Home FOR LEARN သင့်ကားရဲ့ အပျက်များဆုံး ကားအစိတ်အပိုင်း (၁၄) မျိုး

သင့်ကားရဲ့ အပျက်များဆုံး ကားအစိတ်အပိုင်း (၁၄) မျိုး

2

ကားတွေမှာ အပျက်များဆုံး အစိတ်အပိုင်းတွေရှိပါတယ်။ ကားတစ်စီးလုံးနဲ့ ခြုံပြောရရင် အင်ဂျင် ၊ ဂီယာဘောက်က အပျက်စီးနည်းတဲ့ထဲပါပါတယ်။ ခုနောက်ပိုင်း ကားအုံနာတွေက ခေါင်းစားမခံဘူး။ အင်ဂျင်မကောင်းရင် ဂျပန်ကျတစ်လုံးကောက်လဲလိုက်တာပါပဲ။ ဝယ်လို့မရတဲ့ အင်ဂျင်တွေမှသာ ပက်ကားကိုင်တာတွေဘာတွေလုပ်ကြတာပါ။ ဒါ့ကြောင့် ကားအစိတ်အပိုင်းတွေသိသင့်ပါတယ်။ ဘယ်အစိတ်အပိုင်းတွေ ပျက်လဲကြိုသိထားခဲ့ရင် လိုအပ်တဲ့ အစိတ်အပိုင်းတွေကို လဲလှယ်ပြုပြင်ရာမှာ အထောက်အကူပြုမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကားမှာ ဒီလိုအစိတ်အပိုင်းတွေက အပျက်စီးများတက်တယ်။ လေ့လာကြည့်ရအောင်ပါ။

၁။ တိုင်မင်ဘက်ကြိုး
တိုင်မင်ဘက်ကြိုးတွေက သူ့သက်တမ်းနဲ့သူ မပျက်စီးသည့်တိုင်အောင် သက်တမ်းလွန်သွားရင် ဆက်မသုံးသင့်တဲ့ ကားပစ္စည်းအမျိုးအစားဖြစ်ပါတယ်။ ပုံမှန်တိုင်မင်ကြိုး တစ်ချောင်းရဲ့သက်တမ်းက မိုင်၈၀၀၀၀ ကျော်လောက်အသုံးခံပါတယ်။ တိုငိမင်ကြိုးပျက်ရင် အင်ဂျင်အစိတ်အပိုင်းတွေပျက်စီးတက်ပါတယ်။

၂။ ဘရိတ်ပတ် ၊ ဘရိတ်ရူးတွေ
ကားရဲ့ ဘရိတ်စနစ်တွေကလည်း အလွန်အရေးကြီးတယ်။ ဘရိတ်ပတ်တွေကို သူ့သက်တမ်းနဲ့သူ လဲလှယ်ပေးသင့်ပါတယ်။ ဘရိတ်အုပ်မရတော့မှ ဘရိတ်ရူးလဲမယ်ဆိုတာကလည်း မှန်ကန်တဲ့ နည်းလမ်းမဟုတ်ပါဘူး။ ဘရိတ်ပတ်တွေကို မိုင် ၆၀၀၀၀ လောက်ထက် ပိုမသုံးသင့်ပါဘူး။

၃။ ရေတိုင်ကီ နဲ့ ဆက်စပ်အစိတ်အပိုင်းများ
အင်ဂျင် ဟိတက်ခြင်း ၊ မတက်ခြင်းသည် အင်ဂျင်ရေလိုင်းနဲ့ များစွာသက်ဆိုင်ပါတယ်။ အင်ဂျင်တစ်လုံးရဲ့ ကျန်းမာရေးသည် ဟိမတက်ခြင်းပေါ် များစွာသက်ဆိုင်ပါတယ်။ ဒါ့ကြောင့် ရေလိုင်းကောင်းဖို့လိုပါတယ်။ ရေလိုင်းနဲ့ပတ်သက်တဲ့ ကူးလန့်အရည်အသွေး ၊ ရေတိုင်ကီ ၊ ပြန်ဗူးများ ၊ ရေပိုက်များ ၊ ရေတိုင်ကီဖုန်းများ စတာတွေ မကောင်းရင် အချိန်မဆွဲဘဲ အလျင်အမြန်လဲလှယ်သင့်သည်။ ၎င်းတို့ကောင်းမကောင်း သတိထားစစ်ဆေးဖို့လဲလိုပါလိမ့်မယ်။

၄။ အော်တာနေတာ
ကားမှာဆိုရင် အော်တာနေတာက အရေးကြီးသည် AC ထုတ်ပေးသော်လည်း DC ပြောင်းပြီး battery ကိုပို့ပေးသည်။ battery ကနေ ကွန်ထရိုးစနစ် ၊ မီးစနစ် ၊ ပါဝါဝင်းဒိုး ၊ ဝိုက်ဘာ စတဲ့ အစိတ်အပိုင်းအားလုံး အလုပ်လုပ်ဖို့ အော်တာနေတာက ကောင်းမှသာ ၎င်းတို့အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ အော်တာနေတာ အရေးဘယ်လောက်ကြီးလည်းဆိုရင် ဒိုင်နမို ၊ မော်တာ ၊ ဝါယာရိန်းသီးသန့်လုပ်တဲ့ဆိုင်တွေပဲကြည့်ကြည့်ပါ။ ဒါ့ကြောင့် အော်တာနေတာကို ကားရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းအဖြစ် ထည့်ကိုထည့်ပေးရပါမယ်။

