Home LITERATURE လက္ခဏမိဂဇာတ်

လက္ခဏမိဂဇာတ်

3

(အကျင့်သီလ လုံခြုံသဖြင့် အခြံအရံနှင့်တကွ ပြည့်စုံသော လက္ခဏသမင် အကြောင်း)

ပစ္စုပ္ပန် ဝတ္ထု

ဒေဝဒတ်နောက်ပါ ရဟန်းငါးရာ
နတ်လူတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် မြတ်စွာဘုရားထံ ငါးပါးသော ဝတ္ထုတို့ကို တောင်းပန်၍ မရသည်ရှိသော် သံဃာကို သင်းခွဲလျက် ရဟန်းငယ် ငါးရာတို့ကို ဖြားယောင်း သွေးဆောင်ကာ ဂယာသီသသို့ သွား၍ နေလေ၏။
မြတ်စွာဘုရားလည်း ရဟန်းငယ် ငါးရာတို့ ဉာဏ်ရင့်သန်ခြင်းသို့ ရောက်နေသည်ကို သိတော်မူလျှင် ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန် အဂ္ဂသာဝက နှစ်ပါးတို့ကို ခေါ်တော်မူ၍ “ သာရိပုတ္တရာ၊ မောဂ္ဂလာန်တို့ … သင်တို့ တပည့် ရဟန်းငယ် ငါးရာတို့သည် ဒေဝဒတ်နှင့်အတူ လိုက်ကြကုန်ပြီ၊ ရဟန်းများနှင့်သွားကာ တရားဟော၍ အရဟတ္တဖိုလ်ဖြင့် ဆင်မြန်းပြီး ငါဘုရားထံ ပြန်၍ ခေါ်ခဲ့ကြ” ဟု မှာထားကာ စေလွှတ်တော်မူ၏။

ရှင်သာရိပုတ္တရာ တပည့်ငါးရာ
ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့လည်း ရဟန်းများ ခြံရံကာ ဂယာသီသသို့သွား၍ ရဟန်းငယ် ငါးရာတို့ကို တရားဟောကာ အရဟတ္တဖိုလ်ဖြင့် ဆင်မြန်းပြီးလျှင် နံနက် အရုဏ်တက်ချိန်တွင် ခေါ်ယူခဲ့၍ မြတ်စွာဘုရားထံသို့ ရောက်ကြကုန်၏။
ရဟန်းတို့လည်း “အစ်ကိုကြီး သာရိပုတ္တရာ အခြံအရံ တပည့် ငါးရာဖြင့် တင့်တယ်ပါပေသည်၊ ဒေဝဒတ်မှာကား အခြံအရံမှ ဆုတ်ယုတ်သည်” ဟု မြတ်စွာဘုရားကို လျှောက်ကြကုန်၏။ မြတ်စွာဘုရားသည် ”ချစ်သား ရဟန်းတို့ … သာရိပုတ္တရာမှာ ယခုမှသာလျှင် ဆွေမျိုးအပေါင်း ခြံရံကာ တင့်တယ်သည် မဟုတ်၊ ရှေးအခါကလည်း တင့်တယ်ဖူးပြီ၊ ဒေဝဒတ်မှာ ယခုမှသာ ဆွေမျိုးအပေါင်း ဆုတ်ယုတ်သည် မဟုတ်၊ ရှေးအခါကလည်း ဆုတ်ယုတ်ခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လက္ခဏ၊ ကာဠ ဒွေမိဂ
လွန်လေပြီးသောအခါ မဂဓတိုင်း ရာဇဂြိုဟ်ပြည်ဝယ် မဂဓမင်း မင်းပြုသည်ရှိသော်၊ သမင်တစ်ထောင် ခြံရံကာ သမင်မင်းသည် တစ်ခုသော တောအုပ်တွင် နေလေ၏။ ထိုသမင်မင်း၌ လက္ခဏမည်သော သား၊ ကာဠ မည်သော သား ဟူ၍ သားနှစ်ယောက်တို့သည် ရှိကုန်၏။ သမင်မင်းသည် သားနှစ်ယောက်တို့ကို ခေါ်၍ “အမောင်တို့ … ယခု အခါ ငါ့မှာ အိုမင်းပြီ၊ ပရိသတ်ကို မထိန်းနိုင်၊ အမောင်တို့ နှစ်ယောက်သာ တစ်ယောက် ငါးရာစီ ထိန်းသိမ်းစောင့်ရှောက်ကြလော့” ဟု အပ်နှင်းကာ အေးချမ်းစွာ နေလေ၏။ ထိုအခါမှစ၍ သမင်နှစ်ကောင်တို့လည်း အခြံအရံ ပရိသတ် ငါးရာစီ ထိန်းသိမ်းစောင့်ရှောက်ကြကုန်၏။

