(ရသတဏှာ တပ်မက်သဖြင့် မင်းနန်းတွင်း ရောက်အောင် ဖြားယောင်းခံရသော ဝါတမိဂသမင်ပျံ အကြောင်း)
ပစ္စုပ္ပန် ဝတ္ထု
ရသာလိုက်စား ရဟန်းတစ်ပါး
နတ်လူတို့ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် တစ်ယောက်တည်းသော သားဖြစ်၍ မိဘတို့ထံမှ ခဲယဉ်းစွာ ခွင့်ပန်၍ ရဟန်းပြုခဲ့ရသော ရာဇဂြိုဟ်ပြည်သား စူဠပိဏ္ဍပါတိကတိဿမထေရ်သည် ဓုတင် တစ်ဆယ့်သုံးပါး လုံးကို ဆောင်ကာ မြတ်စွာဘုရားထံတွင် နေလျက် သာဝတ္ထိပြည်တွင် အိမ်စဉ်အလိုက် ဆွမ်းခံသွား၍ အချိန်ကာလကို ကုန်လွန်စေ၏။
ထိုအခါ ရာဇဂြိုဟ်ပြည်ဝယ် နက္ခတ်ပွဲသဘင် ဆင်ယင်ခင်းကျင်းလျက် လူအများတို့ မြူးတူး ပျော်ပါးခြင်း ဖြစ်လတ်သော် စူဠပိဏ္ဍပါတိကတိဿမထေရ်၏ အမိ၊ အဖ တို့သည် “ ငါတို့ တစ်ယောက်တည်းသော သားကို ရဟန်းဂေါတမ ယူသွားသဖြင့် နက္ခတ်သဘင် မကစားရတော့ပြီ” ဟု ကောင်းမွန်စွာ ရဟန်းပြုသွားသော သားကို သေရွာသို့ သွားသည့်အလား ယူကျုံးမရ လွမ်းဆွတ်တမ်း ကာ တစာစာနှင့် ငိုကြွေးကြကုန်၏။
ဖြားယောင်းခိုင်းရ လူ့ဘဝ
ထိုအခါ ပြည့်တန်ဆာမ တစ်ယောက် လာလတ်၍ သူဌေးကတော်အား “ မိခင် မစိုးရိမ်ပါနှင့်၊ မိခင်တို့ သားသည် ဘယ်အစာ အာဟာရို ကြိုက်သနည်း” ဟု မေး၍ မည်သည့် အစာအာဟာရကို ကြိုက်သည်ဟု သူဌေးကတော်က ပြောလေလျှင် “မိခင်အိမ်ရှိ အလုံးစုံသော ပစ္စည်းကို ပေးလျှင် မိခင်တို့သားကို ရအောင် ယူပေးပါမည်” ဟု ဆိုလေ၏။ သူဌေးကတော်ကလည်း “ကောင်းပြီ ပေးပါမည်၊ သားကိုသာ ရအောင် ယူခဲ့ပါ” ဟု မှာထားကာ ရိက္ခာအလုံ အလောက် ပေးလိုက်၏။
ပြည့်တန်ဆာမလည်း လှည်းပေါင်းချုပ်ကို စီးလျက် သာဝတ္ထိပြည်သို့ သွားပြီးလျှင် စူဠပိဏ္ဍပါတိကတိဿမထေရ် ဆွမ်းခံလမ်းဝယ် အိမ်တစ်လုံးကိုယူကာ မိမိ အခြွေအရံနှင့် နေလေ၏။ အထေရ် ဆွမ်းခံကြွလာသောအခါ အရသာနှင့် ပြည့်စုံသော ယာဂုဆွမ်းတို့ကို လှူဒါန်းကာ တဖြည်းဖြည်း အကျွမ်းဝင်သဖြင့် နေ့စဉ် အိမ်သို့ပင့်၍ လှူဒါန်းလေ၏။
တဏှာနှောင်ဖွဲ့ စူးဝင်ခဲ့
ရသတဏှာဖြင့် နှောင်ဖွဲ့ မိသဖြင့် မိမိအလိုသို့ လိုက်မှန်းသိသောအခါ ပြည့်တန်ဆာမသည် တစ်နေ့သ၌ နာဖျားဟန်ပြုကာ အိမ်တွင်း၌ အိပ်လေ၏။ မထေရ်လည်း ဆွမ်းခံလာလတ်သော် ပြည့်တန်ဆာမကို မမြင်၍ အလုပ်အကျွေး မိန်းမတို့အား “ သီတင်းသည်မ ဘယ်မှာနည်း” ဟု မေးလျှင် “ သီတင်းသည်မသည် မကျန်းမာ၍ အိမ်ထဲတွင် အိပ်နေပါသည်၊ အရှင်ဘုရားကိုလည်း ဖူးမြင်လိုလှပါသည်” ဟု လျှောက်ကြလေ၏။
