Home LITERATURE နိဂြောဓမိဂဇာတ်

နိဂြောဓမိဂဇာတ်

4

(သမင်မငယ်ကို အကြောင်းပြု၍ သတ္တဝါအပေါင်းအား ဘေးမဲ့ပေးအောင် တရားဟောကောင်းသော နိဂြောဓသမင်အကြောင်း )

ပစ္စုပ္ပန်ဝတ္ထု

မဂ်၊ ဖိုလ် ရှာမှီး အမျိုးသမီး
နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ရာဇဂြိုဟ်ပြည်ဝယ် စည်းစိမ်ဥစ္စာ ကြွယ်ဝသော သူဌေးသမီးတစ်ယောက် ရှိသတတ်။ ထိုသူဌေးသမီးကား ရှေးကုသိုလ်ကံဟောင်း များစွာရှိ၏။ ရုပ်၊ နာမ်၊ သင်္ခါရတို့ကို ဝိပဿနာရှုလေ့ရှိ၏။ ဤဘဝ အရဟတ္တဖိုလ်ကို ရလတ္တံ့သော ပစ္ဆိမဘဝိက ဖြစ်၏။
သိကြား လိမ္မာသည့်နေ့မှစ၍ လူအဖြစ်၌ မမွေ့မလျော် ရဟန်းပြုလို၍ အမိ၊ အဖထံ အကြိမ်ကြိမ် ခွင့်တောင်းသော်လည်း မရသဖြင့် ရှိစေဦးတော့ “ ငါသည် လင်အိမ်သို့ ရောက်သောအခါမှ လင်ကို အနူးညွတ်ခွင့်ပန်ကာ ရဟန်းပြုတော့အံ့” ဟု ကြံစည်ကာနေလေ၏။

လူတို့နိယာမ အိမ်ထောင်ကျ
အရွယ်ရောက်သဖြင့် မိဘ သူဌေးကြီးတို့သည် အမျိုးတူ သူငယ်တစ်ယောက်နှင့် ထိမ်းမြားလက်ထ်ကြ၍ လင်အိမ်သို့ ရောက်ခဲ့လေ၏။ ထိုသဌေးသမီးသည် လင်ကို အိမ်ဦးနတ်ကဲ့သို့ ရိုသေစွာ လုပ်ကျွေး၏။ မကြာမီ ကိုယ်ဝန်တည်လေ၏။ ကိုယ်ဝန်တည်သည်ကို သတို့သမီး မသိလေ။

လင်ကိုပမာပြ အနာဝ
တစ်မြို့လုံး နက္ခတ်သဘင် ဆင်ယင်ကျင်းပလတ်သော် သူဌေးသမီးကား တစ်စုံတစ်ရာ ဖြီးလိမ်းဝတ်ဆင်ခြင်းကို မပြုဘဲ ပကတိသော အဝတ်အစားဖြင့် သွားလေ၏။ ထိုအခါ လင်ယောက်ျားက “ရှင်မ .. အဘယ်ကြောင့် မဖြီးမလိမ်း မဝတ်မဆင်ဘဲ သွားသနည်း” ဟု မေးလေ၏။
ထိုအခါ သူဌေးသမီးက –
“အရှင့်သား … ဤကိုယ်ကို တန်ဆာဆင်သဖြင့် အဘယ် အကျိုးရှိအံ့နည်း၊ မစင်အိုးကို ဆေးရေးကာ တန်ဆာဆင်သကဲ့သို့ ရှိချေမည်။ အနာဝမှ ပြည်ပုပ်၊ သွေးပုပ်တွေ ယိုစီးထွက်ကျနေသည့် အလား ဒွါရကိုးပေါက်မှ အညစ်အကြေးတွေ နေ့စဉ် ထွက်ကျနေသဖြင့် စက်ဆုပ် ရွံရှာဖွယ် ညစ်ပတ်ပုပ်သိုး၍ နေသော ဆုံးဆယ့်နှစ်ကောဋ္ဌာသ အစုအဝေးကြီး မဟုတ်ပါလော၊ ဘေးဒုက္ခ အမျိုးမျိုးတို့ တည်ရာ မဟုတ်ပါလော၊ ပုထုဇဉ်မိုက်တို့ သုဘဟု ယူဆစေကာမူ အသုဘ အစစ်ကြီး မဟုတ်ပါလေ” ဟု ခန္ဓာကိုယ်၏ အပြစ်တို့ကို သနစ်ကျကျ ပြန်ကြားပြောဆိုလေ၏။

