အကြာကြီးရပ်ထားရတဲ့ ကားတစ်စီးမှာ ဘယ်အစိတ်အပိုင်းတွေ ထိခိုက်နိုင်လဲ ဆိုတော့ Battery – ဟုတ်ပါတယ် စစခြင်း ပျက်စီးနိုင်တာကတော့ battery ပါ။ မော်တော်ကား battery ဟာ recharge လုပ်နိုင်ဖို့ ပုံမှန်မောင်းနှင်မှု လိုပါတယ်။ ကားစက်မနှိုးထားပေမဲ့လဲ ကား battery က အော်တို discharge ဖြစ်နိုင်ပါတယ်။ အဲ့လို discharge ဖြစ်ရင်း ကားလဲ မမောင်းဖြစ်ရင်းကနေ နောက်ဆုံး battery break down ဖြစ်သွားနိုင်ပြီး ကားလုံးဝနှိုးလို့ရမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်အကြံပေးလိုတာက မိမိကားကို မမောင်းဖြစ်သော်ငြားလဲ တစ်ရက်ကို နာရီဝက်လောက် (ဆီတော့ကုန်တာပေါ့လေ) စက်နှိုးပေးသင့်ပါတယ်။ ဒါမှသာ battery recharge လုပ်နိုင်ပြီး battery ကို ထိခိုက်ခြင်းမှ ကာကွယ်နိုင်မှာပါ။

အင်ဂျင် – ကားအင်ဂျင်မလည်ပတ်တဲ့ အချိန်မှာ အင်ဂျင်ရဲ့ စက်ချောဆီ စနစ်ကလဲ မလည်ပတ်နိုင်ပါဘူး။ ဒါကြောင့်မို့လို့ ကားကို အချိန်တစ်ခုကြာ ရပ်ထားမိတဲ့အခါ အင်ဂျင်မှာ ပါဝင်တဲ့ belt ကြိုးတွေ၊ ဗားတွေ၊ ဆလင်ဒါ လိုင်နာနဲ့ ရင်း (rings) တွေ ဆီငတ်ပြီး သံချေးတတ်နိုင်ပါတယ်။

အဝိုင်းစီး (oil seals) တွေကလဲ ဆီနဲ့ မထိတွေ့ရတဲ့အခါ ခြောက်ပြီး မာကျွတ်လာတတ်ပါတယ်။ အဲ့လိုဖြစ်ပြီဆိုရင်တော့ သေချာပေါက်ဆီမလုံတော့ဘဲ တစ်ခြားနေရာတွေကို ဆီယိုပါလိမ့်မယ်။ အဲ့တော့ battery အတွက်သာ မကဘဲ အင်ဂျင် အတွက်ပါ ကားကို‌နေ့စဉ် စက်နှိုးပေးခြင်းက အများကြီး အကျိုးရှိစေမှာပါ။

တာယာ – ကားတစ်စီးကို အကြာကြီးရက်ပေါင်းများစွာ ရပ်ထားရင် မြေကြီးနဲ့ ထိစပ်နေတဲ့ တာယာမျက်နာပြင်မှာရှိတဲ့ ရာဘာက ကားဝိတ်နဲ့ အချိန်ကြာကြာဖိမိနေတာကြောင့် အနည်းငယ် ပုံပြောင်းသွားတတ်ပါတယ်။ flat spotting ဖြစ်တယ်လို့ခေါ်ပါတယ်။ အဲ့လိုဖြစ်နေရင် ကားပြန်မောင်းတဲ့ အခါ ဘီးက ခုန ပြားတဲ့နေရာကြောင့် vibration ဝင်သလိုဖြစ်တတ်ပါတယ်။ ဒါ‌ ပေမယ့် နည်းနည်းပြန်မောင်းပြီးရင် တာယာပြန်ညီပြီး ပြန်ကောင်းသွားတတ်ပါတယ်။ ဒါကြောင့် သွားစရာမရှိ လို့ ကားရပ်ထားမယ်ဆိုရင်တောင် တစ်ရက်ခြားတစ်ခါလောက် ဘီးနေရာပြောင်းအောင် ရှေ့တိုးနောက်ဆုတ် အနည်းငယ်လုပ်ပေးသင့်ပါတယ်။

ဘရိတ် – ဘရိတ်ဒရမ် (brake drum) နဲ့ ဒစ် (discs) တွေဟာလဲ တခြားသတ္တုတွေနည်းတူ အသုံးမပြုတာကြာလာရင် သံချေးတတ်နိုင်ပါတယ်။ ကားအကြာကြီးရပ်ထားချိန်မှာ hand brake မဆွဲထားပါနဲ့။ အချိန် ကြာကြာ ရပ်ထားခိုက်မှာ hand brake ဆွဲထားမိရင် brake pads က drum တွေ discs တွေမှာ အသေကပ်သွားနိုင်လို့ပါ။

ဆေးသား – ကိုယ့်ကားက ဂိုဒေါင်ထဲမှာဆိုရင်တောင် ရပ်ထားတာကြာလို့ ကားပေါ်တင်လာတဲ့ ဖုန်မှုန့်တွေက အချိန်ကြာတဲ့အခါ ဆေးသားကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် မိမိကားကို ပုံမှန်ဆေးကြော သန့်စင်ပေးပါ။ အပေါ်က wax တစ်ထပ်ကြိုတိုက်ထားနိုင်ရင်တော့ အတော်လေးကောင်းပါတယ်။ ကားအပေါ်မှာ အဖုံးအုပ်ထားပေးခြင်းကလဲ မိမိကားရဲ့ ဆေးသားကို ကာကွယ်ပေးနိုင်မှာပါ။

အပေါ်က အချက်တွေအပြင် အချိန်အကြာကြီးရပ်ထားတဲ့ ကားမှာ အဲယားကွန်းလိုင်းစိမ့်တာ၊ အောက်ပိုင်း (suspension) သံချေးတပ်တာတွေလဲ ဖြစ်တတ်လို့ ကားပြန်လည်အသုံးပြုမောင်နှင်းမယ်ဆို အန္တရာယ်ကင်းအောင် အပေါ်က အစိတ်အပိုင်းတွေကို သတိထားစစ်ဆေးပြီးမှသာ ပြန်မောင်းစေလိုပါတယ်။ ဆီတိုင်ကီ အတွင်းပိုင်းနံရံတွေ သံချေးမတက်နိုင်အောင်လဲ ဆီကိုတိုင်ကီ အပြည့်ဖြည့်ထား‌ပေးသင့်ပါတယ်။