။

အသားများ၊၊ ကြက်သား၊ ဘဲသားများ၊ ပင်လယ်စာများ၊ အရက်ဘီယာ၊ အဆီများသော အစားအစာများ၊ အချို့သော အသီးအနှံများ (ဥပမာ မှို၊ ပဲတီစိမ်း၊ ဂေါ်ဖီပန်း၊ ဟင်းနုနွယ်၊ ငှက်ပျောသီး၊ ထောပတ်သီး၊ ပန်းသီး) စတဲ့ အသီးအနှံတွေမှာ purine ဆိုတဲ့ ဓာတ်ပါဝင်မှုနှုန်းမြင့်မားပြီး ဒီဓာတ်ကနေ uric acid ကို ဖြစ်ပွားစေ ပါတယ်။ ဒီလိုပြောလို့ ဒါတွေသာ ရှောင်ရင် ဘာမှစားစရာမရှိတော့ဘူးလို့ ပြောစရာရှိပါတယ်။ ပြောချင်တာက ရှောင်တာမဟုတ်ပဲ အတိုင်းအတာနဲ့ ဆင်ခြင်စားသုံးဖို့ဖြစ်ပါတယ်။

(၃) Gout ရောဂါလက္ခဏာတွေကဘာတွေလဲ။

  • ညသန်းခေါင် (သို့) မနက်မိုးလင်းခါနီးမှာ အဆစ်တစ်ခုခုမှ ရုတ်တရက် အလွန်တရာ ကိုက်ခဲနာ ကျင်ခြင်း
  • နာနေသည့် အဆစ်ကို ကြည့်လျှင် နီမြန်နေခြင်း၊ ကိုင်ကြည့်လျှင် အခြားနေရာထက်နွေးနေခြင်း
  • လှုပ်ရှားရန်ခက်ခဲခြင်း စတာတွေကတော့ Gout ရောဂါမှာ တွေ့ရအများဆုံး လက္ခဏာတွေ ပဲဖြစ်ပါတယ်။

(၄) Gout ရောဂါရှိပြီလို့ ဘယ်အချိန်မှာ သတ်မှတ်မလဲ။

Gout ရောဂါကတော့ အများအားဖြင့် ၃ ရက်ကနေ ၁၀ ရက်ကြာရင် Gouty attack လို့ခေါ်တဲ့ နာကျင်မှု ဝေဒနာကတော့ သက်သာသွားလေ့ရှိပါတယ်။ နောက်အချိန်တစ်ခုကြာမှ ပြန်ဖြစ်တာပေါ့လေ။ ဒါပေမယ့် နောက်တစ်ခါ နာကျင်မှု လျော့နည်းအောင်၊ နောက်ဆက်တွဲပြဿနာတွေ မဖြစ်အောင် ဆရာဝန်နဲ့ ပြသင့်ပြီး အောက်ပါတို့ကို စစ်ဆေးသင့်ပါတယ်။

  1. Joint fluid test – နာကျင်ရောင်ရမ်းနေသော အဆစ်အတွင်းမှ အရည်ကို အပ်နဲ့စုတ်ပြီး စမ်းသပ်စစ်ဆေး ကာ ကျောက်များ (crystal) ပါမပါ ကြည့်ခြင်းဖြစ်ပါတယ်။
  2. Blood test – သွေးဖောက်ပြီး သွေးတွင်း uric acid ကို စစ်ဆေးတာဖြစ်ပါတယ်။ ဒါပေမယ့် သွေးထဲမှာ uric acid်များနေတာနဲ့ gout လို့ သတ်မှတ်လို့တော့မရသေးပါဘူး။
  3. X ray – အဆစ်တွေကို ဓာတ်မှန်ရိုက်ကြည့်ခြင်းဖြင့် ပုံမှန်မဟုတ်သော ပြောင်းလဲမှု တွေကို ကြည့်ရှုလို့ရပါတယ်။

(၅) Gout ရောဂါ မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲ။

အရက်ဘီယာ လျော့သောက်ခြင်း၊ uric acid များစေသော အစားအစာများကို ရှောင်ကြဉ်ခြင်း၊ အဆီနည်းသော အစားအစာများကိုသာ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း စတာတွေပြုလုပ်ခြင်းဖြင့် Gout ရောဂါ မဖြစ်ပွားအောင် ကာကွယ်နိုင်ပါတယ်။

ထပ်ဆောင်းအနေနဲ့ ပြောချင်တာကတော့ gout ရောဂါဟာ အနာသက်သာအောင် လုပ်လို့ရရုံသာ မက ကုသနိုင်တဲ့ ရောဂါ၊ ဆေးနဲ့ ထိန်းထားလို့ရတဲ့ ရောဂါဖြစ်တာကြောင့် အရမ်းမဆိုးဝါးခင် ကုသမှု ခံယူဖို့ တိုက်တွန်းပါတယ်။ Gout ရောဂါကို မကုသပဲ ထားရင် ၁၀ နှစ်ကျော်ကြာတဲ့ အခါမှာ Chronic tophaceous gout အဖြစ်ပြောင်းလဲ သွားနိုင်ပါတယ်။ ဒီအမျိုးအစားမှာဆိုရင်တော့ tophi လို့ခေါ်တဲ့ မာကြောသော အတက်အလက်တွေဟာ သင့်အဆစ်အမြစ်တွေ၊ အရေပြားနဲ့ တစ်ရှူးတွေကြားမှာ ကြီးထွားလာကာ အဆိုပါ အဆစ်ဟာ ရာသက်ပန် ဆုံးရှုံးသွားနိုင်ပါတယ်။

healthline

#Credit to original uploader