သမားမုန်းတဲ့ သမုန်းပွင့်လို့ ဆိုရိုးစကားရှိခဲ့ပါတယ်
ရုက္ခအမည်: #Hypselandra variabilis
(Collett & Hemsl.) Pax & K. Hoffm.
Synonyms: #Boscia variabilis Collett& Hemsl.
Family #Capparaceae
Collected by Kothet Naing Oo
Locations Mandalay region, Sagaing Region and Magwe R.
Flowering from January to March
ဆေးဖက်အလွန်ဝင်တာကြောင့်
သမားတော်တွေကတောင် မုန်းရတဲ့အရွက်
သမားမုန်း ၊ နောင်တော့ သမုန်းဖြစ်လာတယ်တဲ့
ဇန်နဝါရီလလောက်က စပြီး သမုန်းဖူးတွေ စျေးမှာဝယ်လို့ရပြီ၊ မုံရွာတက္ကသိုလ် မှာ ဒုချုပ်ဘဝနဲ့ တာဝန်ကျစဥ်က အလွန်ကြီးမားတဲ့ သမုန်းပင်ကြီးတွေကို Campus ဝင်းထဲမှာရော အပြင်မှာပါတွေ့ခဲ့ရတယ်၊ ပြောင်လက်နေသော ပင်စည်က ထုဆစ်ထားတဲ့ ပန်းပုလက်ရာလိုဘဲ၊ အလွန်လှတယ်၊ သမုန်းဖူးချိန်က တက္ကသိုလ်ဝင်တန်း မေးခွန်းလွှာတွေ အတွက် တာဝန်ကျသူများ Camp သွင်းချိန်နဲ့ တိုက်ဆိုင်နေတယ်၊
အအေးဓာတ်က ဖေဖော်ရီဆိုတော့ နေ့ပူ ညချမ်းပေါ့၊ အပင်တွေရဲ့ အရွက်တွေကဝါ ၊ လေအဝှေ့မှာ တဖြုတ်ဖြုတ်ကြွေနဲ့ လွန်းစရာ အချိန်ပါ၊ လှို့ဝှက် Camp နဲ့ မဝေးသောနေရာမှာ သမုန်းပင်ကြီးတပင် ထီးထီးကြီးရှိတယ်၊ သာမန်ဆို အစိမ်းရင့်ရင် အရောင်ရှိတဲ့ ဒီအပင်ကြီးက အဖူးဖူးချိန်ရောက်လာရင် တပင်လုံး ဖက်ဖူးစိမ်းရောင်ပြောင်းတယ်၊ အပွင့်နဲ့ အရွက် ခွဲလို့မရဘူး၊ ဘာ့ကြောင့်လည်း? သမုန်းပွင့်အရောင်က စိမ်းဝါရောင်သန်းတယ်၊ ဝန်ထမ်းကလေးတွေကတော့ တပျော်တပါး တက်ခူးကြတယ်၊ ဆောင်းတွင်း အညာထမင်းဝိုင်းမှာ သမုန်းဖူးသုပ် ၊ မြူရွက်သုမ် ၊ မရမ်းသီးထောင်း၊ ပဲဟင်းချို၊ မုံရွာ ငါးခြောက်ထိုးက လိုက်ဖက်လွန်းသော ဟင်းလျာ တွေဖြစ်တယ်၊ ပခုက္ကူတက္ကသိုလ် နဲ့ ဒေသတဝိုက်မှာလည်း
သမုန်းပင်တွေ အများကြီးရှိတယ်၊ မြန်မာနိုင်ငံ အလယ်ပိုင်း မိုးခေါင်ရေရှား အညာအရပ်မှာ သမုန်းပင်တွေ နေရာအနှံပေါက်ကြတယ်။
သင်္ကြန်နားနီးလို့ စားရတဲ့ သမုန်းဖူးသုပ်က အညာမြေရဲ့ ထင်ရှားလှသော အစားအစာတခုပါ။ ခါးသက်သက် အရသာရှိတယ် ၊ အညာနေပူပူအောက်မှာ အေးမြသော သမုန်းပင်အရိပ်မှာ မှေးစက်ခဲ့ရတဲ့ရက်တွေရှိခဲ့တယ်။
ဆေးဖက်ဝင်သမုန်း
