Home HERO OF MYANMAR ရာဇာဓိရာဇ်

ရာဇာဓိရာဇ်

6

မဂဒူး မင်းဆက်မှ (၉) ဆက်မြောက်မင်း ဖြစ်သည့် ရာဇာဓိရာဇ် ( ၁၃၈၅-၁၄၂၃ )သည် မြန်မာသက္ကရာဇ် ၇၄၅ မှ ၇၈၂ ထိ ဟံသာ၀တီ(ပဲခူး)ကိုဗဟိုပြုကာ မွန်သုံးရပ်(ခေါ်) ရာမညဒေသ (ယနေ့အောက်မြန်မာပြည်ဒေသ)ကို အုပ်စိုးခဲ့သည့် လက်ရုံးရည်နှလုံးရည်နှင့် အလွန်ထင်ရှားသော မွန်ဘုရင်တစ်ပါးဖြစ်သည်။ ဖခမည်းတော်မှာ ဗညားဦး ဖြစ်သည်။ ရာဇာဓိရာဇ်သည် သူရဲကောင်းများကို တန်းတူရည်တူဆက်ဆံကာ ချစ်မြတ်နိုးသော စစ်ဘုရင်တစ်ပါးလည်းဖြစ်သည်။ ရာဇာဓိရာဇ် လက်ထက်တွင်ထင်ရှားသော မွန်သူရဲကောင်းမြောက်မြားစွာ ပေါ်ထွန်းခဲ့သည်။ဘုရင့်နောင် လက်ထက် မွန်၀န်ကြီးဗညားဒလ ရေးသားခဲ့သော ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းသည်လည်းကောင်း၊ ဒေါက်တာနိုင်ပန်းလှ ရေးသည့် ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းသည်လည်းကောင်း ထင်ရှားသော ကျမ်းများဖြစ်သည်။ အင်း၀-ဟံသာ၀တီ အနှစ်လေးဆယ်စစ်၏ အထိကရစစ်ဘုရင်တစ်ပါးဟု ဆိုလျင်လည်းမမှားပေ။ ငယ်စဉ်ကလေးဘ၀မှစ၍ နတ်ရွာစံကံတော်ကုန်သည့် အချိန်ထိ စစ်ပွဲ၊တိုက်ပွဲများနှင့် မကင်းခဲ့ချေ။

ရာဇာဓိရာဇ်သည် အလွန်ဘုန်းတန်ခိုးကြီးသော မင်းဖြစ်သည်။ ဗေဒင်ယတြာ၊ အင်းအိုင်လက်ဖွဲ့တို့ကို အလွန်ဝါသနာထုံပြီး စစ်ချီလေတိုင်း ထိုအစီအရင်တို့ကို သုံးစွဲကာ တပ်သားသူရဲတို့ စိတ်ဓါတ်တက်ကြွစေရန် ပြုလေ့ရှိသည်။ ဟံသာမင်း၊ ဗညားသစ်တသုံ၊သီဟရာဇာမင်း အစရှိသဖြင့်လည်း သမိုင်းများတွင်ဆိုကြသည်။ ရွှေတိဂုံစေတီတော် မွန်ကျောက်စာတွင် သုတသောမရာဇာဓိရာတ် ဟုဖော်ပြထားသည်။အသက် ၁၆ နှစ်အရွယ်မှစ ကာ ဟံသာ၀တီထီးနန်းကို စိုးစံပြီး ခမည်းတော် ဗညားဦးလက်ထက်က အစပြုသည့် ပုန်ကန်မှုများကို နှိမ်နှင်းအောင်မြင်သည်။ နောင် သမိုင်းတွင်သည့် အင်း၀-ဟံသာ၀တီ နှစ် ၄၀ စစ်ကို ခင်းသည်။ထင်ရှားသည့်မှူးမတ်များမှာ မင်းကံစီ၊ သမိန်ဗြာဇ္ဇ၊အမတ်ဒိန်၊အဲမွန်ဒယာ၊ အဲကောင်ဗိန်၊စောလဂွန်းအိန်(မသံလုံ)၊ဥပါကောင်း (ရာဇာဓိရာဇ်၏သားမက်ဖြစ်) ၊သမိန်ဗရမ်း(ရာဇာဓိရာဇ်၏သားမက်ဖြစ်၊အင်း၀သို့အဖမ်းခံ ရပြီး တရုတ်သူရဲကောင်း ဂါမဏိ နှင့်စီးချင်းထိုးကာအနိုင်ရသူ၊နောင်တွင် ဟံသာ၀တီသို့ပြန်လာ။)သမိန်အ၀နံနိုင်(သမိန်အင်း၀ မင်းကြီး၊သမိန်အ၀နိုင် ဟုလည်းဆိုကြသည်။)၊ သမိန်ရဲသင်ရံ၊မသန်း(ရဟန်းလူထွက်ဖြစ်၊လဂွန်းအိန်သေပြီးနောက် ထွက်ပေါ်လာသည့် လူစွမ်းကောင်း။) တို့ ဖြစ်ကြသည်။

