ရှေးအခါက ကာသိကရာဇ်မင်းကြီးနှင့် စန္ဒာဒေဝီမိဖုရားတွင် တေမိယကုမာရ-ခေါ် မင်းသားလေးတပါး ဖွားမြင်လေသည်။ သားတော်ဟူ၍ ဤတပါးပင်ရှိသည်။ ငယ်စဉ်က ခမည်းတော် ကာသိကရာဇ်မင်းကြီးသည် တနေ့တွင် တေမိယမင်းသားလေးကို ရင်ဝယ်ထားလျက် ခိုးသားလေးဦးကို ထိတ်လန့်ဖွယ် ပြစ်ဒဏ် အမျိုးမျိုးခတ်လေသည်။
ထို့နောက် ထီးဖြူအောက်တွင် ချသိပ်ထားစဉ် မင်းသားငယ်သည် ထိုသို့ သူတပါးအား ထိတ်လန့်ဖွယ် ပြစ်ဒဏ် စီရင်ရခြင်းများကို မနှစ်မြို့သဖြင့် စိတ်အဆင်းရဲကြီး ဆင်းရဲကာ မှိန်း၍ ဤသို့စဉ်းစားမိ၏။
ဘုရားလောင်းဖြစ်၍ နောက်နောက် ဘဝများကို ပြန်လည်တွေးမြင်နိုင်စွမ်းရှိလေသည်။
ငါသည်လည်း တနေ့တွင် ဘုရင်လုပ်ရချေဦးမည်။ ဤသို့ သူတပါးအား အပြစ်ဒဏ်စီရင်ရာ၌ အကယ်၍ မှားယွင်းစွာစီရင်မိအံ့ ငါ့၌ ဆင်းရဲပူပန်မှုရောက်လတံ့။ ငါသည် ယခင်ဘဝက မင်းပြုကာ ပြစ်ဒဏ်များကို မှားယွင်းစွာစီရင်မိသဖြင့် ငရဲပြည်တွင် ကြာမြင့်စွာ ခံခဲ့ရသလို ယခုတဖန် ခံရဦးမည်၊ ယခု မည်သို့ကြံရမည်နည်း။
ထိုအချင်းအရာကို ယခင် ၇-ဘဝက မိခင်တော်စပ်ခဲ့ဖူးသော ထီးချက်စောင့်နတ်သမီး တွေ့သိ၍ ကိုယ်ထင်ပြပြီးလျှင် မေးမြန်းရာ ဘုရင်မလုပ်လိုသော ဆန္ဒကို သိရသဖြင့်- မင်းသားသည် ငရဲလားမည့်ဘေးကိုသာ တွေးကြောက်လှလေသောကြောင့် ထိုနေ့မှစ၍ နတ်သမီးအကြံပေးချက်အတိုင်း ဆွံ့အ နားထိုင်းသူများကဲ့သို့ မလှုပ်မယှက် ကြောင်တက်တက် နေထိုင်လိုက်တော့သည်။
ထိုအချင်းအရာကို အထိန်းတော်များ တွေ့ကြသော် မိဖုရားကြီးထံ ချက်ချင်းဝင်၍ သံတော်ဦးတင်လေလျှင်- မိဖုရားကြီးသည် ကိုယ်တိုင်ကိုယ်ကျ သားတော်အား စမ်းသပ်ပြီးနောက် ဧကန်အမှန်ဖြစ်ကြောင်း သိရှိရသောကြောင့် ဘုရင်ကြီးထံ ချဉ်းကပ်ပြီး အကျိုးအကြောင်း တင်ပြသောအခါ ဘုရင်ကြီးက ပုဏ္ဏားတော်များအား သားတော်လေး စကားပြောရန် အမျိုးမျိုးပြုလုပ်စေ၏။
အစားအသောက် ကစားစရာတို့ဖြင့် မြူဆွယ်သော်လည်း မရ။
ပွဲတော်တည်ချိန် မကြွေးဘဲ ငိုအောင်ထားသော်လည်း မငို၊
