Home HERO OF MYANMAR အနော်ရထာမင်း

အနော်ရထာမင်း

23

အနော်ရထာမင်း (မြန်မာ ၃၇၆-၄၃၉)အား အနော်ရထာမင်းစောဟူ၍လည်း တွင်သည်။
အနော်ရထာမင်းသည် ပထမ မြန်မာ မွန် ပျူ နိုင်ငံတော်ကြီးကို စတင်တည်ထောင်ခဲ့သူဖြစ်သည်။ ပုဂံမင်း ၅၅ ဆက်အနက် ၄၂ ဆက်မြောက် မင်းဖြစ်သည်။ ပုဂံဘုရင် ကွမ်းဆော်ကြောင်ဖြူမင်းနှင့် မိဖုရား မြောက်ပြင်သည် တို့မှ သက္ကရာဇ် ၃၇၆ ခုနှစ်တွင် ဖွားမြင်သောသားတော် ဖြစ်သည်။ အရည်းကြီးတို့ဝါဒ နှိမ်နင်း၍ ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားစေခဲ့သည်။ ဆည်မြောင်း ကန်ချောင်းတို့ တည်ဆောက်ရာ၊ နိုင်ငံတော်၏ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး စနစ်ကို စနစ်တကျ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

ပုဂံဒေသ မှ ယနေ့တိုင် တွေ့မြင်နိုင်သေးသော ဘုရား ပုထိုး စေတီများ၏ သမိုင်း မျက်နှာစာ အစကို ရှင်အရဟံ နှင့် လက်တွဲကာ ဖွင့်လှစ်ခဲ့သူ သို့မဟုတ် ထေရဝါဒ ဗုဒ္ဓဘာသာ ကို မြန်မာပြည် အလယ်ပိုင်း ဒေသတွင် ပြန်ပွား စည်ပင်စေခဲ့သူ ဖြစ်သည်။ အနော်ရထာသည် ကွမ်းဆော်ကြောင်ဖြူမင်းနှင့် မြောက်ပြင်သည် မိဖုရားမှ မွေးဖွားသော သားတော်ဖြစ်သည်။ ဖွားမြင်ပြီးနောက် ကျဉ်စိုးမင်းက ထီးနန်းအစဉ်အလာမပျက် အနုရာဓရွာကို စားစေဟု ချီးမြှင့်ခဲ့သည်။ ထို့ကြောင့် အနုရာဓ ရွာစား မင်းသား ဟုခေါ်တွင်သည်။

ထီးနန်းရရှိပုံ

ကွမ်းဆော်ကြောင်ဖြူမင်းကိုသားတော်နှစ်ပါးဖြစ်သည့် ကျဉ်စိုး နှင့် စုက္ကတေးတို့က အကောက်ကြံကာ နန်းချပြီး ကျဉ်စိုးမင်းသား နန်းတက်သည်။ ခြောက်နှစ်အကြာတွင် ညီတော် စုက္ကတေး ကလုပ်ကြံသဖြင့် ကျဉ်စိုးမင်းလွန်ပြီးနောက် စုက္ကတေးမင်း ထီးနန်းပြုနေခဲ့သည်။ စုက္ကတေးမင်းသည် အဖေတူ အမေကွဲ ဖြစ်သော အနော်ရထာ၏ မယ်တော်ကို မိဖုရားအဖြစ်သိမ်းပိုက်ခဲ့သည်။ ထိုစဉ်က စုက္ကတေးမင်းသည် အနော်ရထာအား “ညီသားနောင်မယ်”ဟု ခေါ်လိုက်လေသည်။
(“ညီသားနောင်မယ်”၏ ဆိုလိုရင်း အဓိပ်ပါယ်မှာ ညီလည်းညီ၊ သားလည်းသား ဟူသောအဓိပ်ပါယ်မျိုးပေါက်သည်။ အနော်ရထာ၏ မွေးမိခင် မြောက်ပြင်သည် မိဖုရားကို စုက္ကတေးက မိဖုရားမြှောက် လိုသည်ဟု ဆိုလိုရင်းဖြစ်သည်။) ထိုစကားရပ်မှာ မြန်မာ့သမိုင်းတွင် သမိုင်းတွင်ခဲ့ရလေသည်။

