Home GENERAL အစ္စလာမ်ဘာသာ

အစ္စလာမ်ဘာသာ

3

တည်ထောင်သူ
– အာရပ်လူမျိုး မိုဟာမက်။

မွေးဖွားသည့်နှစ်
– ခရစ်နှစ် ၅၇၀ (အေဒီ ၅၇၀)။

တည်ထောင်သည့်နှစ်
– ခရစ်နှစ် ၆၁၀ (အေဒီ ၆၁၀)။

မဒီနာသို့ထွက်ခွာသည့်နှစ်
– ခရစ်နှစ် ၆၂၂ (အေဒီ ၆၂၂)။

ကွယ်လွန်သည့်နှစ်
– ခရစ်နှစ် ၆၃၂ (အေဒီ ၆၃၂)။

စတင်ပေါ်ပေါက်ရာဌာန
– အာရေဗျ နိုင်ငံ၊ မက္ကာမြို့။

ဘာသာ၏ အထွတ်အထိပ်ပုဂ္ဂိုလ်
– အလ္လာဟ်ဘုရားသခင်။

ပဓာနကျမ်းဂန်
– ကိုရန်ကျမ်းမြတ်။

အခြေခံ ယုံကြည်ချက်များ “အစ္စလာမ်” သည် အာရဗီ ဘာသာစကား ဖြစ်၏။ “နာခံခြင်း” ဟု အဓိပ္ပာယ်ရ၏။ အလ္လာဟ် ဘုရား သခင်၏ အမိန့်တော်ကို နာခံခြင်းကိုပင် အစ္စလာမ်ဟု ခေါ်ခြင်းဖြစ်သည်။ အလ္လာဟ်ဘု ရားသခင်၏ အမိန့်တော်ကို နာခံသူတိုင်း အစ္စလာမ် ဘာသာကို ကိုးကွယ်သော မူဆလင်များ ဖြစ်ကြသည်။ ဘာသာကို အစ္စလာမ် ဟုခေါ်၍ ထိုဘာသာ ကိုးကွယ်သူကို မူဆလင်ဟု ခေါ်ခြင်းဖြစ်သည်။ မိုဟာမက် တည် ထောင်သော ဘာသာဖြစ်၍ မဟာမေဒင် ဘာသာဟုလည်း ခေါ်ကြသည်။

ကမ္ဘာကြီးနှင့် သတ္တဝါတွေကို အလ္လာဟ်အ ရှင်မြတ်က ဖန်ဆင်းသည်။ အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာ၏ ပထမဆုံး လူသားအ ဖြစ် အာဒမ် ( Adam ) အမျိုးသား နှင့် ဧဝ ( Eve ) အမျိုးသမီးတို့ကို ဖန်ဆင်း သည်။ သူတို့ နှစ်ယောက် လူသားတွေ ဆက်ကာဆက်ကာ ပေါက်ပွါးလာကြ၏။