နောက်ခံသမိုင်းအကျဉ်း

အင်း၀-ဟံသာ၀တီ နှစ်လေးဆယ်စစ်သည် မြန်မာရာဇ၀င်တွင် အထူးပင် အရေးပါသော ကာလ ဖြစ်ပါသည်။ မွန်နှင့် ဗမာ တိုင်းရင်းသားတို့ နှစ်ဖက်မှ ပြည်ထောင်စု၏ ဦးဆောင်သူ နေရာကို ရနိုင်ရန် အပြိုင် ကြိုးပမ်းသည့် ကာလအဖြစ် သမိုင်းတွင် ထင်ရှားလှသည်။ အင်း၀မှ မင်းကြီးစွာစော်ကဲ ၊ သားတော် ဘုရင်မင်းခေါင်တို့နှင့် ဟံသာ၀တီမှ မွန်မင်း ရာဇာဓိရာဇ်တို့ အကြိမ်ကြိမ် စစ်မပြတ်ခင်းခဲ့ပြီး သမိုင်းတွင်သည့် သူရဲကောင်း အကျော်အမော်များ၊ စံပြုလောက်သည့် စစ်ရေးနည်းဗျူဟာများကို အပြန်အလှန် အသုံးချကာ စစ်ခင်းခဲ့ခြင်း ဖြစ်သည်။

ရာဇာဓိရာဇ် (မြန်မာသက္ကရာဇ် ၇၄၅-၇၂၈) မှာ မဂဒူးမင်းဆက်၏ (၉) ဆက်မြောက် မင်းဖြစ်သည်။ အစဉ်အဆက် မုတ္တမတွင် ထီးနန်း စိုးစံခဲ့ရာမှ (၈) ဆက်မြောက် ဖြစ်သည့် ဆင်ဖြူရှင် ဗညားဦး လက်ထက်တွင် လက်အောက်ခံ မြို့စားများ ဖြစ်သည့် လောက်ဖြား၊ အဲဗြပုန်၊ ဗြထဗ၊ ဥလိုတို့ ညီအစ်ကို လေးယောက်က တော်လှန်သဖြင့် ဒုန်၀န်းမြို့သို့ ယာယီ ပြောင်းရွှေ့ခဲ့ရသည်။ နောက် မကြာမီတွင် ဒုန်၀န်းသို့ လာရောက် တိုက်ခိုက်ကြသည်ကို မခံနိုင်သဖြင့် ဟံသာ၀တီ (ပဲခူး) သို့ပြောင်းရွှေ့ကာ နန်းသစ်တည်ပြီး မင်းပြုပြန်သည်။

အစ်မတော် မဟာဒေဝီအား အားကိုး ချစ်ခင်ပြီး ဒဂုံ(ရန်ကုန်)ကို စားစေသည်။ နောင်တော်မင်းလင်္ကာ ပုန်ကန်ပြန်သဖြင့် နှိမ်နှင်းကာ ကွပ်မျက်ပြီး ၄င်း၏ မယား မွေ့သင်အား သိမ်းပိုက်သည်။ သားတော်တစ်ပါး(ဗညားနွဲ့)အား မွေ့သင်မှ ဖွားမြင်ရာ ချစ်မြတ်နိုးတော်မူလှသည် မရှိဟုသိရသည်။ လျှာတွင် အစက်ပျောက်များပါလာသည့်အတွက် အပံသုန်ပိုင်စက် ဟုနာမည်ပေးသည်။ နောင်အခါ ဗညားနွဲ့(ဗညားငယ်)ဟုခေါ်တွင်သည်။ အခြား မိဖုရားဖြစ်သော ဗျက်လှိုင်းရွာသူ မွေးမဂူတောက်မှ ဖွားသည့် ဘောငံမုန်(ဗောခုံမှိုင်း)ကို ပိုသာစွာ ကြည်ဖြူပြီး နန်းလျာအဖြစ် အလိုရှိခဲ့သည်။ ဗညားနွဲ့ အသက် ၁၅ နှစ်တွင် အဖတူအမိကွဲ နှမတော် တလမေဒေါနှင့်ရည်ငံကာ ထွက်ပြေးကြသဖြင့် ဗညားဦး လွန်စွာအမျက်ရှကာ ထောင်သွင်း အကျဉ်းချစေသည်။ နောင် မဟာဒေဝီ တောင်းပန်သဖြင့် ပြန်လွတ်စေသည်။