စုက္ကတေး ၏ မိခင် အလယ်ပြင်သည် မိဖုရားနှင့် အနော်ရထာ ၏ မိခင် မြောက်ပြင်သည် မိဖုရားတို့မှာ ညီအစ်မ ဖြစ်ရာ အနော်ရထာ ၏ မိခင်မှာ စုက္ကတေး ၏ မိထွေးတော်သည်။ ထိုစကားကို အနော်ရထာ သိရသောအခါ စုက္ကတေးမင်းအား မကျေမနပ်ဖြစ်ကာ နန်းတော်မှထွက်ပြီး ပုပ္ပားအရပ်သို့ ရှောင်တိမ်းလေတော့သည်။ အနော်ရထာသည် စစ်တိုက်ရန် လူသူစုဆောင်းခဲ့သည်။ ပုဂံကို ပြန်လည်သိမ်းပိုက်ရန် ချီတက်လာပြီးနောက် စစ်ဖြစ်လျှင် လူအများအပြား သေကျေပျက်စီးမည် ကို မလိုလားသဖြင့် နောင်တော် စုက္ကတေးမင်း နှင့် မြင်းကပါအရပ်တွင် တစ်ဦးချင်းစီးချင်းထိုးခဲ့သည်။ နောက်ဆုံးတွင် အနော်ရထာ အနိုင်ရရှိပြီး ပုဂံတွင်မင်း ဖြစ်လာခဲ့သည်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း

အနော်ရထာလက်ထက်တွင် ထူးခြားသော နိမိတ်တစ်ခုတွေ့သဖြင့် သူ၏ ပုရောဟိတ် ဗေဒင်ဆရာများဖြစ်သော ဟူးရားဖြူ၊ ဟူးရားညိုတို့ကို မေးမြန်းရာ နောင်တွင် ပေါ်မည့် မင်းလောင်းသည် ယခု ပဋိသန္ဓေတည်နေပြီဟု နိမိတ်ဖတ်ပြကြသည်။ အနော်ရထာသည် သူ၏ ထီးနန်းကို မစွန့်ချင်သဖြင့် ကိုယ်ဝန်ဆောင်မိန်းမအားလုံးကို သတ်စေသည်။ ထို့နောက် ကာလအတန်ကြာတွင် သတိရသဖြင့် ပုရောဟိတ်တို့အား ထပ်၍ မေးမြန်းရာ ပုရောဟိတ်တို့က ယခုလျှင် နို့စို့အရွယ်ရှိနေပြီဟု ဆိုပြန်သဖြင့် နို့စို့အရွယ်ကလေးအားလုံးကို သတ်စေသည်။ ပုရောဟိတ်တို့ကို နောင်တစ်ချိန်တွင် ထပ်၍ မေးမြန်းရာ ယခု နွားကျောင်းသား အရွယ်ရှိနေပြီဟု ဆိုသဖြင့် နွားကျောင်းသားအရွယ်အားလုံး ကို သတ်စေသည်။ နောက်နှစ်အတန်ကြာတွင် ထပ်၍ မေးသော အခါ ယခု ရဟန်းပြုနေပြီ။ အကယ်၍ နန်းတော်တွင်းသို့ ဆွမ်းဖိတ်ကျွေးပြီး နန်းသုံးခရားဖြင့် ရေတိုက်ပါက အာခံတွင်းမှ စက်ရောင်ထွက်သော သူသည် မင်းလောင်းဖြစ်သည်ဟု ဆိုကြသည်။ ထို့ကြောင့် နန်းတော်သို့ ရဟန်းတော်များကို ပင့်ဖိတ်၍ ဆွမ်းကျွေးသော အခါ စက်ရောင်ထွက်သူကို တွေ့ရသည်။ ထိုအခါ အနော်ရထာက ဟူးရားဖြူ နှင့် ဟူးရားညိုတို့အား ဤသူသည် ငါ၏ ထီးနန်းကို သိမ်းပိုက်မည့်သူလားဟု မေးရာ ဟူးရားတို့က မဟုတ်။ နောင် မင်းဆက်တစ်ဆက်ကျော်မှ မင်းဖြစ်မည့်သူဖြစ်သည်ဟု ဆိုသဖြင့် အနော်ရထာသည် ငါ့ထီးနန်းကို လုယူမည်ထင်သဖြင့် မဆိုင်သော လူများစွာကိုအကြောင်းမဲ့သတ်ဖြတ်မိလေပြီဟု နောင်တရသည်။၄င်းမှာ ကျန်စစ်သား ဖြစ်သည်။

