Home GENERAL ဝါယာကြိုးဝယ်ယူသုံးစွဲတော့မယ်ဆိုရင် ဘာ်လိုဝယ်ယူရမလဲ?

ဝါယာကြိုးဝယ်ယူသုံးစွဲတော့မယ်ဆိုရင် ဘာ်လိုဝယ်ယူရမလဲ?

45

#ဝါယာကြိုးဝယ်ယူသုံးစွဲတော့မယ်ဆိုရင်သိထားသင့်သောအချက်များ…

1.#ဝါယာကြိုးsizeအတိုင်းအတာယူနစ်
နိုင်ငံတကာမှာ International Electrotechnical Commission (IEC) Standard အရ ဝါယာကြိုး size များကို Cross Sectional Area (ကန့်လန့်ဖြတ် မျက်နှာပြင် ဧရိယာ) Square Millimeters (mm) နှင့် သတ်မှတ်ထုတ်လုပ် သုံးစွဲကြပြီး ကြိုးအရှည်ကို မီတာနှင့်သာ ထုတ်လုပ်ရောင်းချကြပါတယ်။
1.5mm, 2.5mm, 4mm, 6mm, 10mm, 16mm, ….

မြန်မာနိုင်ငံမှာတော့ IEC standard အပြင် ယခင် စနစ်ဟောင်း British Imperial System အရ inch လက်မနှင့် တိုင်းတာ ထုတ်လုပ်သည့် ဝါယာကြိုးများကို ဆက်လက်သုံးစွဲကြပါတယ်။ အိမ်နီးချင်းနိုင်ငံများမှ ဝါယာကြိုးစက်ရုံများပင် သူတို့နိုင်ငံတွင် သုံးစွဲမှုမရှိဘဲ မြန်မာနိုင်ငံအတွက် သီးသန့်ထုတ်လုပ်ပေးလျက် ရှိပါတယ်။ ကြိုးအရှည်ကို ကိုက်နှင့် ထုတ်လုပ်ရောင်းချကြပါတယ်။
3029, 3036, 7029, 7036, 7044, 7052, 7064, …

100 မီတာ = 109.36 ကိုက်
91.44 မီတာ = 100 ကိုက်

တစ်ချို့ mm ကြိုး ထုတ်လုပ်တင်သွင်းသူတွေက ကြိုးတစ်ခွေဈေးနှုန်း သက်သာသွားအောင် 100 မီတာနှင့် မရောင်းကြပဲ 91.44 မီတာ(100ကိုက်) အရှည်နှင့် ထုတ်လုပ်မှာယူရောင်းချကြပါတယ်။ မီတာ 100 ကြိုးခွေထက် ဈေးနှုန်းအားဖြင့် 9% သက်သာသွားပါတယ်။
မီတာ 100 လို့ ရေးထားပြီး မီတာ 100 မပြည့်သည့် ဝါယာကြိုးများလဲ ဈေးကွက်ထဲမှာ ရောင်းချနေကြပါတယ်။

“3029 wire မှ 1.5mm wire သို့ ပြောင်းလဲ သုံးစွဲခြင်း”
*3029 wire မှာ ရှေ့ဆုံးက 3 သည် ကြေးမျှင် 3ချောင်း ကျစ်ထားသည်ဟု ဆိုလိုပြီး ကြေးမျှင် တစ်ခုချင်းရဲ့ Diameter(အချင်း)က 0.029 လက်မ ရှိတဲ့ ဝါယာကြိုးကို ဆိုလိုပါတယ်။
**1.5mm wire ဆိုတာ Cross Sectional Area (ကန့်လန့်ဖြတ် မျက်နှာပြင် ဧရိယာ) 1.5 square millimeter ရှိတဲ့ ဝါယာကြိုးကို ဆိုလိုပါတယ်။
1.5mm wire ကို IEC 01 Standard အရ ကြေးမျှင်အသေး 7ပင်လိမ် နှင့် ထုတ်လုပ်သလို ကြေးမျှင်အတုတ် 1 ချောင်းတည်းနဲ့လဲ ထုတ်လုပ်ပါတယ်။
*3029 wire ကို အရွယ်အစား တူညီတဲ့ Metric(မီလီမီတာ)စနစ်ကို ပြောင်းလဲပါက Cross Sectional Area (ကန့်လန့်ဖြတ် မျက်နှာပြင် ဧရိယာ) 1.28mm ရပါတယ်။
*သို့ပေမယ့် Metric စနစ်မှာတော့ အနီးစပ်ဆုံး 1mm နှင့် 1.5mm wire cable များသာ ထုတ်လုပ်သုံးစွဲပါတယ်။
**အသုံးများတဲ့ 3029, 3036, 7029, 7036, 7044, 7052, 7064 wire များမှ Metric(မီလီမီတာ)စနစ်သို့ ပြောင်းလဲသုံးစွဲရာတွင် အနီးစပ်ဆုံး တူညီတဲ့ mm size များကို ဖော်ပြထားပါတယ်။
3029 = 1.28mm (~1.5mm)
3036 = 1.97mm (~1.5mm)
7029 = 2.98mm (~2.5mm)
7036 = 4.6mm (~4mm)
7044 = 6.86mm (6mm)
7052 = 9.59mm (~10mm)
7064 = 14.53mm (~16mm)
ဒီပြောင်းလဲခြင်းက ဝါယာကြိုးစနစ် 2ခုလုံး ကြေးနီလုံးပတ် gauge ပြည့်နေမှ မှန်မှာပါ။