ဟံသာ၀တီတွင် သုရှင် ဗညားဦး(ဆင်ဖြူရှင် ဗညားဦး) နာမကျန်း ဖြစ်ချိန်တွင် သားတော် ဗညားနွဲ့အား အရီးတော် မဟာဒေဝီ နှင့် ယောက်ဖတော် သမိန်မရူးတို့ မှ သတ်ဖြတ်ကာ သမိန်မရူး ထီးနန်းရရန် ကြံလေသောကြောင့် ဗညားနွဲ့လည်း ကျွန်ယုံ ၃၀ ကျော်ဖြင့် ဒဂုံ (ရန်ကုန်) သို့ထွက်ပြေးကာ ထိုမှနေပြီး ပုန်ကန်ပါတော့သည်။ ထိုသို့ ဒဂုံတွင် ရှိစဉ် လင်ရှိမယား ဆီသည်မ (မြန်မာမူတွင် ပန်းသည်မ) မွေမနိတ်ကို မိဖုရားအဖြစ် သိမ်းပိုက်သည်။ (သမိန်မရူး နှင့် မဟာဒေဝီ တို့မှာ မရိုးသားကြပေ။) နောင်တွင် မဟာဒေဝီနှင့် သမိန်မရူးတို့ ကလောက်ဖြား၊ ဗြထဗတို့ကို စည်းရုံးပြီး စစ်တပ်ကြီး စီရင်ကာ ဒဂုံကို ဝိုင်းရံလာစဉ် ဥပါယ်ဖြင့် မြောင်းမြ နှင့် မုတ္တမ တို့မှ စစ်တပ်များကို ပြန်လှည့် စေရန် ပြုသည်။ အမိတူ အဖကွဲ နောင်တော် ဒလစား မညီ ကံကောင်း လာရောက်ပူးပေါင်းသဖြင့် အင်အား ပိုတောင့်တင်းလာပြီး သမိန်မရူး တပ်ကို ညအချိန်တွင် အပြင်းတိုက်သဖြင့် သမိန်မရူးပြေးရာ လူသူသုံ့ပန်း အများအပြားရပြီး အောင်ပွဲခံနိုင်လေသည်။

နောက်တွင် ပဲခူးထိ ချီတက် တိုက်ခိုက်ရာ ပဲခူး မရောက်မီ ခမည်းတော် ဗညားဦး နတ်ရွာ လားလေသောကြောင့် တစ်ကြောင်း၊ သမိန်မရူး ပြေးသောကြောင့် တစ်ကြောင်း၊ မြို့တွင်းမှ မှူးမတ် ဒေါဗညားများက ထောက်ခံသောကြောင့်တစ်ကြောင်း နန်းပလ္လင်ပေါ်သို့ လွယ်ကူစွာ တက်နိုင်ကာ ရာဇာဓိရာဇ် ဟူသော ဘွဲ့ဖြင့် အသက် ၁၆ နှစ်တွင် ဟံသာ၀တီပြည်ကို အုပ်စိုးလေသည်။ နန်းရလျှင် မွေမနိတ်အား ပီယရာဇာဒေဝီ ဘွဲ့ဖြင့် မိဖုရားကြီးအရာ ပေးသည်။ သမိန်မရူးနှင့် ၄င်း၏မယား တလမေသီရိ တို့အား သတ်စေပြီး အရီးတော် မဟာဒေဝီကိုမူ ကျေးဇူးရှိဖူးသည်ကို ထောက်ကာ မသတ်ဘဲ ထားလေသည်။ မိမိအား နန်းတော်တံခါးတစ်ဖက်သာဖွင့်ပြီး ကြိုဆိုသည့်အတွက် အမတ်ဒိန်ကို သတ်ရန်အမိန့်ချသော်လည်း အမတ်ဒိန်အလျှောက်ကောင်းသဖြင့် လွတ်သည်။

နယ်ပယ်များကို သိမ်းသွင်းခြင်း

နန်းတက်ပြီးနောက် မကြာမီ အင်း၀မှ မင်းကြီးစွာ သည် မြောင်းမြစား လောက်ဖြား၏ မနာလို ကုန်းတိုက်စကားတွင် ယုံမှတ်ကာ ဟံသာ၀တီကို အရယူရန် အကြံဖြင့် ချီလာသည်ကို တွန်းလှန် ခဲ့ရသေးသည်။ အမှန်တွင် ဟံသာ၀တီ မင်းနေပြည်၏ အာဏာစက်မှာ ရာမည မွန်သုံးရပ်တွင် အရှေ့မုတ္တမ ၃၂ မြို့ နှင့် အနောက် ပုသိမ်၃၂မြို့ များသို့ပင် သက်ရောက်နိုင်ခြင်း မရှိဘဲ ဖြစ်နေသည်မှာ ဆင်ဖြူရှင် ဗညားဦး လက်ထက်ကပင် ဖြစ်ပါသည်။ ထို့ကြောင့် ဗညားနွဲ့ အနေဖြင့် အဆိုပါ သူပုန်သူကန်၊ မြို့စား၊ ရွာစားများကို နှိမ်နှင်းရန် အကြောင်းဖန်လာ လေတော့သည်။