အာရုံနောက်ပါ လူထွက်ရှာ
အထေရ်လည်း ရသတဏှာ၏ အနှောင်အဖွဲ့ကို မဖြေချွတ်နိုင်တော့ဘဲ မိမိ ဆောက်တည်ထားသော ဝတ်ကို ဖျက်၍ ပြည့်တန်ဆာမ အိမ်ခန်းတွင်းသို့ ဝင်လေ၏။ ပြည့်တန်ဆာမလည်း မိမိ လာခဲ့သော အကြောင်းရင်းကို အလုံးစုံ လျှောက်ထားကာ ရသတဏှာဖြင့် ဖြားယောင်းလျက် လူထွက်စေပြီးလျှင် အလိုသို့ လိုက်စေလျက် အခြွေအရံနှင့်တကွ ရာဇဂြိုဟ်ပြည်သို့ ပြန်လေ၏။
ရဟန်းတို့သည် ထိုမထေရ်၏ အကြောင်းကို တရားသဘင်ဝယ် စကားစပ်မိ၍ မြတ်စွာဘုရားကို လျှောက်ထားကြရာ မြတ်စွာဘုရားက “ရဟန်းတို့ … ထိုရဟန်းသည် ယခုမှသာလျှင် ရသတဏှာဖြင့် နှောင်ဖွဲ့မိ၍ ထို ပြည့်တန်ဆာမ၏ အလိုသို့ လိုက်သည် မဟုတ်သေး၊ ရှေးအခါကလည်း လိုက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ရသာခုံမင် တောသမင်
လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် သဉ္စယမည်သော ဥယျာဉ်မှူးသည် မင်းကြိး ဥယျာဉ်ကို ပြုပြင်စီမံလျက် ဥယျဉ်မှ ထွက်သော ပန်း၊ သစ်သီးတို့ကို နေ့စဉ် မင်းကြီးထံ ဆက်သရ၏။ ထို ဥယျာဉ်သို့ ဝါတမိက သမင်တစ်ကောင်သည် အမြဲလာ၍ ကျက်စားလေ့ရှိ၏။
တစ်နေ့သ၌ မင်းကြီးသည် ဥယျဉ်မှူး ကို “အချင်း ဥယျာဉ်မှူး …. ဥယျာဉ်တော်ဝယ် တစ်စုံတစ်ရာ ထူးထူးဆန်းဆန်း ရှိပါသလော” ဟု မေးလျှင် ဥယျာဉ်မှူးက “မှန်လှပါ တခြား ထူးထူးဆန်းဆန်းကိုတော့ မမြင်ပါ၊ ဝါတမိဂ သမင်တစ်ကောင် ကျက်စားလာသည်ကို မြင်ရပါသည်” ဟု လျှောက်လေ၏။ “ အသင် ရအောင် ဖမ်းနိုင်ပါမည်လော”၊ “မှန်လှပါ၊ ပျားရည် အနည်းငယ်ရလျှင် ဖမ်းနိုင်ပါမည်” ဟု လျှောက်လေလျှင် မင်းကြီးက ပျားရည်ပေးကာ ဖမ်းရန်လွှတ်လိုက်၏။
အစာပြသ သွေးဆောင်ကြ
ဥယျာဉ်မှူးလည်း နေ့စဉ် ဝါတမိဂသမင ကျက်စားရာ အရပ်၌ မြက်တို့ကို ပျားရည်လူးကာ မိမိကား အနီးအနားချုံတွင် ပုန်းအောင်လျက်သာနေ၏။ သမင်လည်း ပျားရည်လူး မြက်တို့ကို နေ့စဉ်စားကာ ရသတဏှာဖြင့် နှောင်ဖွဲ့ထားသည့်အတွက် တခြားအရပ်သို့ မသွားတော့ဘဲ ဥယျာဉ်တော်တွင်သာ အမြဲ ကျက်စားလေ၏။ ဥယျာဉ်မှူးလည်း ကိုယ်ရောင်ပြကာ တဖြည်းဖြည်း ယဉ်ပါးအေင်ပြုလျက် လက်ပေါ်တင်ထားသော ပျားလူးမြက်ကိုပင် မကြေက်မရွံ့ စားဝံ့အောင် ဖြားယောင်း သွေးဆောင်လေ၏။