သာသနာအကျိုးဆောင်မင်းမြတ်

အနော်ရထာမင်း နန်းတက်စတွင် ပုဂံပြည်၌ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ၎င်း၊ လောကနာထကို ၎င်း၊ ဗြဟ္မာ၊ ဗိဿနိုး၊ ပရေမေသွာ တို့ကို၎င်း၊ နတ်နဂါးနှင့် အရည်းကြီး တို့ကို၎င်း အားလုံးစုံကို ရောနှော ယောင်မှား၍ လည်းကောင်း ကိုးကွယ်နေကြလေသည်။ ထိုအခါ ယဉ်ကျေးမှုသည် မသန့်မရှင်း ဖြစ်နေလေသည်။ အနော်ရထာမင်းသည် ထိုအယူဝါဒများကို မနှစ်သက်သဖြင့် မှန်သောတရားကိုသာ တောင့်တနေခိုက် တောလည်သော မုဆိုးတစ်ယောက်သည် တောထဲမှ ထူးဆန်းသော အဝတ်အစားနှင့် ပုံသဏ္ဌာန်ရှိသည့် လူတစ်ဦးကို တွေ့မြင်သဖြင့်စူးစမ်းရာ ရဟန်းဖြစ်ကြောင်း သိရသဖြင့် ဘုရင်ကို အကြောင်းကြားသည်။

အနော်ရထာဘုရင်လက်ထက်တွင် ထိုရဟန်းမှာ ရှင်အရဟံဖြစ်သည်။ အနော်ရထာသည် ရဟန်း၏ အဆုံးအမကို ခံယူပြီးလျှင် ထေရဝါဒ ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့သည်။ သထုံပြည်မှ ဓမ္မဒဿီမည်သော ရဟန်းတော် ရှင်အရဟံသည် ပုဂံသို့ ရောက်လာ၍ ဟောပြောသဖြင့် မင်းနှင့် တကွ တပြည်လုံး ဗုဒ္ဓအယူဝါဒ တည်ကြသည်။ ဗုဒ္ဓအယူဝါဒ တည်တံ့ပြန့်ပွား ထွန်းကားရေးအတွက် အနော်ရထာမင်းသည် အားထုတ်တော်မူပြန်သည်။ ထိုအချိန်တွင် သထုံပြည် မနူဟာမင်း(မကုတ)၌ ပိဋကတ်တော်အစုံ ၃ဝ ရှိသည်ဟု ကြားသိပြန်ရာ လက်ဆောင်များနှင့်တကွ လိမ်မာသော အမတ်တယောက်ကို သထုံပြည်သို့ လွှတ်၍ တောင်းစေသည်။

အနော်ရထာသည် သုဝဏ္ဏဘူမိ (ယခု သထုံနေရာ) တွင် ပိဋကတ် ၃-ပုံရှိကြောင်းကြားသိရသဖြင့် သံတမန်လွှတ်၍ တောင်းခံစေသည်။ သထုံမင်းသည် မဆင်ခြင်ပဲ မချေမငံသောစကားကို ဆိုလိုက်ရာ အနော်ရထာမင်းသည် ၄၉၁ ခုနှစ်တွင် စစ်သည်ဗိုလ်ပါ အလုံးအရင်းနှင့်ချီ၍ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ စစ်အောင်နိုင်သောအခါ ပိဋကတ်တော်အစုံ (၃ဝ)ကို ပင့်ဆောင်လေသည်။ အနုပညာသည်၊ လက်မှုပညာသည် များကိုလည်း ယူသည်။

သထုံပြည်ကိုလည်း တနင်္သာရီအထိ သိမ်းသွင်းလေသည်။ မနူဟာမင်းကိုလည်း ပုဂံသို့ တပါတည်း ခေါ်ဆောင်ခဲ့သည်။ မြင်းကပါအရပ်တွင် တစ်ထီးတစ်နန်း ထားရှိသည်။

ထိုအခါမှစ၍ အနော်ရထာမင်းသည် ပုဂံပြည်ရှိ ရဟန်းများအား ဘုရားရှင်၏ ပိဋကတ်တော်အစစ်ကို သင်ကြားစေလေသည်။ သင်ကြားစေနိုင်စိမ့်သောငှာ ပိဋကတ်တော်တို့ကို မွန်အက္ခရာမှ မြန်မာအက္ခရာသို့ ပြန်စေပြီးလျှင် ပုဂံမြို့တွင် ထိုပိဋကတ်တိုက်တာ်ကို ဆောက်၍ လှူဒါန်းလေသည်။ ထိုပိဋကတ်တိုက်သည် ယခုတိုင် ပုဂံမြို့ဟောင်း၌ ရှိလေသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံဟု လည်းကောင်း၊ မြန်မာနိုင်ငံ ယဉ်ကျေးမှုဟုလည်းကောင်း ခေါ်နိုင်သော ပုဂံပြည်နှင့် ပုဂံယဉ်ကျေးမှုတို့သည် အနော်ရထာမင်းနှင့် ရှင်အရဟံတို့၏ ဉာဏ်ပညာ လုံ့လတို့ကြောင့် ပြည်ထောင်စုသမိုင်းတွင် ပထမ အကြိမ် ကျယ်ပြန့်၍ စည်းလုံးသော ဘဝကို ရလာလေသည်။