အရှေ့ဖက်တစ်လွှားကို သိမ်းသွင်းခြင်း

ထို့ကြောင့်ပင် လူသူလက်နက်များ စုစည်းပြီး ခမည်းတော် ဗညားဦး လက်ထက်က လက်လွှတ်ခဲ့ရသည့် အရှေ့ဖက် မုတ္တမ ၃၂ မြို့ကို သိမ်းသွင်းရန် စစ်တပ်ကြီး ချီစေသည်။ ဘောလဂွန်းလက်မှ လဂွန်းဗျဉ်းကို လည်းကောင်း၊ သံလှစ်လက်မှ ဒုန်၀န်းကို လည်းကောင်း၊ မဂြိုင်းလက်မှ သံမောင်မြို့ကို လည်းကောင်း၊ အဲဗြပုန်နှင့် ဗြထဗတို့၏ မုတ္တမနှင့် ဥလို၏ မော်လမြိုင် မြို့များကို လည်းကောင်း ဆက်တိုက် သိမ်းယူပြီး အရှေ့တစ်လွားရှိ မြို့ရွာများတွင် ယုံကြည်ရသည့် မှူးမတ်များကို မြို့စားအရာ ပေးကာ ဟံသာ၀တီသို့ ပြန်လေသည်။ အဲဗြပုန်၊ ဗြထဗနှင့် ဥလိုတို့လည်း ကုလားပြည်သို့ လှေဖြင့် ပြေးလေသည်။ ထိုသို့ အရှေ့ဖက်သို့ တိုက်ခိုက်ခဲ့ရာတွင် နာမည်ရသည့် သူရဲကောင်းများမှာ အမတ်ဒိန်၊ သမိန်သံဗြတ်(သမိန်ဗြာဇ္ဇ)၊ လဂွန်းအိန်၊ သမိန်ရဲသင်ရံ တို့ဖြစ်သည်။

အနောက်ဖက်တစ်လွှားကို သိမ်းသွင်းခြင်း

မြန်မာသက္ကရာဇ် ၇၅၀ တွင် နောင်တော် မညီကံကောင်း သည် မြောင်းမြစား လောက်ဖြားနှင့် ညီညွတ်ပြီး ဒလမှ ပုန်ကန်သည်ကို သွားရောက် နှိမ်နှင်းရပြီး မညီကံကောင်းအား ကွပ်ကာ ၄င်း၏သား၊ တူတော် ဘောဝ်ကျော် အား သစ္စာပေးကာ အဖအရာကို ဆက်ခံစေသည်။ နောက် လောက်ဖြားအား နှိမ်နှင်းရန် တစ်ပါတည်း အနောက်ဖက်သို့ ချီလေသည်။ ရှေးဦးစွာ ပုသိမ်ကို စားသော လောက်ဖြား၏ သားနှစ်ပါးဖြစ်သည့် လောက်ရုန် နှင့် လောက်သိန်တို့အား တိုက်ရာ အနိုင် မရနိုင်ဘဲ အမတ် ရာဇမနု(မင်းကန်စီ)ပါ ဆင်ထက်တွင် ကျဆုံးလေသည်။ ထိုသို့ ပုသိမ်တွင် ရှိနေစဉ် ပဲခူးတွင် အကျဉ်းချထားသည့် ညီတော် ဘောငံမုန် အား အဲကောင်ဗိန်ကို လွှတ်ပြီး ကွပ်စေပြန်သည်။ နောက် စစ်ဦးကို မြောင်းမြသို့ လှည့်ဟန်ပြုကာ လဂွန်းအိန်အား ပရိယာယ်ဖြင့် နောက်မှ လိုက်သည့် လောက်ရုန်နှင့် လောက်သိန်တို့အား အနိုင်ယူစေကာ ပုသိမ်ကို အရ သိမ်းလေသည်။

အမတ်ဒိန်ကလည်း ဒေးပသွယ်ကို ရပြီး ရာဇာဓိရာဇ်အား ဆက်ပြန်သည်။ နောက် မြောင်းမြသို့ချီရာ မြောင်းမြစားလည်း မခံဝံ့သဖြင့် လှေဖြင့် ပြေးမည်ကြံသော် သားတော် မပစ်နွဲ့(ဗျည်းနွဲ့)က တားကာ ရာဇာဓိရာဇ်အား တစ်ဦးချင်း ဆင်စီးချင်းထိုးပြီး အနိုင်အရှုံး ဆုံးဖြတ်ရန် တောင်းဆိုလေသည်။ ရာဇာဓိရာဇ်လည်း လက်ခံကာ ဆင်တော် ငရက်နွဲ့ကိုစီးပြီး ဆင်စီးချင်းထိုး၏။ အမှတ်မဲ့ဖြင့် ချိန်းဆိုရာ မြို့ရိုးတွင်းသို့၀င်ရာ မပစ်နွဲ့က တံခါးအကွယ်မှ ရုတ်တရက်ထွက်တိုက်ကာ ဆင်ချင်းပူးလျှင်ခုတ်ရန်ဓါးချွတ်မရသောကြောင့် ချွန်းသီးနှင့်ရိုက်သော် ဗညားနွဲ့ နဖူးကွဲကာ မူးဝေလေသည်။ထို့ကြောင့် မြို့ပြင်သို့ဆုတ်ပြေးပြီး အမူးပြေမှ တဖန်ပြန်လှည့်တိုက်သည်။ဒီတစ်ကြိမ်တွင်အနိုင်ယူကာ မြောင်းမြကို သိမ်းလေသည်။ နောက် လောက်ဖြားအား ဂတိအတိုင်း ဒဂုံဆံတော်ရှင်(ရွှေတိဂုံ)အနီးတွင် သီတင်းဆောက်တည်ခွင့်ပြုသည်။ မပစ်နွဲ့မှာမူ မနေလိုကြောင်း လျှောက်သဖြင့် ကွပ်စေသည်။

