မာရ်နတ်ဆိုတာကိုစုံစုံလင်လင် ပြည့်ပြည့်ဝဝ သိခွင့်ရတဲ့ သိပ်အကျိုးများတဲ့ ဓမ္မစာစုလေး ဖြစ်နေလို့ သိရှိလေ့လာချင်သူများအတွက် ဓမ္မဒါန ရေးသားမျှဝေလိုက်ခြင်း ဖြစ်ပါတယ်။
၁-မာရငွါးပါးဆိုတာ မာရ်နတ်ငါးယောက်ကိုပြောတာလား… ??
၂-ဘုရားမရှိတော့ပေမယ့် သိကြားမင်းတို့ရဲ့ နတ်ပြည်ကိုဘာလို့ သွားမသိမ်းလဲ …??
၃-ဘိက္ခုနီသာသနာကိုကျတော့ ဘာလို့ မနှောက်ယှက်ခဲ့တာလဲ …??
၄-ဘုရားကို ပရိနိဗ္ဗာန်စံခိုင်းတာ မာရ်နတ်အကြီးမဟုတ်ဘူးလို့ဆိုတယ်၊ မာရ်နတ်သေးသေးလေးတဲ့ မာရ်နတ်ကြီးကသာ စံခိုင်းရင် ချက်ချင်းစံရမှာဆိုတာဟုတ်လား …??
၅-မာရ်နတ် ခိုင်းလို့ ပရိနိဗ္ဗာန် ပြုတာလား.…?? ဝက်သားစားလို့လား …??
၆-မာရ်နတ်အခုဘယ်မှာလဲ ??
၇-မာရ်နတ်ကို နှောင့်ယှက်လို့မရအောင် ဘုရားကဘာလို့ တန်ခိုးနဲ့ မတားလဲ ??
၈-ရှင်ဥပဂုတ်က မာရ်နတ်ကို ဆုံးမတယ်ဆိုတာ ဟုတ်လား ??
ဒီတော့ကာ… မာရ်ရဲ့အကြောင်းလေး အရင်ရှင်းရှင်းလင်းလင်းသိရအောင် ဦးစွာပဏာမ လေ့လာကြည့်ကြပါစို့…
မာရ်ဆိုတာ မာရဆိုတဲ့ ပါဠိကနေလာတာ မာရဆိုတာ သေခြင်း၊ သေစေခြင်းလို့ အဓိပ္ပါယ်ရတယ်။
ဒီတော့… မာရ်ဆိုတာ သေတတ်တဲ့သဘော သေအောင်သတ်တတ်တဲ့သဘောကိုပြောတာ။
မာရ် (၅)ပါးကို အကျဉ်းလေး ပြောပြမယ်။
***************************************
(၁) ကိလေသမာရ်
(၂) ခန္ဓမာရ်
(၃) မစ္စုမာရ်
(၄) အဘိသခါင်္မာရ်
(၅) ဒေဝပုတ္တမာရ်
☆ ကိလေသမာရ် ဆိုတာတစ်ထောင့်ငါးရာကိလေသာတွေကိုပြောတာလောဘ၊ ဒေါသ၊ ဣဿ၊ မစ္ဆရိယအစရှိတဲ့ ကိလေသာတွေအားလုံးဟာ စိတ်အစဉ်ကို ပူလောင်စေတတ်ပြီး ညစ်နွမ်းစေတတ်တဲ့ သဘောရှိလို့ ပင်ပန်းဆင်းရဲအောင် နှိပ်စက်တတ်တယ်။ ဒီကိလေသာတွေ ရှိနေသရွေ့ကတော့ သံသရာမှာ တလည်လည်နဲ့ အမြဲတမ်း သေနေဦးမှာပဲ ဖြစ်တယ်။ ဒီလို သေစေတတ်လို့ ကိလေသာကို မာရ်လို့ ခေါ်တယ်။
☆ ခန္ဓမာရ် ဆိုတာ ဒီခန္ဓာ ၅ပါးကို ပြောတာပဲ။ ခန္ဓာရှိသရွေ့ သေနေဦးမှာပဲ။ ဘယ်ခန္ဓာဖြစ်ဖြစ် သေနေဦးမှာပဲ။ ဒီလို သေတတ်လို့ ခန္ဓာ ၅ပါးကို မာရ်လို့ခေါ်တယ်။
☆ မစ္စုမာရ် ဆိုတာ သေခြင်းတရားပါပဲ။ မရဏကိုပြောတာပေါ့။ သေတတ်တဲ့ မစ္စုကို မာရ်လို့ခေါ်တယ်။
☆ အဘိသခါင်္မာရ် ဆိုတာ ကိုယ်ပြုထားတဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေကိုပြောတာပါ။
ကုသိုလ်ကံကြောင့် ကောင်းတဲ့ဘဝရောက်မယ်။ အကုသိုလ်ကံကြောင့် မကောင်းတဲ့ဘဝ ရောက်မယ်။ ဘယ်ဘဝရောက်ရောက် သေမှာပဲ။ သေစေတတ်လို့ …အဘိသခါင်္ကို မာရ်လို့ ခေါ်တယ်။
☆ ဒေဝပုတ္တ မာရ်ဆိုတာ မာရ်နတ်ကို ပြောတာ ဖြစ်တယ်။ မာရ်နတ်ဟာ သတ္တဝါတွေကို
သံသရာဝဋ်က လွတ်မှာကြောက်တယ်။
၃၁ ဘုံကိုသာ ဆိုရင် …
ဘယ်ကိုပဲသွားသွား သူသဘောကျတယ်။
ဒါကို လွတ်ထွက်သွားမှာကြောက်လို့