အစ္စလာမ် ဘာသာတွင် ပဓာနအားဖြင့် ယုံ ကြည်ရမည့် အချက်ကြီးများမှာ – ကမ္ဘာကို ဖန်ဆင်းအုပ်စိုးသော အလ္လာဟ် အရှင်မြတ်ကို ယုံကြည်ရမည်။အလ္လာဟ် ၏ အမိန့်အ တိုင်း ဆောင်ရွက်ရသော ကောင်းကင် တမန်များကို ယုံကြည်ရမည်။တမန်တော်ကြီး၊ တ မန်တော်ကလေးများကို ယုံကြည်ရမည်။ တ မန်တော်ကြီးများမှာ အာဒမ်၊ နောဧ၊ အေဗရာဟင်၊ မိုးဇက်၊ ယေရှုတို့ ဖြစ်ကြသည်။ မိုဟာမက်မှာ အကြီးမြတ်ဆုံး တမန်တော်ဖြစ်သည်။တရား ဆုံးဖြတ်မည့်နေ့ကို ယုံကြည်ရမည်။ တရား ဆုံးဖြတ်မည့်နေ့တွင် လူတွေအားလုံး သေရာမှ ပြန်ရှင်လာကြပြီး အလ္လာဟ်အရှင်မြတ် အထံ၌ တရားအဆုံးဖြတ် ခံရမည်။ တလောကလုံး ဖြစ်ပျက်သမျှသည် အလ္လာဟ် အရှင်မြတ်၏ အလိုတော်အတိုင်းသာ ဖြစ်ပျက်နေခြင်း ဖြစ်သည်။ အစ္စလာမ် ဘာသာ၌ အခြေခံ အချက်ကြီး ငါးချက်ရှိသည်။
ယင်းတို့မှာ –
အလ္လာဟ် အရှင်မြတ်သည် တဆူတည်းသော ဘုရားသခင် ဖြစ်သည်။ မိုဟာမက် သည် အကြီးမြတ်ဆုံးသော တမန်တော် ဖြစ် သည်။ တနေ့လျှင် ၅ ကြိမ် ဘုရား ဝတ် ပြုရမည်။ဆင်းရဲသားများအား ကျွေးမွေး ပေး ကမ်း ရမည်။ ရမ်မဇမ်လ၌ ဥပုသ် စောင့်ရမည်။ငွေကြေး တတ်နိုင်သူများ ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့သို့ ဘုရားဖူး သွားရမည်။ ( ဟာ့ဂျ် သွားသည် ဟု ခေါ်ကြသည် ။ )အစ္စလာမ် ဘာသာ၏ အရေးကြီးလှသော သင်ကြားချက်တခုမှာ “ရုပ်တုကို ရှိမခိုးရ၊ မကိုးကွယ်ရ” ဟူ၍ ဖြစ်သည်။

ပေါ်ပေါက်လာပုံ
***************

အာရေဗျနိုင်ငံ မက္ကာမြို့သည် တမန်တော် မိုဟာမက် မပေါ်ထွန်းမီ အေဒီ ၆ ရာစု အစပိုင်းကတည်းက ဘုရားဖူးများဖြင့် စည်ကား ၏။ ယင်းသို့ စည်ကားခြင်းမှာ ဘာသာရေး အရ အချက်အချာ ကျသောကြောင့်သာ မဟုတ်၊ အရှေ့တောင်ဘက်တွင် အိန္ဒိယပြည်နှင့် ပါးရှားပြည်၊ မြောက်ဘက်တွင် ဆီးရီးယားနိုင်ငံ၊ အနောက်မြောက်ဘက်တွင် အီဂျစ် နိုင်ငံများရှိရာ ကုန်သွယ်ရေး လမ်း ကြောင်း ဗဟို၌ တည်ရှိနေသဖြင့် စီးပွါးရေး အရအချက်အ ချာ ကျသောကြောင့်လည်း ဤမျှ စည်ကားနေခြင်း ဖြစ်ဟန်တူပေသည်။

ဤ အချက်သည်ပင် အစ္စလာမ်ဘာသာ ပေါ်ထွန်းလာရခြင်း၏ အကြောင်း တစိတ်တဒေသ ဖြစ်နိုင်ပေသည်။ နိုင်ငံရပ်ခြား စီးပွါးရေးသမားများသည် ဘာသာရေးသမားများစုဝေးရာဖြစ်သော ကအာဗာဝတ် ကျောင်းတော်နှင့် အစ္စမေးလ် ၏ ရေကြည်တော်တွင်းတို့၌ လူစည်ကားနေသည်ကို တွေ့ရသောအခါ စီးပွါးရေး လာဘ်မြင်သူများ ဖြစ်ကြသည့်အတိုင်း စီးပွားရေးအရအမြတ် ထုတ်ကြခြင်း ဖြစ်လေသည်။ ထို့ကြောင့်ပင် မက္ကာသည် ဈေးမြို့ ဖြစ်လာရုံမျှမက ကအာဗာ ဝတ်ကျောင်းတော် တဝိုက်သည်လည်း ဈေးရပ်ကွက်သဖွယ် ဖြစ်လာရဟန်တူပေသည်။