အင်း၀နှင့်စစ်ပြုခြင်း

ထိုသို့ ရာဇာဓိရာဇ်သည် ရာမညတိုင်းမွန်သုံးရပ်လုံးကို အောင်မြင်ပြီးနောက်တွင် နန်းတက်စက အင်း၀မှ လာရောက် စစ်ပြုဖူးသည်ကို အမှတ်ထားရှိခဲ့ဖူးသည့်အလျောက် အင်း၀နှင့် စစ်ပြုရန် လုံလထုတ်လေတော့သည်။ ဤသို့ဖြင့် သမိုင်းတွင်သည့် အင်း၀-ဟံသာ၀တီ အနှစ်လေးဆယ် စစ်ကြီး အစပြုလေတော့သည်။

ကူထွက်ကိုသိမ်းခြင်း၊မင်းကြီးစွာနှင့်ပြေငြိမ်းခြင်း

မြန်မာသက္ကရာဇ် ၇၅၂ ၊ ရာဇာဓိရာဇ် သက်တော် ၂၃ နှစ်တွင် အင်း၀ပိုင် ကူထွတ် (ယခု မြန်အောင်မြို့) ကို အင်အားအပြည့်အစုံဖြင့်ချီတက် တိုက်ခိုက်ကာ သိမ်းပိုက်လေသည်။ နောက် သမိန်ချစ်ဗေတ နှင့် သမိန်သံကြယ် တို့ နှစ်ယောက်အားစောင့်စေပြီး ဟံသာ၀တီသို့ပြန်လေသည်။ အရောက်တွင် သားတော် ဘောလောအဲကျန်းတော (ဘောလောကျန်းဒေါ/ဗညားနွဲ့ငယ်မယား၊ အဖတူအမိကွဲနှမလည်း တော်စပ်သော လမေဒေါနှင့်မွေးသူ၊ မိခင်မှာ ဗညားနွဲ့ နန်းတက်စဉ်က မွေမနိတ်အား ပီယရာဇာဒေဝီဘွဲ့ဖြင့် မိဖုရားကြီးအရာပေးသောကြောင့် အဆိပ်သောက်ပြီးသေ) ဆင်မြင်း လေ့ကျင့်သည်၊ စစ်ရေးအတတ်ကိုလေ့လာသည်ဟု ကြား၍ အဲကောင်ဗိန်အား သွားဖမ်းစေကာ သတ်စေသည်။ ဘောလောကျန်းဒေါလည်း စိတ်နာလှသောကြောင့် မိမိ ၏ ရွှေအဆင်တန်ဆာတို့ကို ချွတ်ပြီး ရွှေမော်ဓောစေတီ အားလှူ၍ အင်း၀မင်း၊ မိဖုရားတို့၀မ်းတွင် ၀င်စား၍ ရာဇာဓိရာဇ်နှင့် စစ်မပြတ်ပြုပြီး မွန်သုံးရပ်ကို နှိပ်စက်လိုကြောင်း ဆုတောင်းကာ အဆိပ်သောက် သေလေသည်။ (နောင်တွင် ဘုရင်မင်းခေါင်၏သား မင်းရဲကျော်စွာအဖြစ် မွေးဖွားလာသည်ဟုဆိုရိုးရှိပါသည်။) ဤသတင်းကိုကြားသော် ရာဇာဓိရာဇ်လည်း မိမိကိုယ်အလေးချိန်နှင့်ညီသည့် ရွှေသားတို့ဖြင့် ရွှေမော်ဓောစေတီအား ရွှေအပြည့်ချကာ သံသရာတစ်လျှောက်တွင် တိုက်သည့် ရန်စစ်ဟူသမျှကို အောင်မြင်စေကြောင်း ဆုတောင်းပြုပြန်သည်။ မြန်မာသက္ကရာဇ် ၇၅၄ တွင် အင်း၀မင်းကြီးစွာသည် ကူထွတ်ကို ပြန်သိမ်းယူရန် တိုက်ဆင် ၈၀၀၊ မြင်းသည် နှစ်သောင်း၊ အင်အားတစ်သိန်းနှစ်သောင်း နှင့်ချီလာလေသည်။

ရာဇာဓိရာဇ်လည်း ကြည်းရေ တပ်များဖွဲ့ ပြီး ကူထွက်ကိုချီလေသည်။ ရေတပ်တွင် ဟံသာ၀တီမှ အနည်းငယ်အသာရပြီး၊ ကြည်းတွင်မူ တစ်ဖက်နှင့်တစ်ဖက် အနိုင်မရနိုင်ဘဲရှိလေရာ ရေတပ်မှ အမတ်ကြီးများဖြစ်ကြသော အမတ်မဟာသမွန်၊ အမတ်ပွန်စီ၊ အဲကောင်ဗိန်နှင့် ဗြထဗိုက်တို့ကကူထွပ်နှင့်အလွဲ တို့အား အင်း၀ကို ပြန်ပေးပြီး သုရှင်အား စစ်ပြေငြိမ်းကြောင်း ရာဇသံ ဆက်ရန်နှင့် သံတမန်များစေလွှတ်ရန် အကြံပြုလျှောက်ထားသဖြင့် သုရှင်က သဘောတူလေသည်။ ထို့နောက် ရာဇာဓိရာဇ် နှင့် မင်းကြီးစွာစော်ကဲတို့လည်း အသီးသီး စစ်ပြေငြိမ်းလျက် ပြန်လေသည်။ ထိုနှစ်တွင် မိဖုရားကြီး မွေမနိတ် (ပီယရာဇာဒေဝီ) လွန်သည်။