လွတ်ကြောင်းလုပ်ရင် နှောင့်ယှက်တယ်။
မာရ်နတ် အနှောင့်အယှက် ခံရရင်
သံသရာလွတ်ကြောင်း မလုပ်ဖြစ်တော့ဘူး။
၃၁ဘုံမှာပဲ ပျော်မွေ့တော့တယ်။
ဒီတော့
၃၁ ဘုံမှာ ဘယ်ဘုံဖြစ်ဖြစ် သေမှာပဲ။
ဒီလို သေစေတတ်လို့ …
ဒေဝပုတ္တမာရ်နတ်ဟာလည်း မာရ်ပါပဲ။
ဒီတော့ မာရ်ငါးပါးဆိုတာက
မာရ်နတ် ငါးပါးကိုပြောတာမဟုတ်ပါဘူး။
မာရ်နတ်ကလည်း ငါးယောက်မက
ဒီထက်လည်း ရှိနေနိုင်အုံးမှာ ဖြစ်တယ်။
ဘုရားနဲ့သံဃာတွေကို
နှောင့်ယှက်တဲ့ မာရ်နတ်ကတော့
သူတစ်ယောက်တည်းပါပဲ။
အမေး(၁) ရဲ့အဖြေ ပြီးပါပြီ။
…………………………………………
မာရ်နတ်ဟာ
နတ်ပြည် ၆ ထပ်မှာ
အထက်ဆုံး နတ်ဘုံမှာနေတယ်။
နတ်ပြည် ၆ထပ်ရဲ့ စည်းစိမ်နဲ့
သက်တမ်းလေး နည်းနည်းပြောပြမယ်။
☆စတုမဟာရာဇ်နတ်ပြည်ဆိုတာ
မြင့်မိုရ်တောင်ရဲ့ အလယ်မှာရှိတယ်။
ဓတရဋ္ဌ၊ ဝိရုဠှက၊ ဝိရူပက္ခ၊ ကုဝေရဆိုတဲ့
နတ်မင်းကြီး လေးပါးက အုပ်ချုပ်တယ်။
စတုမဟာရာဇ်နတ်တွေဆိုတာ
အလွန်တရာ တန်ခိုးကြီးတာ ဖြစ်တယ်။
သက်တမ်းက နှစ်ပေါင်း ၅၀၀ ရှိတယ်။
လူသက်နဲ့ဆို အနှစ် ၉ သန်း ရှိတယ်။
☆တာဝတိံသာ သူ့ထက်ပိုပြီးမြင့်တယ်။
မြင့်မိုရ်တောင်ထိပ်မှာ ရှိတယ်။
သိကြားမင်း ဦးမဃနဲ့ တကွ
၃၃ ဦးသောနတ်မင်းကြီးတို့ အုပ်စိုးတယ်။
အခေါင်နတ်မင်းကတော့ ဦးမဃပဲ။
(မာဃမဟုတ် မဃသာအမှန်)
တခြားနတ်မင်းတွေလည်းရှိတယ်။
နတ်သားတစ်ယောက်တောင်မှ
နတ်သမီးအခြွေအရံ ၅၀၀ ခြံရံပြီး
ကာမဂုဏ်ချမ်းသာကို ခံစားတယ်။
နတ်သက်တမ်းက နှစ် ၁၀၀၀ ပါ။
လူလိုတွက်ရင် ၃ ကုဋေ ၆ သန်းရှိတယ်။
☆ယာမာကနေစပြီး ဘုံဗိမာန်တွေဟာ
ကောင်းကင်ယံမှာတည်နေတာ ဖြစ်တယ်။
ယာမာနတ်တွေကို ဆင်းရဲခြင်းကင်းသော
နတ်တွေလို့ခေါ်တယ်။နတ်ချမ်းသာကိုချည့်
သီးသန့်ခံစားတဲ့နတ်တွေ ဖြစ်တယ်။
နတ်သက်တမ်းက နှစ် ၂၀၀၀
လူလိုတွက်ရင် ၁၄ကုဋေ၄သန်းရှိတယ်။
နတ်ဘုံတိုင်းမှာ
ကိုယ့် နတ်မင်းကြီးနဲ့ကိုယ်ရှိတယ်။
ယာမာ နတ်ပြည်အတွက်တော့
သုယာမနတ်မင်းက အခေါင်နတ်မင်းကြီးပဲ။
☆တုသိတာနတ်ပြည်ဆိုတာ
အလွန်နှစ်သက်ရွှင်လန်းတယ်။
ဘုရားလောင်းနဲ့ မယ်တော်ဟောင်းတွေ
ဒီဘုံမှာ လာဖြစ်ကြတာ ဖြစ်တယ်။
အခေါင်နတ်မင်းကြီးက သန္တုဿိတနတ်မင်းပဲ။
နတ်သက်တမ်းက နှစ် ၄၀၀၀
လူလိုဆို ၅၇ ကုဋေ ၆ သန်းရှိတယ်။
☆နိမ္မာနရတိနတ်ပြည်ဆိုတာ
ကိုယ့်စည်းစိမ်ကိုယ်စိတ်ကြိုက်
ဖန်တီးလို့ရတဲ့ နတ်ပြည် ဖြစ်တယ်။
အောက်ကနတ်ပြည်တွေက
ကိုယ့်ကုသိုလ်ကံအလိုက်
ဘုံဗိမာန် အစရှိသဖြင့် ရတယ်။
ဒီနတ်ပြည်ကတော့
စိတ်ကြိုက် ဖန်တီးပြီး ခံစားလို့ရတယ်။
လိုတာထက်ပိုပြီး ခံစားစံစားလို့ရတယ်။
နတ်သက်တမ်းက နှစ် ၈၀၀၀
လူလိုဆို ၂၃၀ ကုဋေ ၄ သန်းရှိတယ်။
ကျောင်းတကာမကြီး
ဝိသာခါ သေဆုံးတော့
ဒီဘုံကို ရောက်တာ ဖြစ်တယ်။
☆ပရနိမ္မိတဝဿ ဝတီနတ်ပြည်က
နတ်ပြည် ၆ ထပ်မှာတော့ အမြင့်ဆုံးပါပဲ။