ရသာနှစ်ခြိုက် ကောက်ကောက်လိုက်
မကြာမီ မိမိ ခေါ်ဆောင်ရာသို့ ပါမည်ကိုသိလျှင် ဥယျာဉ်တော်မှ နန်းရင်ပြင်သို့ အရောက် ဖျာ၊ ရိုင်တို့ဖြင့် ကာရံစေပြီးလျှင် သစ်ခက်တို့ဖြင့် ဖုံးလွှမ်းလျက် ပျားလူးမြက်တို့ကို ချ၍ထားလေ၏။ ဥယျာဉ်တော်သို့ သမင် ရောက်သောအခါ ပခုံးတွင် ပျားလူးမြက်ကို လွယ်၍ လက်တွင်ကိုင်ထားသော ပျားလူးမြက်တို့ကို ချကာ ချကာ ရသတဏှာဖြင့် မျှား၍ ခေါ်ဆောင်သွားလေရာ နန်းရင်ပြင် တိုင်အောင် သမင်ရောက်လျှင် တံခါးတို့ကို ပိတ်၍ ထားလေ၏။
ရသတဏှာပြ ဆိုဆုံးမ
မင်းကြီးလည်း နန်းပြာသာဒ်မှ ဆင်းသက်လျက် လူတို့ကို ကြောက်သဖြင့် ထိုမှ ဤမှ ပြေးကာ ဝါတမိဂသမင်ကို မြင်လျှင် အံ့သြလျက် “အချင်းတို့ … ဝါတမိဂသမင်တို့ မည်သည်ကား လူကို တွေ့ဖူးသောအရပ်သို့ ခုနစ်ရက်တိုင်အောင် မလာ၊ ထိတ်လန့်ဖူးသော အရပ်သို့ တစ်သက်လုံး မလာ၊ ရသတဏှာကို လိုက်စားမိသည့်အတွက် ဤအရပ် တိုင်အောင်ပင် လာပေသည်” ဟု မိန့်တော်မူ၏။ ထို့နောက် မင်းကြီးသည် –
“အချင်းတို့ …
ရသတဏှာအောက် ပိုလွန်ယုတ်မာော တဏှာမည်သည် မရှိ၊ ရသတဏှာကား နေရာထိုင်ခင်းတို့၌ တပ်စွန်းသော တဏှာ၊ အဆွေခင်ပွန်းတို့၌ တပ်စွန်းသော တဏှာတို့အောက် အဆပေါင်းများစွာ ယုတ်မာ၏။
အချင်းတို့ … သဉ္စယ ဥယျာဉ်မှူးသည် ရသတဏှာဖြင့် ဖြားယောင်း၍ ယူဆောင်ခဲ့သော ဝါတမိဂသမင်ကို ကြည့်ရှုကြကုန်လော့”
ဟု လူအပေါင်းတို့အား ရသတဏှာ၏ ယုတ်မာဆိုးကြောင်းကို ပြောဆိုဆုံးမကာ ဝါတမိဂသမင် ကို ချမ်းသာစွာ တောအရပ်သို့ ပို့စေ၏။
ဇာတ်ပေါင်း
ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် –
ရဟန်းတို့ –
· ထိုအခါ သဉ္စ ဥယျာဉ်မှူးသည် – ယခုအခါ ပြည့်တန်ဆာမ။
· ဝါတမိဂသမင်သည် – စူဠပိဏ္ဍပါတိကတိဿ။
· ဗာရာဏသီမင်းသည် – ငါဘုရား ဖြစ်လာပြီ –
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
(၁) ကောင်းသည့်ရသာ၊ စွဲလမ်းရာ၊ တဏှာယုတ်ဟုခေါ်။
(၂) ပျားလူးမြက်မင်၊ တောသမင်၊ နန်းတွင်ရောက်ထုံးမြော်။
ဝါတမိဂဇာတ် ပြီး၏။
ကောက်နုတ်ချက်
——————
မဟာပညာဗလပဌမကျော်ဦးကြီးဖေ
ငါးရာ့ငါးဆယ်နိပါတ်တော်စကားပြေ (နှာ ၃၇-၃၉)
ဆက်ရန်
——–
အမှတ်စဉ် (၁၅) ခရာတိယဇာတ (မိဂမာယာ မသင်သဖြင့် ကျော့ကွင်းတွင် အသက်ဆုံးရှုံးရသော ဆုံးမခက်သည့် သမင်ငယ် အကြောင်း
#crd