၅။ ကားရေလည်အုံ
ကားရဲ့ ရေလည်အုံကလည်း ကားရဲ့ အပျက်အများဆုံးအစိတ်အပိုင်းထဲက တစ်ခုဖြစ်ပါတယ်။ ဘာလို့လဲတော့မသိဘူး။ ကားတွေ ဟိ တက်ရင် အများစုက ရေလည်အုံ အလုပ်မလုပ်လို့ ပျက်ကြတာက များပါတယ်။

၆။ ရှော့အိတ် ၊ ရှော့ဘား
ကားအောက်ပိုင်းတွေ အသံထွက်နေတယ်။ ရှော့ဘား စောင့်တယ်။ ရှေ့ရှော့ ၊ နောက်ရှော့ စသဖြင့် နာမည်ခေါ်ပြောနေကြတာရှိပါတယ်။ ရှော့ဘားမကောင်းရင် သိသာတယ်။ ကားက ပုံမှန်ထက် ပိုပြီးခုန်တယ်။ ကားမစောင့်ဖို့ ရှော့ တွေက အသက်ဖြစ်ပါတယ်။ ရှော့ဘားမကောင်းတာကို မောင်းတဲ့သူထက် ထိုင်စီးတဲ့သူက ပိုသိပါတယ်။ ဘယ်နေရာမကောင်းလဲသာ မပြောတက်တာ။ ရှော့တွေက အရည်အသွေးပေါ်လိုက်ပြီးသက်တမ်းအနည်းများရှိတယ်။ ပုံမှန် ရှော့တစ်လုံးသည် ကီလို ၈၀၀၀၀ လောက်သုံးလို့ရပါတယ်။ ရှော့ မကောင်းရင် ဘရိတ်အုပ်ရတာ အဆင်မပြေ ၊ ဘရိတ်ပတ်တွေ ပိုပျက်တယ် ၊ ကွိုင်တွေ ပိုပျက်တယ် ၊ ဝိတ်အနည်းအများမတူလို့ တာယာတွေပိုစားတယ်။ စတီယာအထိန်းအသိမ်းသိပ်မကောင်းချင်ဘူး။

၇။ CV joint

ကားအောက်ပိုင်းစစ်ရင် CV joint တွေစစ်ဖို့လိုပါတယ်။ CV joint တွေကို မြန်မာစက်ဆရာတွေက ဒူးစစ်လို့ ခေါ်ကြတယ်။ ဒူးဆစ်မကောင်းရင် ကားကွေ့ရင်သိပ်သိသာတယ်။ ဆက်ကိုမမောင်းရဲသလောက်ပါဘဲ။ ဒူးစစ်ဆိုတဲ့ အတိုင်း အကွေအပြုများလို့ ကြာရင် ဒူးဆီခမ်းတယ်။ အမဲဆီခမ်းတာကို ပြောတာပါ။ သက်တမ်းလည်းကြာတယ်။ ဒူးဆစ်သဲကားတွေပျက်စီးပြီး ဂလုပ်ဂလုပ်နဲ့ အမဲဆီထည့်လဲ မထူး အသံထွက်လာပြီဆိုရင်တော့ ဒူးဆစ်တွေလဲသင့်နေပါပြီ။ တချို့ ကားဆရာတွေကလည်း ဒူးဆစ်မကောင်းလို့ ကားဆောင့်တာကို ဂီယာဆောင့်တာလို့ အထင်မှားတက်ကြပါတယ်။ ဒူးဆစ်တွေကလည်း ကောင်းရင် ကီလို ၈၀၀၀၀ ကနေ ၁၀၀၀၀၀ လောက်ထိ ခံတာမျိုးတွေ့ရပါတယ်။

၈။ ကလပ်ပြားတွေ

မန်နူရယ်ဖြစ်ဖြစ် ၊ အော်တိုပဲဖြစ်ဖြစ် ကလပ်ပြားတွေပါကြတယ်။ သီအိုရီအရဆိုရင် မန်နူရယ် ကလပ်ပြားတွေက ပိုပြီးပျက်စီးတက်တယ်။ အော်တိုဂီယာဘောက်ရှိ ကလပ်ပြားတွေကလည်း ပျက်စီးပါတယ်။ ၎င်းတို့ ပျက်စီးရင် ကားမသွားတော့တဲ့အထိ ပြဿနာရှိတက်ပါတယ်။ ဒါ့ကြောင့် ကလပ်ပြားတွေကို ပျက်မှ လဲမယ်ဆိုတာမျိုးမဟုတ်ပဲ။ သက်တမ်းကို တွက်ကြည့်ပြီး ကလပ်ပြား ကောင်းသေးသည့်တိုင် အချိန်မတိုင်ခင်လဲလှယ်သင့်ပါတယ်။ ဒါ့ကြောင့် ကလပ်ပြားတွေကိုလည်း အပျက်စီးများတက်တဲ့ ကားအစိတ်အပိုင်းထဲ ထည့်ရပါမယ်။