စည်းစိမ်တွေ ဆိုတာကိုလည်း
ကိုယ်တိုင်တောင်ဖန်ဆင်းစရာမလိုဘူး။
ကျွန်အစေအပါးနတ်တွေက
ပြုလုပ်ဖန်ဆင်းပေးရတာဖြစ်တယ်။
သူတို့က
လိုတာထက်ပိုပြီး
ခံစားစံစားချင်ရင်တောင်
သူများကနေ ဖန်ဆင်းပေးရတယ်။
နတ်သက်တမ်းက နှစ်ပေါင်း ၁၆၀၀၀
လူလို ၉၂၁ သန်းအထိ ရှည်ကြာတယ်။
မာရ်နတ်က ဒီဘုံမှာနေတယ်။
အခေါင်နတ်မင်းကြီးတော့ မဟုတ်ဘူး။
မာရ်နတ်သားပဲ။
အခေါင်နတ်မင်းကြီးက
ဝဿ ဝတီနတ်မင်းကြီး သပ်သပ်ရှိတယ်။
မာရ်နတ်ကို
စင်ပြိုင်လို့တော့ သတ်မှတ်လို့ရတယ်။ သူ့တပည့်တွေက များတာကိုး။
ဗိုလ်ဆိုလည်း သူပုန်ဗိုလ်ပဲဆိုပါတော့။
မာရ်နတ်က ပုံထဲကလို
ရုပ်ဆိုးဆိုးကြီး မဟုတ်ပါဘူး။
ကာမာဝစရနတ်ပြည် ၆ထပ်မှာ
အချောအလှဆုံးနတ်တွေထဲက တစ်ပါးပါ။
အားကြီးတဲ့ ကုသိုလ်ကံတွေ ပြုခဲ့ဖူးသူပါ။
ဒီလောက်ဆို
မာရ်နတ်က သိကြားမင်းကို ဘာလို့
သွားပြီး မတိုက်ခိုက် မသိမ်းပိုက်သလဲ
သိလောက်ပြီပေါ့နော်။
သူ့နေရာလောက်မှ
စည်းစိမ်ချမ်းသာမရှိတဲ့ သိကြားမင်း။
သူ့လောက်မှ သက်တမ်းမရှည်တဲ့နေရာကို
သူက ဘာလုပ်ဖို့လာသိမ်းတော့မှာလဲ။
မာရ်နတ်က ဒီလောက်မအဘူးလေ။
မေခွန်း၂ ရဲ့အဖြေပြီးပါပြီ…။
……………………………………………………
မာရ်နတ်ဆိုတာ
သံသရာလွတ်ကြောင်းကလွဲရင်
ဘာလုပ်လုပ် အမြဲအကောင်းမြင်တယ်။
သံသရာလွတ်ကြောင်း လုပ်လို့ကတော့
နည်းမျိုးစုံနဲ့တားဆီးတော့မှာ ဖြစ်တယ်။
သိဒ္ဓတ္ထမင်းသား
တောထွက်ချိန်မှာလည်း တားခဲ့တယ်။
ဘုရားဖြစ်ကာနီးချိန်မှာလည်း
လေကြီးမိုးကြီး ပြာပူမီးနဲ့
မှောင်ကြီးတစ်တန် ဓားလှံမကြွင်း
ပစ်ခတ်ခွင်းပြီး နှောင့်ယှက်တယ်။
ဘေးနားမှာရှိနေတဲ့
ဘုရားဖြစ်တာနဲ့ ကြိုဆိုမယ့်သူတွေဆို
ထွက်ပြေးကြတဲ့ အထြိ
ဗြဟ္မာမင်းက ထီးဖြူ၊
သိကြားမင်းက ခရုသင်း
ပဉ္စသိင်္ခနတ်မင်းက ဗေလုဝစောင်း။
ကိုယ့်ပစ္စည်း
ဘယ်နားကျန်မှန်းတောင်မသိအောင်
ထွက်ပြေးကြတဲ့ အဆင့်ထိရောက်အောင်
နှောက်ယှက်တာ ဖြစ်တယ်။
(တကယ်တော့
ဗေလုဝစောင်းက မာရ်နတ်ရဲ့အပိုင်ပါ။
ဘုရားလောင်း ၆ နှစ်လုံးလုံးအပြစ်လုပ်ရင်
ထောက်ပြပြီး ပျော်ပျော်ပါးပါးကြီး တီးဖို့
ဂျိုင်းကြားညှပ်လာတာပါ။
၆နှစ်လုံးလုံး
အပြစ်တစ်ချက်မှ မရှိတဲ့ ဘုရားလောင်းကို
စိတ်ပျက်လက်ပျက်စောင့်ကြည့်ရင်းက
ထွက်ကျကျန်နေခဲ့တာပါ။
ဒါကို…
သိကြားမင်းက ကောက်ပြီး
ပဉ္စသိင်္ခနတ်မင်းကိုပေးလိုက်တာ ###
^^^ ဒီနေရာမှာက ^^^
ကျမ်းညှိစရာတွေများတာရယ်
ပို့စ်နဲ့လည်းသိပ်မဆိုင်လို့ဒီလောက်ပါပဲ)
သမီးတော် သုံးယောက်ရဲ့ အနုအယွ
အလှအပ၊ အတွေ့အထိ၊ အမွှေးနံ့သာ၊
အရက်သေစာ မျိုးစုံနဲ့ နှောင့်ယှက်တယ်။
ဒါပေမယ့်…မရဘူး။
အရုဏ်တက်ချိန်မှာပဲ
အရဟတ္တဖိုလ်အထွဋ်တပ်တဲ့
အာသဝေါတရားတွေကို
အမြစ်မကျန်ရအောင် ဖယ်ရှားပြီးတော့
သဗ္ဗညုတဉာဏ်ကို ရသွားတယ်။
ဒီတော့ …
