Home မုန့်လုပ်နည်း ထပ်တရာလုပ်နည်း၆ ချပ်

ထပ်တရာလုပ်နည်း၆ ချပ်

68

ထပ်တရာလုပ်ရာမှာ မုန့်သား (dough) စပ်နည်းအမျိုးမျိုးရှိသည့်အနက် နိူ့ဆီ၊ ကြက်ဥ၊ ထောပတ်၊ margarine မထည့်သော ဒီနည်းလေးကတော့ ပါဝင်ပစ္စည်း နည်းသော်လည်း ကြွပ်ရွမွကာ စားကောင်းစေပါတယ်။

မုန့်သား (dough) စပ်နည်းမှန်ပေမယ့် မုန့်သားနယ်၊ ပြား၊ လိပ်တာ အရေးပါသလို၊ မီးအပူရှိန်၊ ဆီ အနည်းအများကလည်း အရေးပါလှပါတယ်။

***… ထပ်တရာ လုပ်ရန်လိုအပ်တာလေးတွေ …

1. bread flour (0r) plain flour – 1 1/2 cups (375 ml)
2. baking powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
3. သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
4. ဆား – လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံခန့်
5. ဆီ – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
6. ရေပူ – 1/2 cup (125 ml)

အမှတ်စဉ် 1,2,3,4 ကို နှံသွားအောင် သေသေချာချာရောနှောပြီးနောက် ဆီ နှင့် ရေပူဖြန့်ပြီးလောင်းထည့်ကာ ဇွန်းဖြင့် ၁ မိနစ်ခန့်မွှေရောပါ။

လက်ဖြင့်ကိုင်နိူင်သော ခပ်နွေးနွေးအနေအထားဖြစ်သွားလျှင် doughသား နူးညံ့အောင် ဖိနယ်ဆုပ်နယ်ခြင်း၊ လက်ဖနောင့်ဖြင့်ဖိခြင်းများ ၁၀ မိနစ်ခန့် လုပ်ပေးပါ။

doughသား နူးညံ့သွားလျှင် အလုံးပုံစံလေးလုပ်ကာ အဖုံး ဖုံး၍ မိနစ် ၃၀ ခန့့် နှပ်ထားပါ။ (ပွအောင်ထားခြင်းမဟုတ်ပါ၊ မုန့်သားညက်စေရန်အတွက်ဖြစ်ပါတယ်။)

ပြီးလျှင် ပြန်ဖိနယ်ကာ ညီညာသောအပိုင်း ၆ ပိုင်းဖြတ်၍ အလုံးလေးများလုပ်ပါ။
ဆီ ထမင်းစာဇွန်း ၃ ဇွန်း ဖြန့်လောင်းထည့်၍ မုန့်သားများထဲ ဆီစိမ့်ဝင်စေရန် တစ်လုံးချင်းစီကို ခပ်ဖွဖွကိုင်ဆုပ်ပြီးနောက် အဖုံး ဖုံး၍ ၁ နာရီခန့် ထပ်နှပ်ထားပါ။

ပြီးနောက် ဆိုင်များတွင် လုပ်သကဲ့သို့ ပလာတာမရိုက်တတ်(ချင်)ပါက ဆီအတော်များများ သုတ်ထားသော ပြင်ညီပေါ်တွင် dough လုံးတစ်လုံးတင်ကာ rolling pan ဖြင့် အောက်ပါအတိုင်း အရမ်းပါးပြားသွားအောင် လှိမ့်ပေးပါ။

(နေရာလွတ်မကျန် အရမ်းပါးပြားသွားဖို့လိုအပ်ပါတယ်။)

ပါးပြားသွားလျှင် ဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့် ဖြန့်ဆမ်းကာ နှံ့သွားအောင် လက်ဖြင့်ပွတ်ဖြန့်ပြီးနောက် ပုံပါအတိုင်းအနားစွန်းမှ ဖြည်းဖြည်းမပြီး ခွါသွားပါ။

ခွါပြီးသွားလျှင် စုကိုင်ပြီး ပြန်ချထားပါ။ (၁ ပေခွဲ (၁၈ လက်မ) ခန့်အရှည်ရှိပါတယ်။)

အနားစွန်းမှစ၍ လိမ့်ခေါက်သွားပါ။

၁ လက်မခန့် ကျန်လျှင် ဆက်မလိမ့်ပဲ …

မုန့်အောက်ဖက်ထဲ ခေါက်ထည့်ပေးပါ။

ကျန်သည်များကိုလည်း အထက်ပါအတိုင်းလုပ်၍ ဆီသုတ်ထားသော ပန်းကန်တွင် ထားပါ။ (ဆီ အနည်းငယ်ဖြန့် ဆမ်းပေးထားပါ။)

ဆီသုတ်ထားသော ပြင်ညီတွင်ထား၍ အချင်း ၅ လက်မခန့်ရရန် rolling pan ဖြင့် ခပ်ဖွဖွလှိမ့်ပြားပေးပါ။

ပြားပြီးလျှင် ဆီ – ထမင်းစားဇွန်း ၁ ဇွန်းခန့်ထည့်ထားသည့် မကပ်နိူင်သော ဒယ်အိုးပြားပူပူထဲ ထည့်ကာ medium high heat ဖြင့် စက္ကန့် ၃၀ ခန့် ထားပါ။
(အိုး နှင့် ဆီ ပူနေဖို့လိုပါတယ်။)

နောက်တစ်ဖက်လှန်ပြီးလျှင် ဆီ – ထမင်းစားဇွန်း ၁ ဇွန်းခန့်ကို မုန့်အနားသား ပတ်ပတ်လည် လောင်းပေးပါ။ (ဆီထည့်ပေးခြင်းဖြင့် ပွတက်လာစေပါတယ်။)

မုန့်သားကြွပ်ရွတက်လာအောင် မကြာခဏ ဟိုဖက် ဒီဖက်လှန်ပေးပါ။

မုန့်အရောင်စိတ်ကြိုက်ရလျှင် အိုးမှဖယ်ကာ ပန်းကန်ပြားပေါ်တင်၍ လက်ဝါး ၂ ဖက်ကြားထားကာ လက်ခုပ်တီးသကဲ့သို့ ၃ – ၄ ခါ လုပ်ပေးပါ။ မုန့်ပူပူကို ထိုကဲ့သို့လုပ်ပေးခြင်းဖြင့် မွမွလေးဖြစ်စေပါတယ်။ (သို့) မိမိအဆင်ပြေရာနည်းကို သုံးပေးပါ။

ကျန်သည်မုန့်များကိုလည်း အထက်ပါနည်းအတိုင်းလုပ်ပါ။ ဒယ်အိုးထဲမှ ဆီ ပမာဏ ထမင်းစားဇွန်း ၁ ဇွန်းခန့် အမြဲရှိနေစေရန် လိုအပ်သလောက်ထပ်ထည့်ပြီးမှ ဆက်လုပ်ပေးပါ။ မုန့်အနားသားပတ်ပတ်လည် ဆီ လောင်းပေးပါ။

Crd