ခင်ပွန်းခွင့်ရ ဘိက္ခုနီဘဝ
ထိုအခါ လင်ယောက်ျားက “ရှင်မ … ဤမျှလောက် ခန္ဓာကိုယ်၏ အပြစ်ကို မြင်ပါလျက် အဘယ့်ကြောင့် ရဟန်းမပြုဘဲ နေသနည်း” ဟု ဆိုလျှင် အရှင် ခွင့်ပြုမူကား ယနေ့ပင် ရဟန်းပြုပါမည်ဟု ပြောလေ၏။ လင်ယောက်ျားလည်း “ရှင်မ ကောင်းပြီ၊ ရဟန်းပြုပါ” ဟု ခွင့်ပြုကာ အလှူကြီးပေး၍ ပူဇော်သက္ကာရကိုပြုလျက် ရဟန်းမိန်းမတို့ ကျောင်းသို့ပို့ကာ ရဟန်းပြုစေ၏။
ရဟန်းဖြစ်ပြီး မကြာမြင့်မီ ကိုယ်ဝန်ရှိကြောင်း သိကြလျှင် ရဟန်းမိန်းမတို့သည် “အရှင်မ … သင့်မှာ ကိုယ်ဝန်ရှိသည် မဟုတ်လော၊ အဘယ်ကြောင့် ကိုယ်ဝန်ရသနည်း” ဟု မေးကြလျှင် ထိုရဟန်းမိန်းမက “အရှင်မတို့ … အဘယ့်ကြောင့် ကိုယ်ဝန်ရသည်ကို မသိပါ၊ အကျွန်ုပ်မှာ သီလစင်ကြယ်ပါသည်” ဟု ဆိုလေ၏။

ဘုရားထံမှောက် ပို့ကာလျှောက်
ရဟန်းမိန်းမတို့လည်း ဒေဝဒတ်ထံ ပို့ကြသောအခါ ဆင်ခြင်ငဲ့ညှာခြင်း မရှိဘဲ ဒေဝဒတ်က ဤရဟန်းမိန်းမကို လူဝတ်လူစေ၍ နှင်ထုတ်ကြဟု အမိန့်ပေးကြောင်း ရဟန်းမိန်းမငယ်ကို ပြောကြားလေ၏။ ရဟန်းမိန်းမငယ်လည်း “အရှင်မတို့ … အကျွန်ုပ်မှာ ခဲခဲယဉ်းယဉ်း ရဟန်းအဖြစ်ကို ရခဲ့သည်၊ အရှင်ဒေဝဒတ်ကား ဘုရား မဟုတ်ပါ၊ ဘုရားထံမှာ ရဟန်းပြုပါသည်၊ အကျွန်ုပ်ကို ဘုရားထံ အရောက်ပို့ကြပါ” ဟု တောင်းပန်လေလျှင် ရဟန်းမိန်းတို့သည် လေးဆယ့်ငါး ယူဇနာ ကွာဝေးသော ဇေတဝန်ကျောင်းတော် ဘုရားထံ အရောက်ပို့ကာ အကြောင်းစုံ လျှောက်ထားကြကုန်၏။

ဝိသာခါစစ်ဆေး ကိုယ်ဝန်အရေး
မြတ်စွာဘုရားလည်း ပရိသတ်လေးပါးအလယ်၌ စစ်ဆေးရန် ဝိနည်းဓိုရ် ဥပါလိမထေရ်ကို လွှဲအပ်သောအခါ ဥပါလိက ဝိသာခါ ဒါယိကာမကြီးအား စစ်ဆေးစေ၍ ရဟန်းပြုချိန်နှင့် ကိုယ်ဝန်အခြေ အနေကို နှိုင်းယှဉ်ကြည့်ကြရာ လူအဖြစ်ကရခဲ့သော ကိုယ်ဝန်ဖြစ်ကြောင်း ထင်ရှား သဖြင့် သီလစင်ကြယ်ကြောင်း ဆုံးဖြတ်ပြီးလျှင် ဘိက္ခုနီမတို့ ကျောင်းမှာပင် နေစေ၏။