သတ္တသတ္တာဟ ၄၉ရက်ရဲ့ အလွန်
အဋ္ဌမသတ္တာဟ အဇပါလညောင်ပင်ကို
ဘုရားနောက်တဖန်
ပြန်ရောက်တဲ့ အချိန်မှာလည်း
မာရ်နတ်ဟာ အချိုသပ်နည်းနဲ့
လာပြီး တောင်းပန်ပြန်တယ်။
အရှင်ဘုရားအနေနဲ့
အရဟတ္တဖိုလ်လည်း တိုင်ပါပြီဘုရား။
အရှင်ဘုရား ပရိနိဗ္ဗာန်ပြုပါတော့လို့
လာတောင်းပန်တယ်။
မြတ်စွားဘုရားက ပြန်ပြောတယ်။
ငါဘုရားမှာ
ဘိက်ခု၊ ဘိက်ခုနီ၊ ဥပါသကာ၊ ဥပါသိကာ
ပရိသတ်လေးပါးတို့က တရားတွေကို…
– ပိုင်ပိုင်နိုင်နိုင်
မဆောင်ရွက်နိုင်ကြသေးဘူးဆိုလျှင်…
– သူတပါးကို ပြန်ပြီး
မဟောပြောနိုင်သေးဘူးဆိုလျှင်…
– ဆန့်ကျင်ဘက်လာပြောလို့မှ
မနှိမ်နင်းနိုင်သေးဘူးဆိုလျှင်…
ဒီလို …
ဂုဏ်အရည်အချင်းတွေ
မပြည့်မှီသေးသရွေ့တော့
ပရိနိဗ္ဗာန်မပြုသေးဘူးလို့ ငြင်းခဲ့တယ်။
ဒီစကား ကြားအပြီးမှာ
မာရ်နတ်စိတ်ပျက်ပျက်နဲ့ ပြန်သွားတယ်။
ကြားကာလတွေမှာ
ကြုံရင်ကြုံသလို နှောင့်ယှက်တယ်။
ဒါပေမယ့်လည်း
မြတ်စွာဘုရားကတော့
မာရ်နတ်အပေါ်မှာရော ကျန်သတ္တဝါတွေ
အပေါ်မှာပါ တန်းတူ မေတ္တာထားတယ်။
အနှောင့်အယှက်တွေကို ဂရုမစိုက်ပဲ
ဆက်လက်ပြီး တရားပြမြဲ ပြနေတယ်။
သတ္တဝါတွေအပေါ်မှာ
ကရုဏာထားပြီး တရားပြတယ်။
မာရ်နတ်နှောင့်ယှက်သမျှကို
ဥပေက္ခာနဲ့ ခွင့်လွှတ်ပေးခဲ့တယ်။
<> မာရ်နတ် <>
မနှောင့်ယှက်နိုင်အောင်
ချုပ်ထားတာ တုပ်ထားတာပဲ ဖြစ်ဖြစ်
မလုပ်ရခြင်းအကြောင်း ကတော့
နောက်မှ ထင်ရှားပါလိမ့်မယ် <><>
ဘိက္ခုနီသာသနာအတွက်
မိထွေးတော်ဂေါတမီတို့ ကြိုးစားနေချိန်မှာ
မာရ်နတ်က
မနှောင့်ယှက်ရတဲ့အကြောင်းကတော့
ဘိက္ခုနီသာသနာပေါ်မှ
ပရိသတ် ၄ ပါးက စုံမှာ ဖြစ်တယ်။
ဒီတော့…
ဒီ ပရိသတ်လေးပါးစုံပြီးမှသာ
ဘုရားက ပရိနိဗ္ဗာန်ပြုမှာ ဖြစ်လို့
မနှောက်ယှက်ခဲ့တာ ဖြစ်ပါတယ်။
မေခွန်း ၃ ရဲ့ အဖြေ ပြီးပါပြီ…။
……………………………………………………
ပရိနိဗ္ဗာန်မပြုခင် ၃ လ အလိုမှာ
တစ်ခါလာပြီး တောင်းပန်ခဲ့တယ်။
အရှင်ဘုရား
အဋ္ဌမသတ္တာဟမှာပြောခဲ့တဲ့
ငါဘုရားမှာ ဘိက်ခု၊ ဘိက်ခုနီ၊ ဥပါသကာ၊
ဥပါသိကာ ပရိသတ် လေးပါးတို့က
တရားတွေကို
– ပိုင်ပိုင်နိုင်နိုင်
မဆောင်ရွက်နိုင်ကြသေးဘူးဆိုလျှင်…
– သူတပါးကို
မဟောပြောနိုင်သေးဘူးဆိုလျှင်…
– ဆန့်ကျင်ဘက်လာပြောလို့မှ
ပြန်ပြီး မနှိမ်နင်းနိုင်သေးဘူးဆိုလျှင်…
ဂုဏ်အရည်အချင်းမပြည့်သေးသရွေ့
ပရိနိဗ္ဗာန်မပြုသေးဘူးဆိုတဲ့စကား
မှတ်မိပါသလားဘုရား။
ယခုအခါတွင်
အရှင်ဘုရား၌
ပရိသတ်လေးပါးမှ
ဘိက္ခုပရိသတ်တို့ဟာလည်း
ဗုဒ္ဓတရားတော်ကို ပိုင်ပိုင်နိုင်နိုင်
ဆောင်ရွက်မှတ်သားနိုင်ပြီ ဖြစ်ပြီး
သူတပါးတို့ကိုလည်း ဟောပြောနိုင်ပါပြီ။
ဆန့်ကျင်ဘက် ပြောလာသူတို့ကိုလည်း တရားသဖြင့်နှိမ်နင်းပြီး အကျိုးအကြောင်းနှင့်တကွ တရားကို ဟောပြနိုင်ပါပြီ… ပရိနိဗ္ဗာန်စံယူရန် အချိန်အခါ သင့်ပါပြီ။ “”ပရိနိဗ္ဗာန် စံတော်မူပါတော့ဘုရား””