အထက်အင်း၀နှင့်တကောင်းတိုင်အောင်ချီတက်ခြင်း

သက္ကရာဇ် ၇၆၂တွင် မင်းကြီး စွာစော်ကဲ နတ်ရွာစံပြီး သားတော် ဆင်ဖြူရှင် နန်းတက်လေ၏။ တစ်နှစ်အကြာတွင် တကောင်းစား ငနောက်စံ လုပ်ကြံ၍ လွန်သော် ညီဖြစ်သူ မင်းဆွေက မင်းခေါင် အမည်ယူကာ နန်းတက်လေသည်။ ထိုသို့ရှိရာ ပုဂံနှင့်အင်း၀သားများ ညီညွတ်မှုမရှိဘဲ မင်းခေါင်၏ညီတော် မင်းသိဒ္ဒတ် သည် ရာဇာဓိရာဇ် ထံသို့ ခို၀င်ခစားလာသည်။ ဤအချိန်တွင် ရာဇာဓိရာဇ်က အချက်ပိုင်ပိုင်ဖြင့် အင်း၀ထိချီတက် သိမ်းပိုက်ရန် စစ်ပြင်လေတော့သည်။ကြည်းတပ်ရှေ့ဆုံး စစ်ဖျားချီတပ်တွင် လဂွန်းအိန် ကိုထားသည်။ ပြည်မြို့ကိုရောက်သော် ပြည်စားလက်ယာပျံချီ (မြောင်းမြစားလောက်ဖျား၏သား တရဖျား၊ အင်း၀တွင်ခစားသဖြင့် ပြည်တွင် မြို့စားခန့်ထားသူ) မှထွက်မတိုက်သောကြောင့် အရံသာထား၍ ဆက်လက်ချီတက်လေသည်။ စစ်ကိုင်းရောက်သော် အင်း၀မှ လည်း ပြည်နည်းတူ မြို့တွင်းမှ တွက်ပြီးမတိုက်သဖြင့် တကောင်းအထိ ချီတက်သိမ်းယူလေသည်။ ပြည်တွင် အရံထားခဲ့သော သားမက်တော် စောမဟာရာဇ်၏ ညံ့ဖျင်းမှုကြောင့် တပ်ပျက်ပြီး သမီးတော် တလမေကျော်(တလမည်ကျော်)ကို လက်ယာပျံချီ ရ၍ အင်း၀သို့ ပို့လေရာ မင်းခေါင်က သားတော် သိင်္ဂသူ(သီဟသူ)နှင့် စုံဖက်စေသည်။ အင်း၀သည် ရာဇာဓိရာဇ်၏ စစ်ကို ထွက်မတိုက်ပဲ ပညာရှိအပေါင်းတို့ကို ခေါ်ယူဆွေးနွေးရာ ပင်းယစကြိုသူမြတ် (ပန်းယသကြိုသူမြတ်)အမည်ရ သံဃာတော် တစ်ပါးမှ တာ၀န်ယူကာ စစ်ငြိမ်းရန် ကြံဆောင်ပါမယ်ဟု ဂတိပြုလေသည်။

ထို့နောက်တွင် ဘုရင်မင်းခေါင်၏ရာဇသဝံလွှာ၊ လက်ဆောင်ပဏ္ဏာများနှင့် သူမြတ်သည် ရာဇာဓိရာဇ်ထံ၀င်၍ လျှောက်ထားလေသည်။ ထို့ကြောင့် ရာဇာဓိရာဇ် လည်း ထို ပင်းယသူကြိုသူမြတ် နှင့် စကားပြိုင်ဆိုင် ပြီးအခြေတင် အရေးဆိုကာ နောက်ဆုံးတွင် အင်း၀အနီး တစ်ဝိုက်၌ သာဿနာရေး အဆောက်အဦးများ တည်ထားပြီး ပြန်လေသည်။ပြန်လှည့်ရာတွင် အင်း၀သားများက သုရှင်ကောင်းမှုတို့အား မီးတင်တိုက်လေသောကြောင့် ဒေါသဖြင့်ပြန်လှည့်ရန်မိန့်သော်လည်း ပင်းယသူကြိုသူမြတ်၊ အမတ်ဒိန်၊ သမိန်ဗြာဇ္ဇတို့က တောင်းပန်လေသဖြင့် ဆက်စုန်လေသည်။ သမီးတော် အင်း၀သို့ပါကြောင်းကိုမူ ဒလ(ယခု တွံတေးမြို့နေရာ) ရောက်မှ သိသဖြင့် သားမက်တော် စောမဟာရာဇ်အား ခြေလက်တို့ကို ဖြတ်စေရာ သွေးပျက်ပြီး ရေသို့ခုန်ချသေလေသည်။

