ဒီနေ့တော့ အီကြာကွေး အစာသွပ် ကြော်နည်းလေး မျှဝေပေးချင်ပါတယ် အီကြာကွေး အစာသွပ်နည်းလေးက လွယ်ပါတယ် တစ်ချို့ကလဲ ပုဇွန်ထုတ် ကြက်သား ဝက်သားနှင့် မိမိတို့ နှစ်သက်ရာ အသားတို့ကို စင်းကောလုပ်ပြီး အရသာစပ်ကာ အစာသွပ်ကြပါတယ်။
ကျွန်မကတော့ ပဲပြုပ်ကို အရသာထည့်ကာ ကျေနေအောင်ချေပြီး အစာသွပ်ထားပါတယ် ကြော်ပြီးတာနဲ့ စိမ့်ပြီးမွှေးနေတဲ့ အီကြာကွေး အစာသွပ်ကြော်လေးကို ကော်ဖီ လက်ဖက်ရည် ချိုစိမ့်စိမ့်လေးနဲ့ တွဲဖက်ပြီး သုံးဆောင်ဖို့ ရပါပြီ။
ပါ၀င်ပစ္စည်းများ
အီကြာကွေး – တစ်ချောင်း
ပဲပြုပ် – တရုတ်ဟင်းရည်သောက် ပန်းကန်းအသေး – တစ်လုံးစာ
ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
သကြား – ထမင်းစားဇွန်း တစ်ဇွန်း
ရေနွေးပူပူ – ထမင်းစားဇွန်း သုံးဇွန်း (ပဲချေရာတွင် သုံးရန်)
ကြက်သွန်နီ ဆီချက်ဖတ် – ထမင်းစားဇွန်း နှစ်ဇွန်း
အကြော်မှုန့် – ထမင်းစားဇွန်း ငါးဇွန်း
ရေ – လိုသလောက် သုံးပေးပါ (အကြော်မှုန့်ဖျော်ရန်)
ဆီ – လိုသလောက် သုံးပေးပါ
အကြော်မှုန့် အရည်ဖျော်ရန်
ဇလုံတစ်လုံးထဲမှာ အကြော်မှုန့်နှင့် ရေအနည်းငယ်ကို ထည့်ပေးပါ
ရေကိုတစ်ခါထဲ အများကြီး မထည့်ဘဲ ခပ်ပျစ်ပျစ် အနေအထားရအောင် ရေနည်းနည်းချင်း ထည့်ပေးပါ
မုန့်နှစ် ခပ်ပျစ်ပျစ် အနေအထား ရလာရင် ရပါပြီ
ပြင်ဆင်ပုံ
အီကြာကွေးကို အလယ်မှနေပြီး ထက်ဝက်ပိုင်းဖြတ်ပေးပါ
ပြီးတာနဲ့ အလယ်မှနေပြီး ကပ်ကြေးနှင့် ခွဲပေးပါ
ဇလုံတစ်လုံးထဲမှာ ပဲပြုပ် ကြက်သားမှုန့် ဆား သကြားနှင့် ရေနွေးပူပူတို့ ထည့်ပေးကာ ပဲပြုပ်ကို ကျေသွားအောင် ချေပေးပါ
ပဲပြုပ်များ ကျေသွားတော့မှ ကြက်သွန်ကြော် ဆီချက်ဖတ်ကို ထည့်ပေးပြီး နယ်ပေးပါ
ပဲပြုပ်အဆင်သင့် ဖြစ်တာနဲ့ အီကြာကွေး အထဲကို ပဲများဝင်သလောက် ဖိသိပ်ပြီး သွပ်ပေးပါ
အားလုံး အစာသွပ်ပြီးတာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
ဆီပူပြီး အငွေ့တက်လာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီး အီကြာကွေး တစ်ခုချင်းစီကို မုန့်နှစ်ထဲမှာ လူးပေးပါ
အီကြာကွေး တစ်ခုလုံး မုန့်နှစ်အုပ်သွားတာနဲ့ ဆီပူအိုးထဲကို အိုးဆန့်သလောက် ထည့်ပေးပါ
ကြော်နေစဉ် အီကြာကွေး တစ်ခုလုံး အကျက်ညီစေရန် အထက်အောက်ကို မကြာ မကြာ လှန်လှန်ပေးပါ
အီကြာကွေး တစ်ခုလုံး ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
အထက်ပါ နည်းအတိုင်း အီကြာကွေး ကုန်တဲ့အထိ ကြော်ပေးပါ
ဆီစစ်သွားတာနဲ့ အီကြာကွေးကြော် ကြွတ်ကြွတ်မွှေးမွှေးလေးကို ကော်ဖီ လက်ဖက်ရည် ပူပူလေးနဲ့ တွဲဖက်ကာ သုံးဆောင်ဖို့ ပြင်ပေးနိူင်ပါပြီရှင်။
Crd