ဘိက္ခုနီပရိသတ်သည် ဗုဒ္ဓတရားတော်ကို ပိုင်ပိုင်နိုင်နိုင် ဆောင်ရွက်မှတ်သား၍ သူတပါးတို့ကိုလည်း ဟောပြောနိုင်ပါပြီ။
ဆန့်ကျင်ဘက် ပြောလာသူတို့ကိုလည်း တရားသဖြင့်နှိမ်နင်းပြီး အကျိုးအကြောင်းနှင့်တကွ တရားကို ဟောပြနိုင်ပါပြီ ပရိနိဗ္ဗာန်စံယူရန် အချိန်အခါ သင့်ပါပြီ။ “ပရိနိဗ္ဗာန် စံတော်မူပါတော့ဘုရား”
ဥပါသကာပရိသတ်သည် ဗုဒ္ဓတရားတော်ကို ပိုင်ပိုင်နိုင်နိုင် ဆောင်ရွက်မှတ်သားနိုင်ပြီ ဖြစ်ပြီး သူတပါးတို့ကိုလည်း ဟောပြောနိုင်ပါပြီ။
ဆန့်ကျင်ဘက် ပြောလာသူတို့ကိုလည်း တရားသဖြင့်နှိမ်နင်းပြီး အကျိုးအကြောင်းနှင့်တကွ တရားတော်တွေကို ဟောပြနိုင်ပါပြီ ပရိနိဗ္ဗာန်စံယူရန် အချိန်အခါ သင့်ပါပြီ။ “ပရိနိဗ္ဗာန် စံတော်မူပါတော့ဘုရား””
ဥပါသိကာပရိသတ်တို့ကလည်း ဗုဒ္ဓတရားတော်ကို ပိုင်ပိုင်နိုင်နိုင် ဆောင်ရွက်မှတ်သားနိုင်ပြီ ဖြစ်ပြီး သူတပါးတို့ကိုလည်းဟောပြောနိုင်ပါပြီ။
ဆန့်ကျင်ဘက် ပြောလာသူတို့ကိုလည်း တရားသဖြင့် နှိမ်နင်းပြီးတော့ အကျိုးအကြောင်းနှင့်တကွ တရားကို ဟောပြနိုင်ပါပြီ။ ပရိနိဗ္ဗာန်စံယူရန် အချိန်အခါ သင့်ပါပြီ။ “ပရိနိဗ္ဗာန် စံတော်မူပါတော့ဘုရား””
ဒီလိုမျိုး ပြည့်စုံအောင် ပုံပြပြီး ပရိနိဗ္ဗာန်စံဖို့ လျှောက်တယ်။
ဒီတော့ ပြောချင်တာက ဘုရားပရိနိဗ္ဗာန်စံဖို့ လာလျှောက်တာ ဒီ ” မာရ်နတ် “ပါပဲ။
ဘုရားပရိနိဗ္ဗာန်စံမယ့်ကိစ္စက ဘုရားရဲ့ကိစ္စသာ ဖြစ်ပါတယ်။ ဘယ်သူစံခိုင်းလို့မှလည်း မဟုတ်ပါဘူး။
ဒီအချိန်မှာ ဘုရားရဲ့သက်တော်ဟာ ၈၀ အတွင်းကိုချဉ်းနင်းဝင်ရောက်နေပြီ။ ၈၀ ပြည့်ဖို့ ၃ လပဲ လိုတော့တယ်။
ဘုရားရှင်တိုင်းဟာ သက်တမ်းရဲ့ ၅ပုံ ၄ပုံမှာပဲ ပရိနိဗ္ဗာန်စံလေ့ရှိကြတာ ဖြစ်တယ်။
ဘုရားရှင်ရဲ့ ပစ္ဆိမသာဝကဖြစ်တဲ့ သုဘဒ္ဒပရဗိုဇ်ကလည်း နောက်သုံးလနေမှ ဉာဏ်ရင့်မယ်။ တရားဟောလို့ရမယ်။
လွန်ခဲ့တဲ့ ၇လတုန်းက သေလောက်တဲ့ သွေးဝမ်းသွန်ရောဂါကို အာယုပါလကဖလသမာပတ်နဲ့ ၁၀ လတာထိန်းတာကလည်း နောက်သုံးလဆိုပြည့်ပြီ။
ပရိနိဗ္ဗာန်စံယူလောက်အောင် အလွန်ပြင်းထန်တဲ့ သွေးဝမ်းသွန် ရောဂါဟာလည်း ပြန်ပေါ်တော့မယ်။
ပြန်ပေါ်လာတဲ့ ရောဂါကို အာယုပါလကဖလသမာပတ်နဲ့ ပြန်ထိန်းချင်လည်းရတယ်။ မထိန်းတော့ပဲ အနုပါဒိသေသ ပရိနိဗ္ဗာန်ဝင်စံလိုက်လည်းရတယ်။
အရင်က ဖလသမာပတ်သုံးပြီး ရောဂါကိုထိန်းထားတာဟာ ပစ်ဆိမသာဝကကို တရားဟောဖို့ မမီမှာစိုးလို့။
အခုက ပစ္ဆိမသာဝကကိုတရားဟောမီတဲ့အတွက် မထိန်းတော့ဘူး ပရိနိဗ္ဗာန်စံတော့မယ်။
ဒီတော့ ဘုရားပရိနိဗ္ဗာန်စံတာ မာရ်နတ်ကြောင့်လည်း မဟုတ်ဘူး … သူကရမဒ္ဒဝကြောင့်လည်းမဟုတ်ပါဘူး။