ဤသို့သော နေရာများသည် အပျော်အပါး လောင်းကစားသမားများ၊ အမူးသမားများ ကျက်စားစရာ ဖြစ်ပေသည်။ လူမျိုးစုံသော နေရာ၌ ကိုးကွယ်မှုမျိုးစုံလာကာ ကိုးကွယ်စရာ ရုပ်တုတွေလည်း များပြားလာခြင်း ဖြစ်ပေသည်။

ကအာဗာ ဝတ်ကျောင်းတော်၌ ဘုရားဖူး စည်ကားသည်ကို ထောက်ဆခြင်းအားဖြင့် တမန်တော် မိုဟာမက် မပေါ်ထွန်းမီအချိန်က ဂျူးဘာသာ ခရစ်ယာန် ဘာသာတို့ကို ကိုး ကွယ်သူများကြဟန် တူပေသည်။ ဇိုရိုအက်စတား ဘာသာဝင်များလည်း မရှိဟု မဆိုနိုင်ချေ။ သို့သော် အများစုသည် စင်ကြယ်သော ဘာသာတရားကို ကိုးကွယ်ကြဟန် မတူပေ။

မိုဟာမက် ဖွားမြင်ခြင်း ဤသို့သော အခြေ အနေတွင် တမန်တော် မိုဟာမက်ကို မွေးဖွားလာခြင်း ဖြစ်၏။ သူသည် မက္ကာမြို့တွင် ခရစ်နှစ် ၅၇၀ ခုနှစ်၌ ဖွားမြင်သူဖြစ်သည်။ မိခင်မှာ အာမေနတ်၊ ဖခင်မှာ အဗ္ဗဒူလာ ဖြစ် သည်။ သူ မမွေးဖွားမီကလေးတွင် ဖခင်ကွယ်လွန်သွား၍ ဖခင်၏ မျက်နှာကို သူ မမြင်လိုက်ရပေ။ မိခင်သည်လည်း သူခြောက်နှစ်သား အရွယ်တွင် ကွယ်လွန်သွား၏။ သူ့ကို သူ့ ဦးလေး အဘူတလစ်က ကျွေးမွေး စောင့်ရှောက်ထားရ၏။

မိုဟာမက် လူလားမြောက်လာသောအခါ ဆီးရီးယား နိုင်ငံသို့ကုလားအုပ်များဖြင့် ကုန်ကူးသွားသော ကုန်သည်များကို ဦးဆောင်လမ်းပြလုပ်ရ၏။သူ၏အလုပ်အကိုင်ကျွမ်း ကျင်မှုကြောင့် ပစ္စည်းချမ်းသာလှသော က လေးသုံးယောက် မိခင် မုဆိုးမကြီး ခဒီဂျာက မိုဟာမက်ကို သူ၏ကိုယ်စားလှယ်အဖြစ် ခန့်အပ်ကာ အဆိုပါ နိုင်ငံများသို့ ကုန်ကူး သန်းရန် စေလွှတ်၏။ မိုဟာမက်၏ ကျွမ်း ကျင်မှု၊ သစ္စာရှိမှု၊ စိတ်ကောင်းရှိမှုတို့ကြောင့် ခဒီဂျာက မိုဟာမက်ကို အိမ်ထောင် ဘက်အဖြစ် ရွေးလိုက်၏။ ထိုအချိန်၌ ခဒီဂျာက အသက် ၅၀ ရှိပြီ ဖြစ်၍ မိုဟာမက်က ၂၅ နှစ်မျှသာ ရှိသေး၏။ သို့သော် အိမ် ထောင်ရေးသုခကို ရကြသည်ဟု ဆို၏။

