ကလေးနှင့်အသားဝါခြင်း…
အခုနောက်ပိုင်း မွေးကင်းစကလေး ၄ယောက်မှာ ၁ယောက်လောက်က အသားဝါပြီး မီးပြရတာ ထုံးစံလိုတောင် ဖြစ်နေပါပြီ။
မွေးကင်းစကလေးငယ်လေးတွေမှာ သွေးနီဥ ဟေမိုကလိုဘင်ပမာဏ အရမ်းများပါတယ်။ သွေးနီဥလေးတွေက သက်တမ်းလဲတိုပါတယ်။ ပျက်စီးသွားတဲ့ သွေးနီဥလေးတွေက ထွက်တဲ့ အဝါဓာတ် ကို အသဲက သန့်စင်ပြီး ဆီးအဖြစ်စွန့်ပစ်ရပါတယ်။ဒါကြောင့် ခန္ဓာကိုယ်မှာ အ၀ါဓာတ်မပုံဖို့ဆိုရင် ဆီးများများသွားဖို့လိုအပ်ပါတယ်။
အသား၀ါစေတဲ့ အကြောင်းအရာတွေကတော့ အမေနဲ့ကလေးသွေးမတည့်ရင် ၊ Rh ဆိုတဲ့ သွေးအပေါင်း အနှုတ်မတည့်ရင် ၊ ကလေးထံ ရောဂါပိုး၀င်ရင် ၊ ကလေးအသည်းလုပ်ဆောင်
ချက်မကောင်းရင် နဲ့ နို့ကြောင့် အသား၀ါတာတွေဖြစ်တတ်ပါတယ်။
အဓိကကတော့ အမေနို့၀င်အောင်တိုက်ဖို့နဲ့ ဆီးသွားများဖို့ပါပဲ။ကလေးအိပ်နေလဲ နှိုးတိုက်ရပါမယ်။ ကလေးဆီးသွားနည်းပြီး ဆီးရောင်ရင့်ရင် သတိထားရပါမယ်။ အသား၀ါ မ၀ါကို နေရောင်ထဲ ထွက်ကြည့်မှ ပိုမှန်ကန်ပါတယ်။
အသား၀ါပြီးလို့ မီးပြပြီးရင်တောင် အ၀ါဓာတ်ကို မျက်ခြေမပြတ်စောင့်ကြည့်ဖို့ လိုပါတယ်။ လနဲ့ချီကြာ ၀ါပြီဆိုရင် ကလေးဆရာ၀န်နဲ့ ပြသပြီး သွေးစစ်ဖို့ လိုအပ်လာပါပြီ။
ကလေးအသား၀ါတာ သတိမထားမိဘဲ ၀ါတဲ့ဓာတ်တွေ အရမ်းများပြီး ဦးနှောက်အထိပါ ရောက်သွားရင်တော့ ကလေးငယ်အတွက် အသက် အန္တရာယ် သို့မဟုတ် နာတာရှည် တသက်တာလုံး ခန္ဓာကိုယ်နဲ့ အသိအာရုံ ချွတ်ယွင်းတာတွေ ဖြစ်စေတတ်ပါတယ်။
ကလေးကို မီးပြဖို့ လိုမလို အသားဝါဓာတ်သိဖို့ ခြေဖနောင့်ကို သွေးဖောက်ရတဲ့ အချိန်နဲ့ မီးပြနေတုန်း ကလေးငိုရင်တောင် မိခင်တစ်ယောက်အနေနဲ့ ချီပိုးပြီး နို့တိုက်ခွင့်မရတဲ့ အချိန်ဟာ တော်တော်လေး နာကျင်ခံစားရတဲ့ အိပ်မက်ဆိုး တစ်ခုပါပဲ။
မေမေတို့ အနေနဲ့ ကလေးကို နို့များများတိုက်ပေးခြင်းဖြင့် ဆီးများများသွားစေဖို့က အဓိကပါပဲ။
#crd