-သူကရမဒ်ဒဝကို ဝက်သားမဟုတ်ကြောင်း ကျမ်းများစွာတို့မှာရှင်းလင်းထားတာကို အထူးတလည် တွေ့ရမှာ ဖြစ်တယ်။
ဆိုလိုချင်တာက…မာရ်နတ်ကလည်းလာလာ နှောင့်ယှက်နေတာ ဒီတစ်ယောက်တည်းပဲ ဖြစ်တယ်။
ပရိနိဗ္ဗာန်မစံခင် ၁၀လ အလို(အာယုသခါင်္ရမလွှတ်ခင် ၇လ အလို)ကတည်းက ပရိနိဗ္ဗာန်စံစရာ ရောဂါဝေဒနာသွေးဝမ်းသွန်မှု ဖြစ်နေပြီးဖြစ်ပါတယ်။
ဒါကြောင့်အချိန်တန်ပြီမို့လို့သာပရိနိဗ္ဗာန်စံကြောင်း သိလောက်ပါပြီ။
မေးခွန်း ၄ နဲ့ ၅ ရဲ့ အဖြေ ပြီးပါပြီ။
……………………………………………………………
မှတ်ချက်။ ။
[[သူကရမဒ်ဒဝဟာ သွေးဝမ်းသွန်စေခဲ့တာမဟုတ်ဘဲ… သွေးဝမ်းသွန်လို့ လျော့သွားတဲ့အာဟာရ၊ ဆုတ်ယုတ်သွားတဲ့ခွန်အားတွေကို ပြန်လည်ဖြည့်တင်းပေးခဲ့တာပါ။ အကယ်၍သာ သူကရမဒ္ဒဝကို ကြိုတင်မှီဝဲထားခြင်းမရှိရင် သွေးဝမ်းသွန်ပြီးချက်ချင်းတောင် ပရိနိဗ္ဗာန်စံသွားနိုင်ပါတယ်။
ခုတော့ သူကရမဒ္ဒဝရဲ့အာဟာရက ကုသိနာရုံအထိတောင်မှပဲ ခြေကျင်ကြွသသွားနိုင်ပါသေးတယ်။ သူကရမဒ္ဒဝကို သုံးဆောင်မိလို့သာ အာဟာရရှိပြီး နေနိုင်တာကိုမှ သူကရမဒ္ဒဝကြောင့်သွေးဝမ်းသွန်တယ် ထင်ရင်တော့ မှားပါလိမ့်မယ်။ ဒီသူကရမဒ်ဒဝဟာ ဘုရားမဖြစ်ခင် အာဟာရဖြည့်တင်းတဲ့ သုဇာတာရဲ့ဃနာနို့ဆွမ်းလိုပဲ အကျိုးကျေးဇူးကြီးမားကြောင်း သိရှိဖို့ ပြောရတာ ဖြစ်ပါတယ်။ ]]
ဒီတော့ အကြောင်းစုံညီနေပြီဖြစ်တဲ့နောက်၃ လကို ဘုရား ပရိနိဗ္ဗာန်စံတော့မှာဖြစ်လို့ မာရ်နတ်ကနေပြီး …ပရိနိဗ္ဗာန်ပြုဖို့လာလျှောက်ချိန်မှာတော့…
ဘုရားက – မာရ်နတ်ရေ ငါဘုရားပရိနိဗ္ဗာန်ပြုမယ့်ကိစ္စမှာ မင်းကြောင့်ကြအားစိုက်မနေနဲ့တော့ နောက် ၃လနေရင် ငါဘုရား ပရိနိဗ္ဗာန်ပြုတော့မယ်။ ဒီလိုပြောပြီးတော့မှ ၃ လ အကြာမှသာ အာယုသခါင်္ရကို လွှတ်လိုက်ပါတော့တယ်။ ဒီလို အာယုသခါင်္ရကို လွှတ်လိုက်တဲ့ အခါမှာတော့ ကြောက်စရာကောင်းအလွန်ကောင်းပြီး ကြက်သီးမွေးညှင်းထလောက်အောင် မြေငလျင်အကြီးအကျယ်လှုပ်တယ်။ မိုးတွေချုန်း လျှပ်စီးတွေ လက်တယ်။ မြတ်စွာဘုရား ကိုယ်တော်တိုင်တောင်မှ ပရိနိဗ္ဗာန်ပြုဖို့ နီးကပ်ပြီ ဆိုပြီး နှစ်သက် ဝမ်းမြောက်တဲ့ ပီတိနဲ့ ဥဒါန်းကျူးရင့်တော်မူပါသေးတယ်။
— ဥဒါန်း —
*****************
လောကသုံးဘုံ အလုံးစုံကို အကုန်သိမြင် ဘုရားရှင်သည် အကျိုးကောင်းတရား အစားစားတို့၏ ဖြစ်ပွားရာလည်းဖြစ်ထသော …
အသစ်တဖန် ဘဝကို စီမံတတ်သည်လည်း ဖြစ်ထသော ချိန်ခွင်ပမာ ဉာဏ်ပညာဖြင့် ကောင်းစွာပိုင်ပိုင် မချိန်နိုင်သော မဟဂ္ဂုတ်ကံကိုလည်းကောင်း …
မဂ်အရဟတ္တ ရတုံးကပင် လုံးဝမငဲ့ စွန့်လွှတ်တော်မူခဲ့ပြီ၊
သူရဲကောင်းကြီးသည် စစ်ဝတ်တန်ဆာကို ဖျက်ဆီးလိုက်သကဲ့သို့ ထို့အတူ မိမိသန္တာန်၌မွေ့ လျော်တော်မူသော ဗုဒ္ဓမြတ်စွာသည် မိမိသန္တာန်၌ အဖန်ဖန်ဖြစ်သော ကိလေသာအညစ်မှောင်မှန်သမျှကို ဖျက်ဆီးတော်မူခဲ့လေပြီတည်း…။