သို့ပေမယ့် မြန်မာနိုင်ငံမှာ ရောင်းနေကြတဲ့ 3029, 3036, 7029, 7036, 7044, 7052, 7064 လက်မစနစ်ဝါယာ တံဆိပ်အများစုက ကြေးနီလုံးပတ် gauge လျော့နေကြပါတယ်။ လက်မစနစ် ဝါယာတွေမှာ မူလရှိရမယ့် အလေးချိန်နဲ့ ကြေးနီလုံးပတ် gauge အပြည့်ရှိတဲ့ တံဆိပ်က အတော်နည်းသွားပါပြီ။

2.#CopperPurityandWeight
အိမ်တွင်းသုံးဝါယာကြိုးများကို ကြေးနီကြိုးများ သုံးစွဲရပါတယ်။ ကြေးနီ တစ်တန်ကို 5,800$ ခန့် ရှိပြီး အလူမီနီယမ် တစ်တန်ကို 1,700$ ခန့် ရှိပါတယ်။ Copper သည် Aluminium ထက် resistance နည်းသောကြောင့် Energy loss အလွန်နည်းပါတယ်။ ကြေးနီကို အခြားဈေးနည်းသောသတ္တုစပ်ထားသော ဝါယာကြိုးများကို သုံးစွဲပါက resistance များပြီး စွမ်းအင်ဆုံးရှုံးမှုများတဲ့အတွက် လျှပ်စစ်မီတာခကို ပိုမိုကုန်ကျစေပါတယ်။ အခြားသတ္တု ရောထားသော ကြေးနီမစစ်သော ဝါယာကြိုးများသည် ၎င်းနှင့် size တူ ကြေးနီကြိုးများကဲ့သို့ Ampere(A) မသယ်ဆောင်နိုင်ပါ။ အခြားသတ္တုစပ်ထားသော ဝါယာကြိုးများကို ကြေးနီအစစ်ကြိုးများကဲ့သို့ loading သုံးစွဲပါက အပူလွန်ကဲပြီး မီးလောင်နိုင်ပါတယ်။ ဈေးနည်းသော သတ္တုများများ ရောစပ်လေ ဝါယာကြိုးဈေးနှုန်း သက်သာလေပါ။

အိမ်သုံးဝါယာကြိုး တစ်ချောင်းသည် ကြေးနီစစ်ဖို့လဲ လိုအပ်ပြီး weight ပြည့်ဖို့လဲ လိုအပ်ပါတယ်။ ကြေးနီအမျှင်တစ်ချောင်းချင်း size ပြည့်ဖို့ လိုအပ်ပြီး အမျှင်များကို (uniform twist) မှန်ကန်တိကျစွာ လိမ်ကျစ်ထားဖို့ လိုအပ်ပါတယ်။ ကြေးနီတော့ စစ်ပြီး အတွင်းမှာ သေချာ လိမ်ကျစ်မထားသော ဝါယာကြိုးများလဲ ရှိပါတယ်။ လိမ်ကျစ်ထားတဲ့ အပတ်ရေ လျော့နည်းနေမယ်ဆိုရင် ဝါယာကြိုးက weight လျော့နေမှာပါ။

IEC 01 Standard အရ အိမ်တွင်းသုံး ဝါယာကြိုး မီတာ 100 ခွေတွေမှာ အနည်းဆုံးရှိရမယ့် အလေးချိန်တွေကို ဖော်ပြပေးပါမယ်။
Copper/PVC (ကာဗာတစ်ထပ် အိမ်တွင်းသုံး ကြေးမျှင်7ပင်လိမ် ဝါယာကြိုး)
1.5mm – 2.2kg (၁ ပိဿာ ၃၄ ကျပ်သား)
2.5mm – 3.5kg (၂ ပိဿာ ၁၄ ကျပ်သား)
4mm – 5.0kg (၃ ပိဿာ ၆ ကျပ်သား)
6mm – 7.0kg (၄ ပိဿာ ၂၈ ကျပ်သား)
10mm – 12.0kg (၇ ပိဿာ ၃၄ ကျပ်သား)
16mm – 18.0kg (၁၁ ပိဿာ ၂ ကျပ်သား)
ဘယ်နိုင်ငံထုတ် ဘယ်တံဆိပ်ပဲနေနေ ဒီအလေးချိန်တွေမှ မရှိဘူးဆိုရင် အရှည်မီတာ သို့မဟုတ် ကြေးနီ လုံးပတ် gauge သို့မဟုတ် ကြေးနီသတ္တုသန့်စင်မှု တစ်ခုခုကို လျှော့ထားလို့ပါ။