သားငယ် ကဿပ ဖွားမြင်ရ
ထိုဘိက္ခုနီမလည်း ကိုယ်ဝန်ရင့်သောအခါ သားယောက်ျား ဖွားမြင်၍ သားငယ်ကို ကောသလမင်းကြီး မွေးမြူစေကာ ကဿပဟု အမည်မှည့်လေ၏။ ခုနစ်နှစ် ရှိသောအခါ မြတ်စွာဘုရားထံ ရှင်သာမဏေပြု၍၊ အနှစ်နှစ်ဆယ် ရှိသောအခါ ရဟန်းအဖြစ်ကို ရရှိပြီး ရဟန္တာဖြစ်၍ ကုမာရကဿပဟု တွင်လေ၏။ မယတော် ဘိက္ခုနီလည်း ဝိပဿနာကို ပွားစေလျက် ရဟန္တာမ အဖြစ်သို့ ရောက်လေ၏။
ရဟန်းတို့လည်း တရားသဘင်ဝယ် ကုမာရကဿပတို့ သား အမိအကြောင်း စပ်မိကြ၍ “ဒေဝဒတ်မှာ သနားငဲ့ညှာခြင်းမရှိ ဖျက်ဆီးစေသည်၊ မြတ်စွာဘုရားက ၎င်းတို့သား၊ အမိကို ထောက်ပံ့ ချီးမြှောက်တော်မူသည်” ဟု ပြောကြားကြကုန်၏။ မြတ်စွာဘုရား ကြားတော်မူလျှင် –
“ရဟန်းတို့ … ၎င်းတို့ သား၊ အမိကို ယခုအခါသာ ထောက်ပံ့ ချီးမြှောက်သည် မဟုတ်သေး၊ ရှေးအခါကလည်း ထောက်ပံ့ချီးမြှောက်ခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု
နိဂြောဓမည်တွင် ရွှေသမင်
လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ရွှေအဆင်းရှိသော ဘုရားအလောင်း နိဂြောဓ သမင်မင်းသည် သမင်ငါးရာ အခြံအရံနှင့်တကွ တောတွင် နေလေ၏။ ၎င်း၏ အနီး၌ ရွှေအဆင်းရှိသော သာခသမင်းလည်း အခြံအရံငါးရာနှင့်ပင် နေလေ၏။
ဗာရာဏသီမင်းကြီးကား သမင်တို့ကို သတ်လေ့ရှိ၏။ အသားနှင့်ကင်း၍ ပွဲတော်မတည်လေ။ တိုင်းသူပြည်သားတို့ကို အလုပ်ပျက်စေလျက် စုရုံးကာ နေ့တိုင်း သမင်လိုက် သွားလေ့ရှိ၏။

ပွဲတော်စာတွက် ရှာဖွေထွက်
ထိုအခါ လူတို့သည် “ငါတို့မင်းကြီးကား ငါတို့ကို နေ့စဉ် အလုပ်ပျက်စေသည်၊ ဥယျာဉ်တော်ဝယ် အစာရေစာတို့ကို ပြည့်စုံအောင် စီမံ၍ လုံခြုံစွာ ဝင်းခြံကာလျက် တံခါးတို့ကို တပ်ဆင်ပြီးလျှင် တောတွင်းရှိ သမင်တို့ကို ခြောက်လှန့် စုရုံးကာ ဥယျာဉ်တော်သို့သွင်း၍ ပေးထားရလျှင် သင့်လျော်မည်” ဟု ကြံစည်၍ သမင်တောသို့ သွားပြီးလျှင် ပိုက်ကွန်တို့ဖြင့် စုရုံးကာ ဥယျာဉ်တော်သို့သွင်း၍ တံခါးကို လုံခြုံစွာ ပိတ်ပြီးလျှင် မင်းကြီးအား လျှောက်ကြားကြလေ၏။

