Home TAYA လောက၌ ကြိုတင်၍ မသိနိုင်သောအရာ (၅)မျိုး

လောက၌ ကြိုတင်၍ မသိနိုင်သောအရာ (၅)မျိုး

110

လောက၌
ကြိုတင်၍ မသိနိုင်သောအရာ (၅)မျိုးရှိတယ်
—————

ဘာတွေလဲဆိုရင်

(၁) ဇီဝိတံ –

အသက်ရှင်လျက် ဘယ်လောက်
နေရဦးမယ်ဆိုတာ မသိဘူး။
လောကကြီးမှာ ဘယ်လောက်ကြာကြာ
အသက်ရှင်နေထိုင်ရဦးမလဲ
ဆိုတာကို မသိနိုင်ဘူးတဲ့။

(၂) ဗျာဓိ –

ဘဝခရီးကို လျှေက်လှမ်းရတဲ့အခါမှာ
ဘာရောဂါနဲ့သေမယ်ဆိုတာကိုလည်း
မသိနိုင်ပါဘူးတဲ့။

(၃) ကာလော –

ကာလဆိုတာ
လူတစ်ယောက်ဟာ ဘဝခရီး
အဆုံးသတ်မယ့်အချိန်ဟာ
ဘယ်အချိန်လဲ?

မနက်လား၊ နေ့လည်လား၊ ညလား
ပြောလို့မရဘူးတဲ့

ပြောလို့မရလို့လဲပဲ ကိုယ့်ရှေ့မှာ
ဘဝနိဂုံးချုပ်သွားကြတဲ့ပုဂ္ဂိုလ်တွေ
အများကြီးရှိကြပါတယ်

အမှတ်တမဲ့နေရင်တော့
မသိဘူးပေါ့
အမှတ်နဲ့နေမယ်ဆိုရင်တော့
အကုန်သိနေမှာပဲ
မမျှော်လင့်ဘဲနဲ့ ဖြစ်နေကြတာတွေချည်းပါပဲ။

(၄) ဒေဟနိက္ခေပနံ –

ကိုယ့်ရဲ့ရုပ်အလောင်းကို
ဘယ်နေရာမှာ သဂြိုလ်မယ်၊
ဘယ်နေရာမှာ မြှုပ်နှံမယ်ဆိုတာ
ကိုလည်း မသိနိုင်ဘူး

တချို့ဟာ ကောင်းကင်ယံမှာ
အနိစ္စရောက်သွားတာလည်း ရှိတယ်။
တချို့ဟာ ပင်လယ်ထဲ ခရီးသွားရင်း
အနိစ္စရောက်သွားတာလည်း ရှိတယ်။
အမျိုးမျိုး ရှိကြတယ်လေ

အဲဒီတော့ ကိုယ့်ရဲ့အလောင်းကို
ဘယ်နေရာမှာ မြှုပ်နှံမယ်၊
ဘယ်နေရာမှာ သဂြိုလ်မလဲဆိုတာ
ကိုလည်း မသိနိုင်ပါဘူးတဲ့။

နောက်မသိနိုင်တာတစ်ခုက ဘာလဲဆိုရင်

(၅) ဂတိ – လူတိုင်းလူတိုင်းဟာ
ဘဝလမ်းကြောင်းကြီး (၅)ခုရှိတယ်။
ဂတိငါးပါးလို့ ခေါ်တာပေါ့။
Destination ခရီးလမ်းဆုံ ငါးဌာနရှိတယ်။

အဲဒီငါးဌာနက ဘာတွေလည်းဆိုလို့ရှိရင်
၁။ နတ်ပြည် – ကုသိုလ်ကံတွေ အကျိုးပေးလို့
ရောက်သွားနိုင်တဲ့ နတ်ပြည်ပေါ့နော်။

နောက်တစ်ခုက
၂။ လူ့ပြည် – ပဲ။

အကုသိုလ်ကံတွေ အကျိုးပေးလို့
ရောက်သွားနိုင်တာက
၃။ ပြိတ္တာ
၄။ တိရစ္ဆာန်
၅။ ငရဲ
အားလုံး ငါးမျိုးရှိတယ်။

အဲဒီတော့ ပုထုဇဉ်တစ်ယောက်
အနေနဲ့ ဘဝနိဂုံး အဆုံးသတ်
သွားပြီးတဲ့အခါမှာ ဘယ္ဘဝမွာ
ပြန်လည်မွေးဖွားမလဲဆိုတာ
ပြောလို့မရဘူး တဲ့။

သေဆုံးတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့
အခြေအနေတွေပေါ်မှာ မူတည်သွားတယ်တဲ့

သောတာပန်မဖြစ်သေးသမျှ
” နိယတဂတိ ”
ကိုယ်သတ်မှတ်ထားတဲ့နေရာတစ်ခုကို
သြားလို့မရေသးဘူးတဲ့

ဘုရားအလောင်းကြီးတောင်မှ
တိရစ္ဆာန်ဖြစ်တဲ့အခါ ဖြစ်တယ်။
ငရဲကျတဲ့အခါ ကျသွားတယ်။

ဘာဖြစ်လို့လဲဆိုတော့
သေခါနီးအချိန်မှာ ဘာတွေနဲ့ကြုံပြီး
ဘာစိတ်နဲ့သေမယ်ဆိုတာကို
ပြောလို့ မရလို့ပေါ့နော်။

ဘဝခရီးကို လျှောက်လှမ်းပြီဆိုရင်
လူတိုင်းဟာ ဒီအချက်ကို ကြိုတင်
မပြောနိုင်ကြပါဘူးတဲ့။

အဲဒီတော့ ဘဝဆည်းဆာ ရောက်နေတဲ့
ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းကို
ကြည့်လိုက်မယ်ဆိုရင် အဲဒီအချိန်မှာ
အလွန်သနားစရာကောင်းပါတယ်။

သေအံ့မူးမူးအချိန်ရောက်နေပြီဆိုရင်
ပတ်ဝန်းကျင်ကလည်း ကိုယ့်ကို
ကယ်တင်မပေးနိုင်တော့ဘူး။

မြတ်စွာဘုရားက ဟောထားတယ်
” န သန် ပုတ်တာ တာဏာယ ” တဲ့

“လောကမှာ သေခြင်းတရားနဲ့
ရင်ဆိုင်ရပြီဆိုရင်
အကာအကွယ်ပေးနိုင်တဲ့ သားသမီးဆိုတာ
မရှိဘူးတဲ့။ မိဘတွေအဖို့နော်”

သားသမီးတွေအတွက်လည်းပဲ
ကယ်တင်ပေးနိုင်တဲ့မိဘဆိုတာ မရှိဘူးနော်။

ဆွေတွေမျိုးတွေထဲမှာလည်း
ဒီလိုဘဝဆည်းဆာအချိန် ရောက်နေပြီဆိုရင်တော့
ကယ်တင်ပေးနိုင်တဲ့သူ တစ်ယောက်မှမရှိဘူး
ဒီလိုပြောတာ။

အဂ္ဂမဟာပဏ္ဍိတ
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
( ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး )