Home LITERATURE ရိုးဖြောင့်သော သစ်ခုတ်သမား

ရိုးဖြောင့်သော သစ်ခုတ်သမား

72

တစ်နေ့သ၌ သစ်ခုတ်သမားတစ်ယောက်သည် မြစ်ကမ်းနားတွင် သစ်ပင်တစ်ပင်ကို ပုဆိန်ဖြင့် ခုတ်လှဲနေစဉ် ပုဆိန်သည် လက်မှလွတ်၍ မြစ်ထဲသို့ ကျသွားလေ၏။ သစ်ခုတ်သမားသည် ပုဆိန်ကို ပြန်ရနိုင်ရန် အမျိုးမျိုးကြိုးစားသော်လည်း မရနိုင်ဘဲရှိလေသည်။ နောက်ဆုံး၌ သစ်ခုတ်သမားသည် ကမ်းနဖူးပေါ်တွင် ထိုင်လျက် ငိုယိုမြည်တမ်းကာ နေလေ၏။

သစ်ခုတ်သမား၏ ငိုယိုမြည်တမ်းသံကို ကြားသော မြစ်စောင့်နတ်သည် အသင်ယောက်ျား အဘယ်ကြောင့် ငိုသနည်းဟု မေးလေ၏။ သစ်ခုတ်သမားက ကျွန်ုပ်၏ပုဆိန်သည် ရေထဲသို့ ကျသွားသောကြောင့် ငိုပါသည်ဟု ပြန်ပြောလေ၏။ မြစ်စောင့်နတ်သည် မြစ်ထဲမှ ရွှေပုဆိန်ကိုယူ၍ သစ်ခုတ်သမားအားပြလျက် သင်ပျောက်ဆုံးသောပုဆိန်သည် ဤပုဆိန်လောဟု မေးလေ၏။ သစ်ခုတ်သမားက ဤပုဆိန်သည် ကျွန်ုပ်ပျောက်ဆုံးသွားသော ပုဆိန်မဟုတ်ပါဟု ပြန်ပြောလေ၏။ မြစ်စောင့်နတ်သည် တစ်ဖန်မြစ်ထဲမှ ငွေပုဆိန်ကို ယူပြီးလျှင် ရှေးနည်းတူ မေးပြန်၏။ သစ်ခုတ်သမားက ဤပုဆိန်သည် ကျွန်ုပ်၏ပုဆိန်မဟုတ်ပါဟု ရိုးဖြောင့်စွာ ပြန်ပြောလေ၏။ မြစ်စောင့်နတ်သည် တစ်ဖန် မြစ်ထဲမှ သံပုဆိန်ကို ယူ၍ပြသောအခါ သစ်ခုတ်သမားက ကျွန်ုပ်ပျောက်ဆုံးသွားသောပုဆိန်မှာ ဤပုဆိန်ဖြစ်ပါသည်ဟု အားရဝမ်းသာစွာ ပြောလေ၏။

မြစ်စောင့်နတ်သည် ရိုးသားဖြောင့်မတ်ခြင်းကို အလွန်နှစ်သက်၍ ရွှေပုဆိန်၊ ‌ငွေပုဆိန်နှင့် သံပုဆိန်တို့ကို သစ်ခုတ်သမားအား ပေးလိုက်လေ၏။

သစ်ခုတ်သမားသည် ရွာသို့ရောက်သော် မိမိဖြစ်ပျက်ခဲ့သော အကြောင်းကို ရွာသားတို့အား ပြောပြလေသည်။ ရွာသားတစ်ဦးသည် သစ်ခုတ်သမား၏စကားကို မှတ်သား၍ ထိုမြစ်ကမ်းနားသို့ သွားလေသည်။ သစ်ပင်ကို ခုတ်လှဲဟန်ဆောင်၍ ပုဆိန်ကို ရေထဲသို့ ပစ်ချလိုက်လေသည်။ ထို့နောက် ပုဆိန်ရေထဲကျသွားသဖြင့် ဝမ်းနည်းဟန်ဆောင်၍ ငိုကြွေးမြည်တမ်းလေ၏။

ထိုရွာသားငိုသံကို ကြားလျှင် မြစ်စောင့်နတ်သည် ပေါ်လာ၍ ရှေးနည်းတူ မေးပြန်လေ၏။ ရွာသားသည် မိမိပုဆိန်ရေထဲသို့ကျသွား၍ ငိုကြွေးကြောင်း ပြောပြလေ၏။ မြစ်စောင့်နတ်သည် မြစ်ထဲမှ ရွှေပုဆိန်ကိုယူပြီး ဤပုဆိန်သည် သင်၏ပုဆိန်လောဟု မေးလေ၏။ ရွှေပုဆိန်ကို မြင်လျှင် ရွာသားသည် အရှင်နတ်မင်း ဤပုဆိန်သည် ကျွန်ုပ်၏ပုဆိန်ဖြစ်ပါသည်ဟု လိမ်လည်ပြောဆိုလေသည်။ လိမ်လည်ပြောခြင်းကို မနှစ်သက်သဖြင့် မြစ်စောင့်နတ်သည် ရွှေပုဆိန်ကို ကိုင်လျက် ကွယ်ပျောက်သွားလေသည်။ ရွာသားမှာ ရွှေပုဆိန်ကိုလည်းမရ၊ အိမ်ကပါလာသော သံပုဆိန်လည်း ဆုံးရှုံးရလေသတည်း။
#crd