နေ့စဉ်သတ်စား သမင်သား
မင်းကြီးလည်း နှစ်သက်အားရတော်မူသဖြင့် ဥယျာဉ်တော်သို့ သွားကာ ကြည့်ရှုလေလျှင် ရွှေသမင်နှစ်ကောင်ပါလာသည်ကို မြင်၍ “အမောင်တို့ … ဤရွှေသမင် နှစ်ကောင်ကို မသတ်ကြနှင့်” ဟု ဘေးမဲ့ပေးလေ၏။ မင်းကြိးသည် ရံခါ ဥယျာဉ်တော်သို့ ကိုယ်တိုင် သွားကာ သမင်တစ်ကောင်ကို ပစ်၍ ယူခဲ့၏။ ရံခါ စားတော်ချက်ကို ဥယျာဉ်တော်သို့ သွားစေလျက် သမင်တစ်ကောင်ကို ပစ်၍ ယူဆောင်စေ၏။
သမင်တို့သည် လေးကိုမြင်လျှင် သေဘေးမှ ကြောက်၍ အတင်း ပြေးကြသည့်အတွက် တစ်ကောင်နှင့် တစ်ကောင် တိုးဝှေ့မိကြသဖြင့် ဆင်းရဲပင်ပန်းခြင်း၊ နာကျင်ခြင်း၊ သေကျေ ပျက်စီးခြင်းသို့ ရောက်ကြကုန်၏ ထိုအခါ သမင်တို့သည် ထိုအကြောင်းကို ဘုရားအလောင်း သမင်မင်းအား ပြောကြားကုန်၏။

အသေခံထွက် တိုင်ပင်ချက်
ဘုရားအလောင်း သမင်မင်းလည်း သာခ သမင်မင်းကို ခေါ်စေ၍ “အဆွေ … ယခုအခါ သမင်တို့ ကြောက်လန့်တကြား ပြေးကြသဖြင့် ပျက်စီးကြကုန်၏။ စင်စစ်သော်ကား တစ်နေ့နေ့တွင် မုချ သေကြရမည်။ ယနေ့မှစ၍ မြားဖြင့် မပစ်စေဘဲ စဉ်းတီတုံးပေါ်တွင် သင့်ပရိသတ်မှ တစ်ရက်၊ ငါ့ ပရိသတ်မှ တစ်ရက်အားဖြင့် တစ်လှည့်စီ သမင်တစ်ကောင်သွား၍ စဉ်းတီတုံးပေါ်တွင် အိပ်စေရမည်။ သို့မှ သမင်တွေ မပင်ပန်းဘဲ ရှိကြမည်” ဟု တိုင်ပင်လေ၏။ သာခသမင်လည်း ကောင်းပြီဟု ဝန်ခံကာ တစ်လှည့်စီ တိုင်ပင်သည့်အတိုင်း နေ့စဉ် သမင်တစ်ကောင်စီသွား၍ စဉ်းတီတုံးပေါ်တွင် အိပ်စေ၏။
တစ်နေ့သ၌ သာခသမင်မင်း၏ ပရိသတ်ထဲမှ ကိုယ်ဝန်ရှိသော သမင်မငယ်တစ်ကောင် အလှည့်သို့ ရောက်လေ၏။ ထိုအခါ သမင်မသည် သာခသမင်မင်းထံကပ်၍ “အရှင် … ကျွန်ုပ် အလှည့်ကို ကျော်လွန်ပါစေဦး၊ ကျွန်ုပ်မှာ ကိုယ်ဝန်ရှိပါသည်၊ မွေးဖွားပြီးသောအခါ သား၊ အမိ နှစ်ယောက်လုံး၏ အလှည့်သည် ဖြစ်လာပါလတ္တံ့” ဟု ဆိုလေလျှင် သာခသမင်မင်းက “ သင့်အလှည့်ကို သူတစ်ပါးအပေါ်သို့ မချလို၊ သင်သာ ယူလော့” ဟု ဆိုလေ၏။

ကယ်ဆယ် မ စ လောင်းတော်ဘဝ
သမင်မငယ်လည်း သာခသမင်မင်းထံမှာ တစ်စုံတစ်ရာ မထောင်အပံ့ကို မရလတ်သော် နိဂြောဓ မမင်မင်းထံ ကပ်၍ အကြောင်းကြားလေ၏။ နိဂြောဓ သမင်မင်းလည်း “ကောင်းပြီ၊ သင်ပြောတိုင်း မှန်စေ” ဟု ဆိုကာ သမင်မ ငယ်ကို လွှတ်လိုက်၍ သမင်မငယ်၏ အလှည့်ကို မိမိကိုယ်တိုင် ယူကာ စဉ်းတီတုံးပေါ်တွင် အိပ်လေ၏။ စားတော်ချက်လည်း ဘေးမဲ့ပေးထားသော ရွှေသမင်မင်းကို မသတ်ဝံ့သဖြင့် မင်းကြီးထံ အကြောင်းကြားလေ၏။