1 ပိဿာ = 1.632932532 kg

1.5mm ဝါယာကြိုး မီတာ 100 ခွေ မှာ 2.2kg အနည်းဆုံး ရှိရပါတယ်။ မြန်မာနိုင်ငံမှာ မီးဆရာတွေ အသုံးများပြီး လျှပ်စစ်ပစ္စည်းဆိုင်အများစုမှာ ရောင်းချနေတဲ့ ဝါယာတံဆိပ်တစ်ချို့မှာ 2.0kg ဝန်းကျင်ပဲ ရှိပြီး 10% ခန့် weight လျော့နေကြပါတယ်။ အခြား size များတွင်လဲ 5% မှ 10% ထိ အသီးသီး weight တွေ လျော့နေကြပါတယ်။ Weight အပြည့်ဝါယာကြိုးများကဲ့သို့ Ampere(A) မသယ်ဆောင်နိုင်တော့ပါ။
နွေရာသီလို မီးအား Voltage ကျလို့ ဝါယာကြိုးတွေက Ampere(A) ပိုဆွဲတဲ့အခါမျိုးမှာ ဝါယာကြိုး ကြေးနီ လုံးပတ် gauge လျှော့ထားတာတွေ သုံးထားမယ်ဆိုရင် အပူလွန်ကဲပြီး မီးလောင်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။Packing စက္ကူဖယ်ပြီး ကတ္တားပေါ် ချိန်ကြည့်ရုံနှင့် weight လျော့မလျော့ အလွယ်တကူ သိရှိနိုင်ပါတယ်။

3.#PVCQuality
Copper ကို Coated လုပ်ထားတဲ့ PVC ကလည်း လုံးပတ်တစ်လျှောက်လုံး အထူညီနေဖို့ လိုအပ်ပါတယ်။ PVC Insulation ရဲ့ ထုက ညီမနေဘူးဆိုရင် ဝါယာပေါက်ပြဲပြီး လျှော့ဖြစ်ဖို့ အလွန်လွယ်ကူပါတယ်။ Recycled PVC အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ ဝါယာကြိုးတွေကတော့ ဈေးနှုန်း ပိုသက်သာပါတယ်။ PVC က Recycled ဖြစ်ရင် ဝါယာ သက်တမ်း ကြာရှည်မခံပါဘူး။

4.#အရောင်ခွဲခြားသုံးစွဲမှုစနစ်
AC Power Circuit မှာ Wire ကြိုးများကို အသုံးပြုတဲ့ Function အလိုက် ခွဲခြားသိဖို့အတွက် အရောင်တွေ သတ်မှတ်ပြီး သုံးစွဲကြပါတယ်။ အရောင် သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။
လက်ရှိမှာ EU နှင့် အိမ်နီးချင်းနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံအများစု လက်ခံသုံးစွဲနေကြတာကတော့ International Electrotechnical Commission (IEC) အဖွဲ့က သတ်မှတ်တဲ့ Colour Code ဖြစ်တဲ့ Phase ကြိုး Line1,2,3 ကို အညို၊ အနက်၊ မီးခိုး၊ Neutral ကြိုးကို အပြာ နှင့် Earth ကြိုးကို စိမ်းဝါကြားတို့ပဲ ဖြစ်ပါတယ်။
USA နှင့် Canada မှာတော့ အဖြူနှင့် မီးခိုးရောင်ကို Neutral အတွက်သုံးစွဲကြပြီး Phase ကြိုး Line1,2,3 ကို အနက်၊ အနီ၊ အပြာ နှင့် Earth ကြိုးကို အစိမ်း၊ စိမ်းဝါကြားနှင့် Bare conductor သုံးစွဲကြပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိအများစု သုံးစွဲနေကြတာကတော့ UK Old colour code ဖြစ်ပြီး UK မှာ 2006 နောက်ပိုင်း မသုံးစွဲတော့တဲ့ Neutral အနက်၊ Phase Line 1,2,3 ကို အနီ၊ အဝါ၊ အပြာနှင့် Earth စိမ်းဝါကြား တို့ပဲ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံများမှ ဝါယာကြိုးစက်ရုံများပင် သူတို့နိုင်ငံတွင် သုံးစွဲမှုမရှိတော့တဲ့ အရောင်စနစ်တွေကို မြန်မာနိုင်ငံအတွက် သီးသန့်ထုတ်လုပ်ပေးနေကြပါတယ်။