……………………………………………………………
#လင်္ကာ ။ ။
မုနိ ထွဋ်တင် ဘုရားရှင်သည် များဖြင့်အချိုး အမျိုးမျိုးဟု ကောင်းဆိုးနှစ်ပြင် ပေးစွမ်းအင်ကို ချိန်ခွင်ပမာ ဉာဏ်ပညာဖြင့် ကောင်းစွာလှလှ ချိန်၍ရသည့်တုလမည်ငြား ကာမာဝစရကံ တရားကိုလည်းကောင်း …
ချိန်ခွင်ပမာ ဉာဏ်ပညာဖြင့် ကောင်းစွာပိုင်ပိုင် မချိန်နိုင်မှု အကြောင်းပြု၍ အတုလမည်ငြား မဟဂ္ဂုတ်ကံတရားကိုလည်းကောင်း ။
မဂ် အရဟတ္တ ရတုန်းကပင် လုံးဝမငဲ့ စွန့်လွှတ်ခဲ့၍ တကယ့်စစ်ပွဲ နိုင်အောင်နွှဲသည့် သူရဲခေါင်အုပ် စစ်ဗိုလ်ချုပ်သည် ဖွဲ့တုပ် စစ်ဝတ် အားလုံးချွတ်သို့ …
ဝဋ်ကိလေသာ အဖြာဖြာကို ကောင်းစွာ ဖျက်ဆီး အားလုံးပြီးသည် အေးကြီး အေးရပြီ တကား…။
မြတ်စွာဘုရား ဥဒါန်းကျူးသလိုပဲ မာရ်နတ်ကလည်း ပျော်ပြီးထွက်သွားတယ်။
ဒီ ၃ လအတွင်းမှာ အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန် အဂ္ဂသာဝကကြီး ၂ပါးတို့ဟာလည်း ရှေ့ဆင့်နောက်ဆင့် ပရိနိဗ္ဗာန်ပြုခဲ့ကြပါတယ် ။
အရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်မပြုခင် အခါတပါးက တစ်ကိုယ်တည်း နေနေတုန်း မာရ်နတ်က ဝမ်းထဲကို ဝင်ရောက်နှောင့်ယှက်တယ်။
မထေရ်မြတ်ဝမ်းက မသာမယာဖြစ်လာလို့ အစာအာဟာရကြောင့်လားဆိုပြီး လမ်းထလျှောက်တယ်။ တန်ခိုးတော်နဲ့လည်း ကြည့်တယ်။
ဒီတော့မှ မာရ်နတ်ဝင်နေတာသိပြီး မာရ်နတ်ကို ထွက်ခိုင်းတယ်။ မာရ်နတ်က ငါ့ကိုမြင်သွားပြီဆိုပြီး ဝမ်းထဲက ထွက်လာရတယ်။
တန်ခိုးပြင်းထန် အရှင်မောဂ္ဂလာန်ရဲ့စကားကို အာခံဖို့လည်း မဖြစ်နိုင်ဘူးလေ။
အပြင်ထွက်ပြီး ခပ်လှမ်းလှမ်းမှာ ကိုယ်ဖျောက်ရပ်နေတယ်။ အရှင်မောဂ္ဂလာန်က မင်းကို ငါမြင်ရသေးတယ်လို့ပြောပြီး ဒီမယ်မာရ်နတ် ငါလည်း အရင်ကမာရ်နတ်ဖြစ်ခဲ့ဖူးတယ်။ ဒီတော့ မာရ်နတ် စိတ်ဝင်စားသွားတယ်။
ငါ့ရဲ့နာမည်က အဲဒီတုန်းက ဒုဿလို့ခေါ်တယ်။ အဲ့တုန်းက ငါ့နှမဟာ အခု မင်းအမေပဲ။ ဒီတော့မင်းနဲ့ငါဟာ တူအရီးတော်တယ်။
ဒီလိုပြောလိုက်တော့ မာရ်နတ် သူ့ဦးလေးမှန်းလည်းသိသွားရော နှလုံးသားက နူးညံ့ပျော့ပြောင်းသွားတယ်။
ဒီအချိန်မှာမှ မထေရ်မြတ်က ငါမာရ်နတ် ဖြစ်ခဲ့တုန်းကလည်း ဘုရားနဲ့ သံဃာတွေကိုစော်ကားခဲ့လို့ စုတိပြတ်ကြွေသေလွန်တဲ့အခါ အဝိစိငရဲကို ကျဆင်းခံခဲ့ရတယ်။
မင်းလည်း ဘုရားနဲ့ သံဃာတွေကို ဆက်ပြီးပြစ်မှားနှောင့်ယှက်ပြီး နေဦးမယ်ဆိုရင် ငါ့တုန်းကလိုပဲ အပယ်ကျလိမ့်မယ်လို့ ရှင်းပြလိုက်တယ်။
အဲဒီအခါ ကျတော့မှ… မာရ်နတ်ဟာ အသိတရားဝင်သွားတယ်။ သူဒီအတိုင်းဆက်သွားရင်တော့ ငရဲကျတော့မှာပဲ။ ငရဲကျမှာလည်းကြောက်လာတယ်။
သူမှားခဲ့သမျှကိုလည်း အသိဝင် နောင်တရလာတယ်။