ထိတ်လန့်တုန်လှုပ်၍ အော်ဟစ်အောင်လုပ်သော်လည်း မရ၊
ပျော်ရွှင်မြူးတူး၍ အော်ဟစ်အောင်လုပ်သော်လည်း မရ၊
ဒေါသထွက်၍ အော်ဟစ်အောင်လုပ်သော်လည်း မရ၊
ချစ်မေတ္တာစိတ် ယိုဖိတ်၍ ရယ်ပြုံးအောင်လုပ်သော်လည်း မရ၊
ကျွမ်းဘား မျက်လှည့် ရုပ်သေးပွဲများဖြင့် စမ်းသပ်သော်လည်း မတုန်လှုပ်၊
ဆင်လိမ္မာများ၊ အစွယ်မဲ့ မြွေများ၊ လက်နက်များ မီးများဖြင့် စမ်းသပ်သော်လည်း မကြောက်၊
တင်လဲလူးခြင်း၊ အပုပ်နံ့ပေးခြင်း၊ မှိုင်းတိုက်ခြင်းပြုသော်လည်း မရ၊
လှပသော မိန်းမပျိုများနှင့် ဆိတ်ကွယ်ရာတွင် တွေ့ဆုံစေသော်လည်း မရ။
မင်းသားလေး စိတ်ထဲတွင်ကား ငရဲခံရသည်ကိုသာ မြင်နေသည်။
မင်းသားလေး ၁၇-နှစ်သို့ရောက်သည့်တိုင် ထူးခြားမှုမရှိဖြင့် ပုဏ္ဏားတော်များအား ခေါ်ယူပြောဆိုရာ ပုဏ္ဏားတော်များက- မင်းသားလေး တည်ရှိနေမည်ဆိုလျှင် အရှင်မင်းကြီးသည်၄င်း၊ မိဖုရားကြီးသည်၄င်း၊ တိုင်းပြည်သည်၄င်း၊ ပျက်စီးခြင်းသို့ ရောက်ပါလိမ့်မည်။ ဤဘေးဆိုးကြီးက လွတ်မြောက်လိုက မင်းသားအား မြေတွင်း၌ မြှုပ်နှံရပါမည်-ဟု လျှောက်တင်သောအခါ ဘုရင်ကြီး တုန်လှုပ်ချောက်ချားသွား၏။
ထိုအခါ မိဖုရားကြီးက မင်းသားအား စိတ်ပြောင်းစေရန် ထီးနန်းစည်းစိမ်ဖြင့် အပ်နှင်းလေသည်။ သို့သော် ၇-ရက်စေ့သည့်တိုင် မထူးခြားသဖြင့် ဘုရင်ကြီးက ဒေါသထွက်ပြီး ရထားမှူးကိုခေါ်၍ နက်ဖြန်နံနက် မိုးသောက်လျှင် ဤမင်းသားအား ဘုရင်အသုံးအဆောင်ချွတ်၍ တောရပ်မြိုင်လယ်သို့ ရထားနှင့် ခေါ်ဆောင်သွားပြီး တွင်းတူးမြေမြှုပ်စေ-ဟု အမိန့်တော်မှတ်သည့်အတိုင်း ရထားမှူးလည်း အမိန့်တော်ကို မလွန်ဆန်နိုင်သဖြင့် တေမိယမင်းသားကို ခေါ်သွားပြီး တွင်းတူးနေစဉ်-တွင်းအထက်မှ အသံကြား၍ မော့ကြည့်လိုက်ရာ-
အိုရထားမှူး ဘာကိစ္စအတွက် တွင်းတူနေရသနည်း-
သင် မင်းမှုထမ်းသည် အပြစ်လည်းလွတ်၍ ဆုလာဘ်များပင် ရစေခြင်းငှါ ယခုပင်လျှင် ရွှေနန်းတော်သို့ပြန်၍ အကြောင်းစုံ သံတော်ဦးတင်လော့-ဟု မင်းသားဆိုလေသော် ရထားမှူးသည် ဝမ်းပန်းတသာဖြင့် အမြန်သွားလေတော့၏။ ခမည်းတော် မည်တော်နှင့်တကွ အားလုံး ဝမ်းသာမဆုံးရှိကြ၏။