၉။ အင်ဂျင်အဝိုင်းစီးလ်များ ၊ ဂီယာဘောက်အဝိုင်းစီးလ်များ

အင်ဂျင်နဲ့ဂီယာ သက်ဆိုင်ရာ အစိတ်အပိုင်းတွေမှာ အင်ဂျင်ဝိုင် ၊ ဂီယာဝိုင်တွေ မယိုမစိမ့်အောင် လုပ်ပေးရမည့် အဝိုင်းစီးလ် ရှိပါတယ်။ ဝိုင်းစီးများ အရေးပါပုံကို နောက်ပိုင်းမကျယ်ရေးသွားပေးပါ့မယ်။ အင်ဂျင်အဝိုင်းစီးတွေ မကောင်းရင် အင်ဂျင်ဝိုင်စားမယ် အင်ဂျင်ဟိတက်မယ်။ ဂီယာဘောက်အဝိုင်းစီးတွေ ပေါက်ရင်တော့ ကားအထနှေးမယ်။ အဝိုင်းစီးတွေကလည်း သက်တမ်းလွန်ပြီးသုံးလို့ မရတဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ဂရုတစိုက်လဲပေးဖို့လိုပါမယ်။

၁၀။ စတက်တာမော်တာ
စတက်တာမော်တာကလည်း ကားရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းထဲမှာပါတယ်။ ဘာကြောင့် အရေးကြီးလဲဆိုတာကတော့ အမြဲတမ်းအလုပ်လုပ်နေရလို့ဖြစ်ပါတယ်။ အမြဲတမ်းအလုပ်လုပ်ရတာကြောင့် အပျက်စီးများတာကလည်း သဘာဝပဲဖြစ်ပါတယ်။ သူ့မကောင်းရင် ကားအနိုးထိုင်းတာမျိုးရှိတယ်။

၁၁။ ဝိုင်းပန့်
အင်ဂျင်မှာ အင်ဂျင်ဝိုင်ပန့် ၊ ဂီယာမှာလည်း ဂီယာဝိုင်ပန့် ရှိတယ်။ ထိုအစိတ်အပိုင်းတွေက ကားရဲ့ အပျက်များဆုံး အစိတ်အပိုင်းထဲမှာပါပါတယ်။

၁၂။ မောင်းတိန်း
မောင်းတိန်းတွေ ပျက်လို့ ကားခုန်တယ် ၊ ကားဆောင့်တယ်။ ဂီယာဘောက်မှာလည်း ဂီယာမောင်းတိန်းမကောင်းလို့ ဂီယာဆောင့်တာတွေကြုံဖူးကြမှာပါ။ ဒါ့ကြောင့် မောင်းတိန်းတွေကို ဂရုမစိုက်လို့မရတဲ့ ကားအစိတ်အပိုင်းများအဖြစ်သက်မှတ်ကြရမယ်။ ​အရောင်းသွတ်တဲ့ ကားပစ္စည်းအမျိုးစားထဲမှာလည်း မောင်းတိန်းတွေကိုထည့်ပေးရပါမယ်။

၁၃။ ဝှီးဘယ်ရာရင်
ကားရဲ့ဝှီးဘယ်ရာရင်တွေပြဿနာက ဆိုဒ်မမှန်တာထည့်တာပဲဖြစ်ပါတယ်။ အဲ့ဒါအရေးကြီးတယ်။ ဆိုဒ်အတိအကျသိမှသာ ဘယ်ရင်သက်တမ်းပိုကောင်းတယ်။ ရေမြုတ်လမ်းမှာမောင်းတာ ၊ လမ်းအလွန်ကြမ်းမှာသုံးတာ ၊ ဘယ်ညာ တာယာဆိုဒ်တွေမတူတာ ၊ ဝှီးနားတဝိုက် ပျက်စီးထိခိုက်မိတာကြောင့် ဝှီးဘယ်ရာရင်တွေပျက်စီးတက်ပါတယ်။

၁၄။ ယူနီဗာဆယ်ဂျိုင့်
ယူနီယာဆယ်ဂျိုင့်တွေက လူအများစု သတိမထားမိတဲ့ ကားအစိတ်အပိုင်းတစ်မျိုးဖြစ်ပေမဲ့ သူလည်းပဲလည်း ကားရဲ့ အဓိက အစိတ်အပိုင်းဖြစ်တဲ့ ဂီယာနဲ့ကရောင်းကို ချိတ်ဆက်မောင်းနှင်ပေးတဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် အပျက်စီးရှိတယ်။ ဒါ့ကြောင့်လဲ အရေးကြီးအစိတ်အပိုင်းအဖြစ်သက်မှတ်ပေးရပါမယ်။
#credit