ဟိုးရှေးအခါတုန်းက ဗာရာဏသီမင်းကြီးဟာ မှူးမတ်ဗိုလ်ပါအပေါင်းနဲ့ တောကစားထွက်စဉ် ရွှေသမင်တစ်ကောင်ဟာ မင်းကြီး ပိတ်စောင့်တဲ့ဘက်ကနေ လွတ်ပြီး ထွက်ပြေးသွားလေတယ်။ လွတ်သွားတဲ့ သမင်နောက်ကိုလိုက်ရင်း မင်းကြီးတစ်ယောက် ဘီလူးနယ်မြေထဲ ရောက်သွားသတဲ့။ ထိုနယ်မြေထဲက မာဃဒေဝ အမည်ရတဲ့ ဘီလူးဟာ သူ့အပိုင် ညောင်ပင်အောက်ကို ရောက်လာတဲ့ မည်သူမဆို ဖမ်းယူစားသောက်ခွင့်ရထားပါတယ်။ ထိုညောင်ပင်အောက်ကို ဘုရင်ကြီးက သွားနားမိလေတော့ စားမယ်ပြင်ခံရတော့တာပေါ့။ ဒါနဲ့ ဘုရင်ကြီးက သူ့ကို အခုသတ်ရင် တစ်ယောက်သာ စားရမယ် သူ့ကို အခုလွှတ်ပေးရင် နေ့စဉ်တစ်ဦးကျ အစာလာပို့ပေးရင်း ထိုသူကို သင်စားခွင့်ရှိမယ်လို့ ကမ်းလှမ်းတော့ ဘီလူးကြီးက လက်ခံလိုက်လေတယ်။
ဒီလိုနဲ့ ဘုရင်ကြီးမှာ ပေးခဲ့တဲ့ ကတိကြောင့် ဘီလူးကြီးထံကို အစာပို့ပေးမယ်ဆိုရင် အသပြာတစ်ထောင်ပေးမယ်ဆိုကာ ကြေညာမောင်းခတ်၍ ပို့ပေးနိုင်မယ့်သူကို ရှာဖွေလေတယ်။ ထိုကဲ့သို့ ရှာဖွေနေကြောင်းကို မိခင်အိုကြီးအား ပြုစုပေးနေသော သုတနုလုလင် ကြားလေသော် အသပြာတစ်ထောင်ရမည်ကို စိတ်ဝင်စား၍ ဒီအလုပ်အား လက်ခံမည်ဟု မင်းကြီးထံ လျှောက်ထားလေတယ်။ မင်းကြီးရှေ့တော်သို့ ရောက်သော် ဘီလူးကြီးထံ အစာပေးပို့ရမည့်တာဝန်ကို ယူပေးပါမည် လိုအပ်သော ပစ္စည်းများသာ ချီးမြှင့်ပေးပါရန် လျှောက်ထားလေတယ်။
လုလင်က လိုအပ်သော ပစ္စည်းများအဖြစ် ရွှေခြေနင်း၊ ထီးဖြူ နှင့် သန်လျက် တို့ကို ပေးသနားပါလို့ ဆိုပါတယ်။ သူရမည့် အသပြာတစ်ထောင်ကိုတော့ မိခင်ကြီး အလှူလုပ်နိုင်ရန် သွားပို့ပေးစေလိုကြောင်း လျှောက်ပြီး ဘီလူးကြီးထံ အစာပို့ရန် ထွက်ခွာလာပါတယ်။ လမ်းညွှန်လိုက်သည့်အတိုင်း ဘီလူးကြီးရှိရာ တောအုပ်ထဲသို့ ရောက်သော် ညောင်ပင်နား ရောက်ခါနီး မလှမ်းမကမ်းတွင် ယူလာသော ဘုရင်ကြီး၏ ရွှေခြေနင်းကို ချစီး၊ ထီးဖြူကို ဖွင့်ဆောင်းကာ ပွဲတော်အုပ်ကို လက်တစ်ဖက်က ကိုင်ကာ တစ်ဖက်မှ သန်လျက်ကိုလည်း ကိုင်ပြီး ညောင်ပင်ရင်းသို့ ဝင်ရောက်လိုက်ပါတယ်။ ဘီလူးကြီးကတော့ သူ့ထံ အစာပို့မည်သူလာပြီဆိုတော့ သတ်ဖြတ်စားသောက်ရန် အသင့်ပြင်လိုက်လေသော် လုလင်က ငါက သင့်ရဲ့ အစာမဟုတ်ပါ။ သင့်ကို အစာလာပို့သူသာ ဖြစ်ပါတယ်လို့ ဆိုလေတယ်။ ဘီလူးကြီးကလည်း ဒီညောင်ပင်အောက် ရောက်လာတဲ့ မည်သူမဆို ငါစားခွင့်ရှိတယ် လို့ ပြန်လည် ချေပလေတယ်။
ဒီတော့ လုလင်လေးက သင့်ညောင်ပင်ရိပ်မှာ ငါမခိုပဲ ဘုရင့် ထီးဖြူအောက်မှာ ခိုနေခြင်းသာ ဖြစ်ကြောင်း၊ သင့်မြေပေါ် နင်းထားခြင်း မဟုတ်ပဲ ဘုရင်ကြီး၏ ရွှေခြေနင်းပေါ်တွင်သာ နင်းထားခြင်းဖြစ်ကြောင်း၊ ဘုန်းတန်ခိုးကြီးတဲ့ ရှင်ဘုရင်ရဲ့သန်လျက်ကိုလည်း လက်နက်အဖြစ် ကိုင်ဆောင်ထားကြောင်း ဆိုလေတယ်။ ဘီလူးကြီးမှာ လုလင်ဟာ အခြားသော အစာပို့သူများနဲ့မတူ ရဲရင့်သော သူဖြစ်ကြောင်း အကဲခတ်မိသွားလေတယ်။ လုလင်က တစ်ဖန် သင်ငါ့ကို စားလိုက်မည်ဆိုရင်လည်း ငါဟာ ငါးပါးသီလ လုံခြုံစွာ စောင့်ထိန်းသူဖြစ်လို့ ငါ့ကို စားလိုက်သည်နှင့်တစ်ပြိုင်နက် သင် ဒုက္ခရောက်လိမ့်မည်ဟု ပြောလေတော့ ဘီလူးကြီးလည်း ကောင်းမှု၏ အကျိုးကို နားလည်ပြီး မကောင်းမှုကို ပယ်ရမည်မှန်း သဘောပေါက်သွားလေတော့တယ်။ ဒီလိုနဲ့ သုတနု လုလင်လေးဟာ ဘီလူးကြီးကို သတ္တဝါများအပေါ် မေတ္တာထားဖို့ သူ့အသက်သတ်ခြင်းကို ရှောင်ရှားဖို့ နဲ့ ငါးပါးသီလ လုံအောင်စောင့်ထိန်းလို့ စိတ်ထားဖြူစင်အောင်ထားပါဟု တရားချလေသော် ဘီလူးကြီးလည်း အကျွတ်တရား ရသွားပါတော့တယ်။
ဒီလိုနဲ့ လုလင်လေးဟာ ရဲရင့်လှတဲ့ သတ္တိ နဲ့ ပိုင်ဆိုင်ထားတဲ့ အသိဉာဏ်ပညာတို့ကို ကောင်းစွာ အသုံးချလို့ မိမိအကျိုးကော သူတစ်ပါးအကျိုးပါ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့လို့ ဘုရင်ကြီးက ဆုလက်ဆောင်တွေ ချီးမြှင့်လေတယ်။
#credit