ဘုရင်မင်းကြီးသည် သားတော်အား တောတွင်း၌ပင် ဘိသိက်သွန်း နန်းအပ်ကာ ပြန်ခေါ်မည်ဟုကြံစည်၍ အချိန်ယူလျက် မင်းခမ်းမင်းနားပြည့်စုံစွာ ဖန်တီးစေပြီးမှ သားတော်ရှိရာ တောရပ်မြိုင်ခြေသို့ လေးရက်မြောက်သောနေ့၌ ကြွချီတော်မူလေသည်။
ခရီးဆိုက်၍ သားတော် တေမိမင်းသားမှာ ရသေ့ဝတ်နှင့်ဖြစ်နေသည်ကို တွေ့လျှင် ဝတ်ပြုလျက်- သားတော် တောတွင်း၌ အဘယ်ကဲ့သို့သော အစာအာဟာရများ မှီဝဲနေရ၍ ဤမျှအသားအရေ အရောင်အဆင်း ဝင်း၍ ကြက်သရေမင်္ဂလာ ဆောင်ပါသနည်း။ ဖခမည်းတော် တောတွင်း၌ ဆားမပါသော သစ်ရွက်စိမ်းကိုသာ မှီဝဲရပါသည်။ အရောင်အဆင်းဟူသည်ကား-စိတ်ငြိမ်သက်သောသူ၊ ပူပင်သောက ဒေါသကင်း၍ တပ်မက်ခြင်းမရှိသူများအတွက်သာ ဖြစ်သည်။
ကောင်းပေစွ သားတော် ခမည်းတော်သည်ပင် ဤသောကကင်းဝေးသော ရသေ့ဘဝကို လိုလားလာချေပြီ။ သားတော်ကား အသက် နုပါသေး၏။ တရားဓမ္မလည်း ပြည့်ဝ၏။ ထို့ကြောင့် ခမည်းတော် တောထွက်နိုင်စေ ခြင်းငှါ ထီးမွေနန်းမွေ လက်ခံပြီး နုပျိုစဉ် ရွှေနန်းစည်းစိမ် ခံစားပါ။ အသက်ကြီးလာမှ သားတော်ရှိက သားတော်ကို နန်းအပ်ကာ တောထွက်မည်ဆိုလျှင် တိုင်းသူပြည်သားများအားလည်း ကူညီရာရောက်မည် မဟုတ်ပါလော။
အို ဖခမည်းတော် သတ္တဝါတို့မည်သည် ကြီးသည် ငယ်သည်မဟုတ် သေခြင်းဘေးက အချိန်မရွေး လာသည်မဟုတ်ပါလော၊ ရွှေနန်းစည်းစိမ်ကိုလည်း ခံစားလိုစိတ် မရှိ၍ ဆွံ့အ နားထိုင်းဟန် နေခဲ့ပြီ။ စသည်ဖြင့် တေမိယ ရသေ့လေးက အကျယ်တဝင့် တရားပြပြီးသည့်အဆုံး၌ ဘုရင်ကြီး မိဖုရားကြီးနှင့် တကွ အားလုံးသော မင်းချင်းတို့ ကျွတ်တန်းဝင်ကာ ရသေ့ဝတ်ကြကုန်သတည်း။
တေမိမင်း – ဂေါတမမြတ်စွာဘုရား
ထီးဖြူစောင့်နတ်သမီး – ဥပ္ပလဝဏ်ထေရီ
သုနန္ဒာရထားမှူး – ရှင်သာရိပုတ္တရာထေရ်
သိကြားမင်း – ရှင်အနုရုဒ္ဓါထေရ်
ဝိသုကြုံနတ်သား – ရှင်အာနန္ဒာထေရ်
ကာသိကရာဇ်မင်းကြီး – သုဒ္ဓေါဓနမင်းကြီး
စန္ဒာဒေဝီမိဖုရားကြီး – မယ်တော်မာယာ