အစ်စလာမျဘာသာ၏ အစ
************************
ခဒီဂျာနှင့် လက်ထပ်ပြီးသောအခါ မိုဟာမက်၌ အချိန်အား ရသဖြင့် အားလပ်သည့် အချိန်များတွင် တဦးတည်း တိတ်ဆိတ်စွာ ထိုင်လျက် တရားနှလုံးသွင်း ဆင်ခြင်၏။ အထူးသဖြင့် သူသည် မက္ကာ၏ လက်ရှိ ဘာသာရေးအခြေအနေကို ဘဝင်မကျနိုင်သဖြင့် ဘာသာ တရားကို ပိုမို တိုးတက်ကောင်းမွန်အောင် ပြုပြင်နိုင်မည့် နည်းလမ်းကို အပြန်ပြန် အလှန်လှန် ဆင်ခြင် သုံးသပ် ရှာဖွေနေ၏။

ထိုသို့ ဆင်ခြင် သုံးသပ်နေစဉ် တညတွင် ကောင်းကင်တမန် ဂေဗရီယယ် သူ့ရှေ့၌ ပေါ်လာပြီးလျှင် ဘုရားသခင်၏ ဗျာဒိတ်တော်ကို ပေး၍ အဖတ်ခိုင်း၏။

မိုဟာမက်သည် ဝမ်းသာအားရနှင် အိမ်သို့ ပြေးသွားပြီးလျှင် သူ၏ ထူးဆန်းသော အ ဖြစ်အပျက်များကို သူ့ဇနီးအားပြောပြ၏။ ခဒီဂျာက အကြွင်းမဲ့ ယုံကြည်၏။ ကာလ အတန်ကြာသော် မိုဟာမက်သည် သူ့ကိုယ်သူ ဘုရားသခင် ရွေးချယ်သော တမန်တော်အဖြစ် ယုံကြည်ယူဆကာ သူ့မိသားစုနှင့် ဆွေမျိုးများကို စ၍ တရားဟောတော့၏။

ဘုရားဖူးသူများအား တရား စဟောခြင်း ဆွေမျိုးများထဲမှ သူ့တရားကို ယုံကြည်လက်ခံသူ အတော်များများ ရှိလာသော အခါ ကအာဗာ ဘုရား ဝတ်ကျောင်းတော်သို့ သွား၍ ဘုရားဖူးသူများအား တရားဟောလေသည်။ သူ့တရားကို “အလ္လာဟ် အရှင်မြတ်မှတပါး ဘုရားမရှိ၊ မိုဟာမက်ဟာ အလ္လာဟ်အရှင်မြတ်၏ တမန်တော်ဖြစ်သည်” ဟူသော စကားမှ စ၍ ဟောသည်။ လူတွေက သူ့တရားကို မယုံကြည်ကြရုံမျှမက သူ့ကို ပြောင်လှောင် ရယ်မောကြ၏။

သို့သော် မိုဟာမက်ကား မလျှော့။ ဆက် လက်၍ ဟောမြဲ ဟောလေ၏။

မဒီနာသို့ ရွှေ့ပြောင်းရခြင်း အတန်ကြာသော် တမန်တော် မိုဟာမက်သည် ရုပ်တုကိုးကွယ် မှု ဆန့်ကျင်ရေး၊ အရက်နှင့် လောင်းကစား ဆန့်ကျင်ရေးတရားများကိုပါ ဟောလေသည်။ ကအာဗာ ဝတ်ကျောင်း တော်နှင့် အစ္စမေးလ် ရေကြည်တော်တွင်းကို မှီ၍ စီးပွါးရှာနေကြသော စီးပွါးရေးသမားများ၏ မူမမှန်သော လုပ်ရပ်များကိုပါ ထုတ်ဖော် ထိပါး ၍ ဟောကြား၏။ ဤတရားများက တမန်တော်ကို ရန်များလာစေသည်။

သို့နှင့် အထိပါးခံရသူများသည် တမန်တော်ကို သတ်ရန်စီစဉ်ကြ၏။ သူတို့၏ အစီအ စဉ်ကို တမန်တော် ကြိုတင် သိ၍ သတ်မည့်ညတွင် ကုလားအုပ်စီးလျက် နောက်ပါ အ ချို့နှင့် အတူ ယသရစ်မြို့သို့ရွှေ့ပြောင်းလွတ်မြောက်သွား၏။ယသရစ်မြို့ကိုလည်း မဒီနာဟု နာမည်ပြောင်းလိုက်၏။