ပြည်သို့ချီခြင်း၊မင်းခေါင်နှင့် နယ်နိမိတ်သတ်မှတ်ခြင်း

နောက်နှစ်တွင် ရာဇာဓိရာဇ်သည် ဘုရင်မင်းခေါင်အား အမျက်မပြေနိုင်သောကြောင့် စစ်ချီပြန်သည်။ မင်းခေါင်လည်း စစ်ကူသုံးသောင်းကို ပြည်မြို့သို့အမြန်ချီစေသည်။ရေတပ်တွင် သုရှင်ချီ၍ ကြည်းတွင် သမိန်ဗြာဇ္ဇ က တပ် (၇) တပ်ကို ဦးဆောင်ချီသည်။ တပ်ဖျားတွင် လဂွန်းအိန် ကိုချီစေသည်။ သာ၀တ္ထိသို့ ရောက်သော် လဂွန်းအိန်သည် တပ်မှုးချုပ် ၏အမိန့်ကို ဖီဆန်ပြီး လွင်ပြင်သို့ အင်း၀တပ်အရောက်တွင် တစ်ရှိန်ထိုး ထွက်၍တိုက်လေသည်။ လဂွန်းအိန် ထွက်သည်ကို မြင်လျှင် ဥပါကောင်း၊ဘောကျော်နှင့် ဗြထဗိုက်တို့ ၃တပ်လည်း ထွက်တိုက်၏။ အင်း၀တပ် များအပြင်းပြန်တိုက်လေသောကြောင့် ရှေးဦးစွာ လဂွန်းအိန် တပ်တွင် စစ်သည်အများအပြားကျ ၍ဆုတ်ရ၏။ နောက် မှလိုက်လာကျသော တပ်၃တပ်လည်း အခြေအနေ မကောင်းသောကြောင့် တောတွင်းသို့ရှောင်ရလေ၏။ နောက် သမိန်ဗြာဇ္ဇ နှင့် သမိန်အ၀နံနိုင် တို့က ခုခံတိုက်ခိုက်လေသဖြင့် အင်း၀တပ်ပျက်လေသည်။ နောက် တလည်စီး တွင် တပ်ချကာ န၀င်းတွင် တပ် ၃တပ်ကိုသာ ချန်လေ၏ ။ဘုရင်မင်းခေါင်လည်း ပြည်မြို့ကျမည်စိုးရိမ်သဖြင့် ကိုယ်တိုင် ချီတက်လာသည်။ သာ၀တ္ထိတွင် ပျက်ကာပြေးသော တပ် ၅တပ်မှာ မြေထဲအရောက်တွင် ဘုရင်မင်းခေါင်နှင့် ဆုံ၏။ ထိုအခါ ပြန်ပြီး အနိုင်ယူရန် အာမခံပြီး တစ်ဖန် မင်းခေါင်တပ်များနှင့် ချီလာပြန်သည်။နောက် န၀င်းရှိ တပ်၃တပ်ကို မနက်စောစော တွင် ရွပ်ရွပ် ချွံချွံ တိုက်ရာ န၀င်းရှိမွန်တပ်များပျက်ပြီး ကြုံးဝါးထားသည့်အတိုင်း အသေခံတိုက်သဖြင့် ဘောကျော် နှင့် ဗြထဗိုက်တို့ကျကာ သမိန်ဇိပ်ဗြဲကို ဖမ်းမိလေသည်။ များမကြာမှီ ဘုရင်မင်းခေါင်လည်း တပ်တွင်ရိက္ခာမရသောကြောင့် ငတ်မွတ်လေသဖြင့် တမန်တော်စေကာ ရာဇာဓိရာဇ်အား စစ်ပြေငြိမ်းမည့်အရေး ဆိုလာလေသည်။မင်းနှစ်ပါးတို့ မြသီတင်းဘုရားတွင်အတူတစ်ကွ သစ္စာဆိုကြလေသည်။ လက်ဆောင်များအပြန်အလှန် ဆက်ကာချစ်ကြည်ရင်းနှီးကြလေသည်။ ထို့အပြင် ဗဒင်ရမ္မတောင် နှင့် ကြုံလှာ ကို နယ်ခြားထားကာ အထက်ကို အင်း၀ပိုင် ၊အောက်ကို ပဲခူးပိုင် အဖြစ်သဘောတူလေ၏။