ထိုအခါက ရခိုင်ပြည်၏မြို့တော်မှာ စစ်တွေနယ်ရှိ ပဉ္စာမြို့ ဖြစ်လေသည်။ ထိုစစ်ပွဲတွင် မြန်မာတို့က အနိုင်ရသဖြင့် ရခိုင်ပြည် မြောက်ပိုင်းသည် ပုဂံခေတ်တလျှောက်လုံး မြန်မာ့လက်အောက်ခံနိုင်ငံတခု ဖြစ်လာခဲ့သည်။ ရခိုင်ပြည် ရာဇဝင်၌ ရခိုင်ပြည် မြောက်ပိုင်းကို အနော်ရထာစော တိုက်ခိုက်သိမ်းယူကြောင်းနှင့် ဆိုရာတွင် ပျူကိုးသောင်းနှင့် ပျူမင်းလာသည် ဟု ဖြစ်သည်။ မင်းတရားကြီး ပြုတော်မူခဲ့သော ကောင်းမှုတော်တို့ကား များပြားလှစွာ၏။ ရွှေစည်းဂုံဘုရား၊ ရွှေရင်မြော်ဘုရား၊ ရှမ်းပြည် ညောင်ရွှေမြို့ရှိ ပေါရိသတ်ဘုရား၊ တန့်ကြည်တောင်ဘုရား၊ မန္တလေးတောင်၊ ရွှေကြက်ယက် ရွှေကြက်ကျ တောင်များပေါ်ရှိ ဘုရားများ၊ တောင်ပြုံးမှ ဆုတောင်းပြည့်ဘုရား၊ မြင်ကပါဘုရား စသည်တို့ဖြစ်သည်။ လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း ဟူ၍ အရေအတွက်မှတ်သားပြဆိုသော စာဆိုစကား ကျန်ရစ်လောက်အောင် သာသနာ့အဆောက်အဦ ဘုရားပုထိုးများ တည်ထားကိုးကွယ်ခဲ့သည်။ ထို့နောက် အနော်ရထာသည် တစ်နိုင်ငံလုံးတွင် ရှိသည့် တျံတြစ်အယူဝါဒ နှင့် အရည်းကြီးတို့ကို နှိမ်နင်းခဲ့သည်။

အနော်ရထာ ဘုရင်သည် မြောက်ဘက် နှင့် အရှေ့ဘက် ရှမ်းနယ်များနှင့် ရှမ်းလူမျိုးများအား စည်းရုံးသိမ်းသွင်းပြီးနောက် တောင်ဘက်ရှိ မွန်နယ်များနှင့် မွန်လူမျိုးများအား ဆက်လက်သိမ်းသွင်းခြင်း ပြုသည်။ ထို့နောက် အင်ဒိုချိုင်းနားကျွန်းဆွယ်နှင့် မာလာယုကျွန်းဆွယ်ကြီးများအား စိုးပိုင်သည့် ကမ္ဗောဇနိုင်ငံသို့ သွားရောက်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်က ကမ္ဗောဇနိုင်ငံ အကြားရှိ မွန်ပြည်နယ်နှင့် မွန်လူမျိုးများ၊ အထူးသဖြင့် တနင်္သာရီ ကမ်းရိုးတန်း ဒေသအား ကမ္ဗောဇဘုရင်များက ၎င်းတို့၏ လက်အောက်ခံ ပဏ္ဏာဆက်ပြည်နယ်များအဖြစ် သဘောထားကာ ဆက်သွယ်နေသော ကြောင့် ဖြစ်သည်

အနော်ရထာဘုရင် ကမ္ဗောဇနိုင်ငံသို့သွားရောက်ခဲ့သည်မှာ အောင်အောင်မြင်မြင်ရှိခဲ့ကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော် ပုဂံခေတ် တလျှောက်လုံး ကမ္ဗောဇဘုရင်များ မှ ဝင်ရောက် စွက်ဖက်ခြင်း မတွေ့ရှိရ သောကြောင့်ဖြစ်သည်။