ယင်းသို့ ထွက်ပြေးသွားသော နှစ်မှာ ခရစ် နှစ် ၆၂၂ ခုနှစ် ဖြစ်၏။ ထို အချိန်တွင်တမန် တော်၏ အသက် ၅၃ နှစ်ရှိပေပြီ။

ခုနှစ် ရေတွက်ပုံ
****************
အစ္စလာမ် ဘာသာ၌ တမန်တော် မဒီနာ သို့ ရွှေ့ပြောင်းသော ညသည် အလွန်အရေးပါလှ၏။ အကြောင်းမှာ မိုဟာမက်၏ တရားတော်များကို မဒီနာမှစ၍ ထိရောက်စွာ ဟော ပြော ဖြန့်ဖြူးနိုင်သော ကြောင့် ဖြစ်၏။ ထို့ ကြောင့် မူဆလင်တို့ သည် ခုနှစ်ကို ရေတွက်လျှင် တမန်တော် မိုဟာမက် မဒီနာသို့ ထွက်ခွာသောနှစ်မှ စ၍ ရေတွက်ကြ၏။ သို့ဖြစ်ရာ ခရစ်နှစ် ၆၂၂ ခုနှစ်သည် မူဆလင်တို့ ဟိဂျရိ နှစ်အရ ၁ နှစ် ဖြစ်လေသည်။

ဗုဒ္ဓသာသနာနှစ် ရေတွက်ပုံမှာ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံသောနှစ်မှ စ၍ ရေတွက်၏။ ကမ္ဘာသုံး ခရစ်နှစ် ရေတွက်ပုံမှာ ယေရှုခရစ် မွေးဖွားသော နှစ်မှ စ၍ ရေတွက်၏။ ထို့ ကြောင့် ယေရှုခရစ် မမွေးဖွားမီ နှစ်များကို (B.C) ဟု အတိုကောက် ရေး၍ မွေးဖွားပြီးနောက် နှစ်များကို (A.D) ဟု အတိုကောက် ရေးကြ၏။

တိုက်ယင်း ဖြန့် မဒီနာမြို့၌ တမန်တော် မိုဟာမက်၏ တရားများကို လူ အများအပြား ယုံကြည်လက်ခံကြ၏။ ဂျူးတို့ကမူ လက်မခံကြချေ။ မိုဟာမက် ကို မဒီနာမြို့သားတို့ လေးစားချစ်ခင်ကြ၏။ မြို့၏ အကြီးအကဲ အဖြစ် တင်မြှောက်ကြ၏။

မက္ကာမှ တမန်တော်၏ ရန်သူများသည် တမန်တော်ကို မဒီနာအထိ လိုက်၍ သတ်ရန် စီစဉ်ကြ၏။ သူသည် ထိုရန်ကို ခုခံ တွန်း လှန်နိုင်ရန် စစ်သားများ စုဆောင်း၍စစ်တပ် ဖွဲ့လိုက်ပြီးလျှင် ရန်သူများနှင့် ရင်ဆိုင် တိုက် ခိုက်ခဲ့ရာ တဖြည်းဖြည်း စစ်ပွဲအဖြစ် ရောက်သွားတော့၏။ စစ်ပွဲပေါင်း များစွာတွင် တ မန်တော်၏ တပ်သားများက အောင်နိုင်ကြ ၏။ ဤ နည်းဖြင့် မိုဟာမက်သည် အစ္စလာမ် သာသနာကို တည်ထောင် ဖြန့်ဖြူးရ၏။ မက္ကာကိုကား မသွားနိုင်သေးပေ။