အများသတ္တဝါ ချမ်းသာရာ
မင်းကြီးလည်း ဥယျာဉ်တော်သို့ လာလတ်၍ စဉ်းတီတုံးပေါ်တွင် အိပ်နေသော ဘုရားအလောင်း ရွှေသမင်မင်းကို မြင်လျှင် မေးလေ၏။

မေး ။ အို သမင်မင်း … သင့်အား ဘေးမဲ့ပေးထားသည် မဟုတ်ပါလော၊ အဘယ်ကြောင့် စဉ်းတီတုံး၌ အိပ်သနည်း။

ဖြေ။ ကိုယ်ဝန်ရှိသော သမင်မငယ်တစ်ကောင် လာ၍ ကျွန်ုပ် အလှည့်ကို တစ်ပါးသော သမင်သို့ ရောက်ပါစေဥိး ဆိုလာသဖြင့် သေခြင်းဆင်းရဲကို သူတစ်ပါးထံ မပို့လို၊ မိမိပင်ခံ၍ သမင်မငယ်အား အသက်ကိုပေးမည်ဟု အိပ်ပါသည်။ အလိုရှိတိုင်း ပြုတော်မူပါ။
အို သမင်မင်း … သမင်မင်းကဲ့သို့ သူ တစ်ပါးအပေါ် မေတ္တာ၊ ကရုဏာ ရှိသူကို လူထဲ၌ သော်လည်း မမြင်ဘူးပါ။ သို့အတွက် သမင်မင်းကို ကြည်ညိုလှသဖြင့် သမင်မင်းအား လည်းကောင်း၊ ကိုယ်ဝန်ရှိသော သမင်မငယ်အား လည်းကောင်း ဘေးမဲ့ပေးပါသည်။

မေး။ ကြွင်းသော သမင်များအတွက် အသို့နည်း။

ဖြေ။ ဥယျာဉ်တော်၌ရှိသည့် ကြွင်းသော သမင်များကိုလည်း ဘေးမဲ့ပေးပါသည်။

မေး။ တောထဲ၌ရှိသော သမင်များအတွက် အသို့နည်း။

ဖြေ။ တော်ထဲ၌ရှိသော သမင်များကိုလည်း ဘေးမဲ့ပေးပါသည်။

မေး။ သမင်မှတစ်ပါး အခြေလေးချောင်းရှိ သားများ အတွက် အသို့နည်း။
ဖြေ။ သမင်မှတစ်ပါး အခြေလေးချောင်းရှိ သားများကိုလည်း ဘေးမဲ့ပေးပါသည်။

မေး။ အခြေနှစ်ချောင်းရှိ ငှက်များအတွက် အသို့နည်း။

ဖြေ။ အခြေနှစ်ချောင်းရှိ ငှက်များကိုလည်း ဘေးမဲ့ပေးပါသည်။

မေး။ ငါး၊ လိပ် စသော ရေသတ္တဝါများအတွက် အသို့နည်း။

ဖြေ။ ငါး၊ လိပ် စသော ရေသတ္တဝါများကိုလည်း ဘေးမဲ့ပေးပါသည် –
ပြောဆို ပြီးလျှင် အလုံးစုံသော သတ္တဝါတို့အား ဘေးမဲ့ပေးလေ၏။