ရခိုင်သို့စစ်ချီစေခြင်း

မကြာမှီတွင် ဘုရင်မင်းခေါင်သည် ဇင်းမယ်(ချင်းမိုင်)မင်းထံ မဟာမိတ်ဖွဲ့မည့်အကြောင်း၊မိမိဦးစွာ ရခိုင်နှင့် ဗန်းမော်ရှမ်းတို့အား ချီတက် တိုက်ခိုက်မည့်အကြောင်း၊ ပြီးလျှင်မိမိတို့ မင်းနှစ်ပါး ဟံသာ၀တီကို စစ်နှစ်ဖက်ညှပ် တိုက်ခိုက်ကာ အရယူမည့်အကြောင်း ရာဇသံတွင် ရေးပြီး ပို့လေသည်။ ထိုတမန်တော်တို့ကို မွန်ကင်းတပ်သားများက မသင်္ကာရှိပြီး ဖမ်း၍စစ်ရာ အကြောင်းစုံကို သိပြီး သုရှင်ထံသို့ပို့လေ၏။ ရာဇာဓိရာဇ်လည်း မင်းခေါင်သည် သစ္စာမရှိဟု အမျက်ထွက်ကာ တမန်တော်များကို ကွပ်စေသည်။နောက် ဘုရင်မင်းခေါင် ရခိုင်သို့ချီ မချီ စုံစမ်းစေပြီး ချီကြောင်းကိုသိလျှင် ပုသိမ်သို့ချီတက်တပ်စွဲကာ အပြန်တွင်လမ်းမှ ဖြတ်တိုက်မည်ဟု ကြံလေသည်။ ဘုရင်မင်းခေါင် လည်း ရခိုင်ရှိသံတွဲနှင့် မြောက်ဦး ကိုသိမ်းပိုက်ပြီး သမက်တော် ဂါမဏိ နှင့်သမီးတော် စောပြည့်ချမ်းသာ တို့ကို အစောင့်ထားကာ ဗန်းမော်သို့ ကုန်းကြောင်းမှ အမြန် ချီတက်သွားလေသည်။

ရခိုင်ဘုရင့်သား နရမိတ်လှ လည်းမွန်တို့ထံ ခို၀င်လာပြီးအကူအညီတောင်းရာ သုရှင်က “သူ့သားငါ့သားနှယ်မဟူ။ အတူတူပင်ဖြစ်တော့သည်။ မင်းအဖ၏ အရိုက်အရာကို ငါပြန်ယူပြီးမင်းကို ချမ်းသာပြန်ရစေမည်။”ဟု အာမခံကာ တပ်နှစ်တပ် တွင် သမိန်ငေါခွင် နှင့် သမိန်ဗိုက်ညက် တို့ကို အကြီးအမှုးခံပြီး စေလွှတ်တိုက်ခိုက်စေ၏။ ရခိုင်သားတို့လည်း မိမိတို့အရှင်သခင်၏သား ပြန်လာလေပြီဟု ကြားကာ အများအပြားပင် လာရောက် ခစားအမှုထမ်းကြလေသောကြောင့် သံတွဲကို အလွယ်တကူရကာ မြောက်ဦးသို့ဆက်လက် ချီတက်လေ၏။ နောက် မြောက်ဦးတွင်လည်း အနိုင်ရပြန်ရာ အင်း၀ဘုရင်၏ သားမက်နှင့် သမီးတော်တို့ကို ဖမ်းဆီးရမိကာသုရှင်ထံသို့ အစောင့်များဖြင့်ပို့သည်။ မြောက်ဦးတွင် နရမိတ်လှအား နန်းတင်ပြီးမွန်တို့လည်းပြန်လေ၏။ ဘုရင်မင်းခေါင်၏သားမက်တော် ဂါမဏိ လည်း ပုသိမ်အရောက်တွင် အဆိပ်သောက်၍ သေလေသည်တွင် စောပြည့်ချမ်းသာအား သုရှင်မှ မိဖုရားမြှောက်၏။

ဘုရင်မင်းခေါင်ချီလာခြင်း

ရခိုင်ပျက်ပြီး သမီး၊သားမက်တို့ကို ရာဇာဓိရာဇ် ရသည့်အကြောင်းကို ဗန်းမော်ရှမ်းတို့အား တိုက်ခိုက်လျှက်ရှိသော ဘုရင်မင်းခေါင်သိလျှင် ရှမ်းတို့ကို အမြန်နှိမ်နှင်းကာအင်အား တစ်သိန်းငါးသောင်း၊ ဆင၊်မြင်းအပြည့်အစုံဖြင့် တောင်ငူကြောင်းမှချီလေသည်။ ရာဇာဓိရာဇ်လည်း မင်းခေါင်စစ်ချီလာသည်ကို ကြားလျှင် စစ်တောင်းသို့ ချီတက်တပ်စွဲလျက် နေလေသည်။ အင်း၀စစ် အလွန်ကြီးမားသည်ကို သိသဖြင့် တပ်ကို စစ်တောင်းသို့ ပြန်ဆုတ်ခဲ့သည်။ နောက်စစ်တောင်းတွင် ရှိသော ရိက္ခာ၊စပါး တို့ကို မီးတိုက်ဖျက်စီးစေပြီး ပန်းကျော် ထိဆုတ်ကာ တပ်တည်လေသည်။ ယခင်အကြိမ်အတိုင်း စစ်ပြု၍ အင်း၀တပ်ရိက္ခာ ပြတ်ပြန်ရာ ဘုရင်မင်းခေါင်က အင်းပဲသူကြီးကို စေလွတ်ကာ နှစ်ဖက်သော အမှုးအမတ်တို့ကို သစ္စာပြုစေပြီး စစ်ပြေငြိမ်းမည့်အကြောင်း ရာဇသံစေလာသည်။ ရာဇာဓိရာဇ် လည်း အကောက်ကြံကာ သစ္စာပြုမည်ကို လက်ခံလေသည်။