လောင်းမြတ်မိန့်မှာ ဘေးလွတ်ရာ
စပါးမှည့်ချိန်၌ သမင်တို့မှာ ဘေးရန်များကုန်၏။ စပါးစားသော သမင်တို့ကို သတ်ရန် ကျင်းတူးခြင်း၊ ငြောင့်၊ တံကျင် စိုက်ခြင်း၊ ကျောက် ယန္တရား လွှတ်ခြင်း၊ လျှို့ဝှက်သော ကျော့ကွင်းထောင်ခြင်း စသည်တို့ကို ပြုလုပ်ကြကုန်၏။ ထိုဘေးရန်ကြောင့် သမင်များ ပျက်စီးခြင်းသို့ ရောက်ကုန်၏။
ထိုအခါ သမင်မင်းသည် သားနှစ်ယောက်ကို ခေါ်၍ “အမောင်တို့ … ယခုအခါ စပါးမှည့်ချိန် ရောက်သဖြင့် သမင်တွေ ဘေးရန်များလှသည်၊ သို့အတွက် သမင်အပေါင်းကို ယူဆောင်၍ တောင်ခြေရင်းသို့ သွားကြလော့၊ စပါး ရိတ်သိမ်းပြီးချိန်ရောက်မှ ပြန်လာကြလော့” ဟု ဆုံးမစကား ပြောကြားကာ လွှတ်လေ၏။ သမင်တို့လည်း ကောင်းပြီဟု အဖစကား နားထောင်ကာ အခြံအရံနှင့် ထွက်သွားကြကုန်၏။

သူမိုက်နောက်ပါ ပျက်စီးရှာ
ကာဠသမင်သည် အသိအလိမ္မာပညာ နည်းပါးသည့် အတွက် သွားသင့်၊ မသွားသင့်သော အချိန်အခါကို မသိဘဲ နေ့၊ ည မရွေး ရွာနားသို့သွားလေရာ လူတို့ ပစ်ခတ် သတ်ပုန်ကြသဖြင့် သမင်အများ ဆုံးပါးပျက်စီးကာ အနည်းငယ်သော သမင် အခြံအရံဖြင့် တော်သို့ဝင်လာခဲ့၏။
လက္ခသမင်မူကား အသိအလိမ္မာ ပညာဉာဏ် ရင့်သန် ကြီးမားလှသဖြင့် သွားသင့်၊ မသွားသင့် ထောက်ချင့်နှိုင်းချိန်ကာ သွားလာကျက်စားသဖြင့် ဘေးရန်ကင်းကွာ သမင်ပေါင်းများစွာ ခြံရံလျက် တင့်တယ်စွာ တောသို့ ဝင်လောခဲ့၏။

အကျင့်လုံခြုံ ကျိုးပြည့်စုံ
စပါးရိတ်ပြီး အချိန်ရောက်၍ အဖသမင်မင်းထံသို့ ပြန်လာကြသောအခါ ကာဠ သမင်မိုက်မှာ အခြံအရံ ပရိသတ်မပါ တစ်ကိုယ်တည်းသာ ပြန်လာလေ၏။ လက္ခဏ သမင်လိမ္မာကား သမင်တစ်ကောင်မှ မပျက်မစီးဘဲ အခြံအရံငါးရာဖြင့် တင့်တယ်စွာ ပြန်လာလေ၏။
အဘ သမင်မင်းသည် သားနှစ်ယောက် လာသသည်ကို မြင်၍ သမင်းအပေါင်းတို့အား –
“အမောင်တို့ … အကျင့်သီလရှိ၍ ဓမ္မပဋိသန္ဓာရ၊ အာမိသ ပဋိသန္ဓာရနှင့် ပြည့်စုံသူတို့မှာ အကျိုးစီးပွား ဖြစ်ထွန်းမြဲ ဖြစ်သည်၊ သက်သေမှာ အကျင့်သီလ ပဋိသန္ဓာရနှင့် ပြည့်စုံသဖြင့် အခြံအရံ မပျက်စီးဘဲ လာသော လက္ခဏ သမင်ပညာရှိနှင့် အကျင့်သီလ ပဋိသန္ဓာရနှင့် မပြည့်စုံသဖြင့် အခြံအရံ ပျက်စီး၍ တစ်ကိုယ်တည်းလာသော ကာဠ သမင်မိုက်ကို ကြည့်ကြကုန်”
ဟု ဆုံးမစကား ပြောကြားကာ သားနှစ်ယောက်ကိုလည်း နှစ်သက်စေ၍ အသက်ထက်ဆုံး တောတွင်နေလျက် သေလွန်သောအခါ ကံအားလျော်စွာ လားလေ၏။

ဇာတ်ပေါင်း
ဤသို့လျှင်မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသေန္ဓ ဆက်စပ်တော်မူလျက် –
ရဟန်းတို့ –
– ထိုအခါ ကာဠသမင်သည် – ယခုအခါ ဒေဝဒတ်။
– ကာဠသမင်၏ ပရိသတ်သည် – ဒေဝဒတ် ပရိသတ်။
– လက္ခဏသမင်သည် – သာရိပုတ္တရာ။
– လက္ခဏသမင်၏ ပရိသတ်သည် – ဘုရားပရိသတ်။
– အမိသမင်မသည် – ရာဟုလား မယ်တော်။
– အဖသမင်မင်းသည် – ငါဘုရား ဖြစ်လာပြီ –
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်
(၁) အကျင့်သီလ၊ သန္ဓာရ၊ ရှိက ကြီးမားမှု။
(၂) သား လက္ခဏ၊ ညီကာဠ၊ သာဓကကိုရှု။

လက္ခဏမိဂဇာတ် ပြီး၏။

ကောက်နုတ်ချက်
——————
မဟာပညာဗလပဌမကျော်ဦးကြီးဖေ
ငါးရာ့ငါးဆယ်နိပါတ်တော်စကားပြေ (နှာ ၂၉-၃၀)

ဆက်ရန်
——–
အမှတ်စဉ် (၁၂) နိဂြောဓမိဂဇာတ်
( သမင်မငယ်ကို အကြောင်းပြု၍ သတ္တဝါအပေါင်းအား ဘေးမဲ့ပေးအောင် တရားဟောကောင်းသော နိဂြောဓသမင်အကြောင်း )