ဗုဒ္ဓလောင်းလျ တရားပြ
နိဂြောဓ သမင်းမင်းလည်း မင်းကြီးထံမှ အလုံးစုံသော သတ္တဝါတို့အား ဘေးမဲ့ပေးခြင်းကို ရရှိလျှင် စဉ်းတီးတုံးမှ ထ၍ မင်းကြီးအား ငါးပါးသီလ၌ တည်စေ၍ မင်းကျင့်တရား ဆယ်ပါးနှင့်အညီ မင်းပြုရန် အဆုံးအမပေးကာ ဥယျာဉ်တော်ဝယ် နှစ်ရက်၊ သုံးရက်နေပြီးလျှင် သမင်အပေါင်း ခြံရံက တောသို့ဝင်လေ၏။
သမင်မငယ်လည်း သားငယ် ဖွားမြင်ပြီးလျှင် မိမိသားငယ်ကို –
“ချစ်သား … အကျိုးစီးပွားကို လိုလျှင် နိဂြောဓ သမင်မင်းကိုသာ ဆည်းကပ်လေ၊ သာခသမင်မင်းကို မဆည်းကပ်လေနှင့်၊ သာခသမင်မင်းထံ အသက်ရှည်နေရခြင်းထက် နိဂြောဓ သမင်မင်းထံမှာ သေရခြင်းက မွန်မြတ်သေးသည်” –
ဟု ဆုံးမလေ့ရှိ၏။
ထိုအခါမှစ၍ လူတို့ ကောက်ပဲသီးနှံတို့ကို စားကုန်သော်လည်း သမင်တို့ကို မပစ်ခတ် မညှဉ်းဝံ့ကြသဖြင့် မင်းကြီးထံ လျှောက်ကြလေ၏။ မင်းကြီးလည်း နိဂြောဓ သမင်မင်းထံ အကြောင်းကြားစေ။ သမင်မင်းလည်း သမင်အပေါင်းတို့ကို စည်းဝေးစေပြီးလျှင် လူတို့ ကောက်ပဲသီးနှံတို့ကို မစားကြရန်နှင့် မဖျက်ဆီးကြရန် အဆုံးအမ ပေးလေ၏။ လူတို့အားလုံးလည်း မိမိတို့ ကောက်ပဲသီးနှံခင်းတို့၌ တိုင်တို့ကို စိုက်ထူလျက် သစ်ရွက်အမှတ်အသား ဖွဲ့ချည်၍ ထားကြကုန်ဟု မှာထားလေ၏။
သမင်တို့လည်း သစ်ရွက် အမှတ်အသားရှိသော လယ်ခင်း၊ ယာခင်းတို့ကို ဖျက်ဆီး စားသောက်ခြင်းမှ ရှောင်ကြဉ်ကြကုန်၏။ ထိုအခါမှစ၍ လယ်ခင်း၊ ယာခင်းတို့၌ ပန်းလုံးတိုင်စိုက်သော အထိမ်းအမှတ် ဖြစ်ခဲ့သတည်း။

ဇာတ်ပေါင်း
ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် –
ရဟန်းတို့ –
o ထိုအခါ သာခသမင်သည် – ယခုအခါ ဒေဝဒတ်။
o သာခသမင်၏ ပရိသတ်သည် – ဒေဝဒတ်၏ ပရိသတ်။
ကိုယ်ဝန်ရှိသော သမင်မငယ်သည် – ကိုယ်ဝန်ရှိသော ဘိက္ခုနီမ။
သမင်မငယ်၏ သားသည် – ကုမာရကဿပ။
ဗာရာဏသီမင်းသည် – အာနန္ဒာ။
နိဂြောဓ သမင်မင်းသည် – ငါဘုရား ဖြစ်လာပြီ –
ဟု အတိတ်ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်
(၁) အသက်ကိုကယ်၊ ကိုယ့်သက်လှယ်၊ အံ့ဖွယ်ရွှေသမင်။
(၂) သတ္တဝါပေါင်း၊ ဘေးမဲ့ကြောင်း၊ တောင်း၍ ပေးသည်ပင်။
(၃) ပန်းလုံးတိုင်ထား၊ လယ်, ယာများ၊ မှတ်သားထိုကပင်။

နိဂြောဓမိဂဇာတ် ပြီး၏။

ကောက်နုတ်ချက်
——————
မဟာပညာဗလပဌမကျော်ဦးကြီးဖေ
ငါးရာ့ငါးဆယ်နိပါတ်တော်စကားပြေ (နှာ ၃၂-၃၆)

ဆက်ရန်
——–
အမှတ်စဉ် (၁၃) ကဏ္ဍိနဇာတ်(ကိလေသာ၌ တပ်မက်သဖြင့် အသက်သေရသော သမင်မိုက် အကြောင်း)
#crd