သတ္တဝါတွေ သံသရာဝဋ်က မလွတ်အောင် သူကြိုးစားခဲ့တာတွေကို နောင်တရပြီး အရှင်မောဂ္ဂလာန်ရဲ့တရားတိုတိုလေးနဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရလောက်ပါရဲ့နဲ့ သာဝကဗောဓိဉာဏ်မယူတော့ပဲ။
သတ္တဝါတွေကိုပါ သံသရာဝဋ်က ခေါ်ထုတ်နိုင်တဲ့ သမ္မာသမ္ဗောဓိဆုကို ပန်ခဲ့တယ်။ ပြီးတော့သူနေတဲ့ ပရနိမ္မိတဝဿဝတီနတ်ပြည်ကို ပြန်သွားခဲ့တယ်။
ပါရမီပေါင်းများစွာဖြည့်ကျင့်ပြီး လောက သတ္တဝါတွေကို ချေချွတ်ပေးပါလိမ့်ဦးမယ်။ လက်ရှိတော့ ဝဿဝတီနတ်ပြည်မှာပါ။
မေးခွန်း ၆ ရဲ့ အဖြေပြီးပါပြီ။
……………………………………………………………
ဒါဆိုရင်… ဘုရားကမာရ်နတ်ကို မနှောင့်ယှက်အောင်ချုပ်ထားတာပဲဖြစ်ဖြစ် ဘာဖြစ်လို့…တစ်ခုခု မလုပ်သလဲကို ဒီလောက်ဆို သိလောက်ပါပြီ။
သူ့ဦးလေးဟောင်းက ဆုံးမမှ ရမှာကြောင့်ကတစ်ကြောင်း တန်ခိုးနဲ့ဆုံးမရင် မာရ်နတ်က မနိုင်မှန်းသိလည်း သူချကိုယ်ချကွာဆိုပြီး ပြန်ချနေရင် အကျိုးယုတ်နေအုံးမှာကို စိုးတာကြောင့်ကတစ်ကြောင်း…
ဘုရားဆုပန်မယ့် ဆန္ဒဖြစ်ဦးမယ့် ဥပနိဿယကို မြင်နေတာက တစ်ကြောင်း… စတာတွေကြောင့် အစောပိုင်း နှောင့်ယှက်သမျှကို မေတ္တာ၊ ကရုဏာ၊ ဥပေက္ခာတွေနဲ့ သည်းခံခဲ့တာပါ။
မေးခွန်း ၇ ရဲ့ အဖြေ ပြီးပါပြီ။
………………………………………………………
မာရ်နတ်ကို အရှင်မောဂ္ဂလာန်ဆုံးမနိုင်ခဲ့တဲ့အတွက် အရှင်ဥပဂုတ်ဆုံးမတယ်ဆိုတာ လုံးဝ မဖြစ်နိုင်တော့ပါဘူး။
နောက်တစ်ချက်က အရှင်ဥပဂုတ်ဆိုတာ မဟာယာန အနွယ်ဝင် စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ပါ။
မေးခွန်း ၈ ရဲ့ အဖြေ ပြီးပါပြီ။
………………………………………………………
တစ်ခါက …စွန်းလွန်းဆရာတော်ကြီးကို ပရိနိဗ္ဗာန်ပြုဖို့ နတ်တစ်ပါးက လာလျှောက်ဖူးတယ်။
အရှင်ဘုရား အာယုသခါင်္ရလွှတ်ပါတော့ ဘုရားတဲ့ ဆရာတော်ကြီးက မလွှတ်ဘူးကွာဆိုပြီး ငေါက်ထုတ်လိုက်တော့ …
သတ္တဝါတွေတော့ အကျွတ်တရားရကြလိမ့်ဦးမယ်ကွာဆိုပြီး စိတ်ပျက်လက်ပျက် ပြန်သွားတယ်တဲ့။
ဆရာတော်ကြီးရဲ့ ဘေးနားက တပည့်တွေက အဲ့ဒါ မာရ်နတ်ဖြစ်လိမ့်မယ်လို့ပြောတော့
ဆရာတော်ကြီးက အဘိညာဉ်နဲ့ လိုက်ကြည့်ပြီး ပြန်ပြောလိုက်တာကတော့…
အဲဒါ မာရ်နတ်မဟုတ်ဘူးကွ…အောက်ကနတ်သေးနတ်မွှားလေးပါပဲ မာရ်နတ်ကြီးက လိမ္မာနေပါပြီကွာ တဲ့
ဟူသတည်းးးး…။
**************************************
ကိုးကားသောကျမ်းစာအုပ်များ>>>>>
(၁) မဟာဂန္ဓာရုံဆရာတော်ရဲ့
နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ
(၂) မင်းကွန်းဆရာတော်ကြီးရဲ့
မဟာဗုဒ္ဓဝင်
(၃) ကျီးသဲလေးထပ်ဆရာတော်ရဲ့ ဇိနတ်ထပကာသနီ
(၄) တည်တောဆရာတော်ရဲ့ ဗုဒ္ဓဝါဒဆိုင်ရာအမေးအဖြေများ
(၅) စွန်းလွန်းအမေးအဖြေများနဲ့
(၆) ဒေါက်တာမင်းတင်မွန်
တက္ကသိုလ်အဘိဓမ္မာပေါင်းချုပ်။
စာဖတ်သူမိတ်ဆွေအားလုံးကိုလေးစားလျှက်