အောင်ပွဲ ခရစ်နှစ် ၆၃၀ ခုနှစ်၊ တိဂျရိ (အစ္စလာမ်နှစ်) ၈ နှစ်မြောက်သောအခါ မိုဟာမက်သည် တပ်သားတသောင်းပါဝင်သော တပ်မကြီးဖြင့် မက္ကာသို့ ချီတက်သွားရာ မက္ကာ မြို့သားတို့က ကြောက်လန့်၍ မြို့မှ ထွက်ပြေးကြ၏။ တမန်တော်သည် မည်သူ့ကိုမျှ ရန်မပြုပဲ ကအာဗာ ဝတ်ကျောင်းတော်သို့သာ တန်းတန်း မတ်မတ် ချီတက်သွားပြီးလျှင် သုံးရာခြောက်ဆယ်သော ရုပ် တုတို့ကို ဖျက်ဆီးစေပြီးနောက် အေးဆေးစွာ ဘုရားဝတ်ပြုနေလေ၏။

ဟာ့ဂျ် သွားခြင်း၏ ရည်ရွယ်ချက် ကအာဗာ (Kaaba) ဆိုသည်မှာ ကျောက်တုံးနက် ဖြစ် ၏။ ယင်း ကျောက်တုံးနက်ကို ကမ္ဘာဦးလူ တမန်တော်အာဒမ်က ကောင်းကင်ဘုံမှ ယူခဲ့ပြီးလျှင် ဤမက္ကာမြို့ ဖြစ်လာမည့်နေရာ၌ ကျောင်းဆောက်ကာ သိမ်းဆီးထားခဲ့ခြင်း ဖြစ်သည်ဆို၏။ မက္ကာသို့ ကမ္ဘာ့နိုင်ငံ အနှံ့ အပြားမှ ဘုရားဖူးသွားကြသူများသည် ဤ ကျောက်တုံးနက်ကို ဖူးမြော်ရန် သွားကြခြင်းဖြစ်သည်။ အခြား ဝတ်ပြုမှုတွေ ရှိသေးသော်လည်း ဤကျောက်တုံးနက်သည် လို ရင်း ဖြစ်သည်ဆို၏။

မက္ကာ မြို့သားတို့သည် မိုဟာမက် ရန်ပြုရန် လာခြင်းမဟုတ်ကြောင်း သိကြသောအခါ မြို့သို့ ပြန်လာပြီးလျှင် မိုဟာမက်ထံ စုဝေး ရောက်လာကြ၏။ တမန်တော်က ဆုံးမ ဩ ဝါဒစကား ပြောကြားပြီးလျှင် တရားဟော ၏။ မြို့သား အများစု ကျေကျေနပ်နပ်ဖြင့် တမန်တော်၏ တရားကို ယုံကြည်လက်ခံကြ၍ မူဆလင်တွေ ဖြစ်လာကြ၏။

နောက်ဆုံး ဩဝါဒ
******************
တမန်တော် မိုဟာမက် သည် စစ်သား တယောက်မျှ မက္ကာတွင် ချန်မထားခဲ့ပဲ မဒီနာသို့ အေးဆေးစွာ ပြန်ခဲ့၏။ နောင် ၂ နှစ် အကြာတွင် မက္ကာသို့ ဘုရားဖူး တဖန် သွားပြန်ပြီးနောက် မဒီနာသို့ ပြန်ရောက်သောအခါ တပည့်တို့ကိုခေါ်၍ နောက်ဆုံး ဩဝါဒကို ပေးလေသည်။ ယင်း ဩဝါဒမှာ “အလ္လာဟ် အရှင်မြတ်ကို ယုံ ကြည်ရမည်။ ရုပ်တုကို ဘယ်တော့မှ မကိုးကွယ်ရ။ ဆင်းရဲသူများကို သနားကြင်နာရမည်။ အလုပ်သမားကို သူ၏ ကိုယ်မှ ချွေးမခြောက်မီ သူ၏ လုပ်ခကို ပေးရမည်” ဟု စသောဟောနေကျတရား များပင် ဖြစ်၏။

သုံးလ ကြာသောအခါ အသက် ၆၃ နှစ် အ ရွယ်တွင် တမန်တော် မိုဟာမက်သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို နာခံသွားလေသည်။