အရှင်နာဂသိန် ဆေးကျမ်းမှာတော့ အဖိုပင် အမပင်ရှိတယ်လို့ရေးသားထားပါတယ် ။အမပင်က အရွက်ကြီးပြီး အဖိုရွက် က သေးသေးသွယ်သွယ်ဆိုထားပါတယ်၊ တကယ်တော့ ဆရာတော်ကြီးရေးသလို မျိုးရင်းလက္ခဏာအရတော့ အဖိုအမ မရှိပါဘူး၊ အရွက်တွေက ခါးကြပါတယ်၊ သလိပ်ကိုနိုင်သလို ရင်ပြည့် ရင်ကြပ် အကြောတက် အကြောအောင့် အနာ၊ အညောင်း အညာ မိလို့ ကိုက်ခဲနေသူများက သမုန်းရွက်ကို ဟင်းချို ချက်သောက်ခြင်း သမုန်းရွက်ကိုသုပ်စားသင့်တယ်လို့ ဆေးကျမ်းကဆိုထားပါတယ်၊ တနေကုန်စာသင်ရတဲ့ ဆရာဆရာမတွေ ရုံဝန်ထမ်းတွေအတွက်အထူးသင့်လျော်တာပေါ့နော်၊
သမုန်းဥသည်ပူသည် ဒါပေသည့် ဆေးဖက်လည်းဝင်ပါတယ်၊ ခြေလက်များအေးခြင်း၊ ဖေါယောင်ခြင်း၊ ညောင်းကိုက်ထုံကြင်ခြင်း၊ မျက်စေ့မှုံခြင်း ကိုယ်လက်လေးလံခြင်းတို့ကိုပျောက်ကင်းစေတယ်လို့လည်းဖေါ်ပြထားပါတယ်၊ ကြည့်ဝင်းတောင်ဆရာတော်ကြီးကတော့ မျက်စေ့အောင့် မျက်စေ့နာကို သမုန်းဥ သွေးပြီးကွင်းလိမ်းရင် တကယ်ပျောက်တယ် သက်သာတယ်လို့ မိန့်ပါတယ်၊ ကျောင်းပတ်ပတ်လည်က သမုန်းပင်တွေကိုလည်းလိုက်ပြတယ်၊
သမုန်း ပင်၏ အပင်သရုပ်
ရွာအမည်ပေးတာတောင် သမုန်းပင်ကို အစွဲပြုလို့ “သမုန်းကုန်းရွာ” လို့ပေးကြတယ်၊ ပူပြင်းတဲ့အညာနွေပူပူကိုသူကအန်တုနိုင်တယ်လေ၊ ငယ်ငယ်က အပင်နဲ့ ကြီးလာရင် ဖြစ်လာတဲ့ အပင်သရုပ်က လုံးလုံးမတူလို့ သူ့ကိုပိုလို့ သတိထားဖြစ်တာပါ၊ ငယ်ငယ်က အရွက်ကပုံစံက သေးသေးသွယ်သွယ် model girls ပုံစံ ၊ အသက်လေးနဲနဲရလာတော့ linear ပုံစံကနေ elliptic oblong or oval shape ပုံစံကအမျိုးမျိုး ပြောင်းတတ်တယ်။ တပင်ထဲမှာကိုဘဲ အရွက်ပုံစံက အမျိုးမျိုးဖြစ်လို့နေတယ်၊ ဆရာက သင်ဖူးတယ် အဲဒါကြောင့် မျိုးစိတ်အမည်ကို variabilis လို့ပေးခဲ့တာကွ ၊ ဆရာ့စကားကို မမေ့တော့သလို အပင်ကိုလည်း သတိထားဖြစ်လာတယ်၊ သမုန်းပင်လေးတွေက ပူပြင်းသောရာသီ ကျောက်စရစ်ကုန်းမြေ တွေကိုကြိုက်ကြတယ်၊ အခြားအပင်တွေမရှင်ခြင်နေပါစေ သမုန်းပင်ကတော့ရှင်တယ်။ ရုက္ခဗေဒမှာတော့ xerophytic plants ရေနဲခံပင်လို့ အမည်နာမသတ်မှတ်ထားတယ်၊
အညာမှာ ထင်းခုတ်လွန်းလို့ လက်မောင်းအိုးလောက်အပင်တွေဘဲရှိတော့တယ်၊ ထူးထူးခြားခြား ကြည့်ဝင်းတောင်မရောက်ခင် လူ ၂ ယောက်လောက်ဖက်မှမီနိုင်မည့် သမုန်းပင်ကြီးတွေမြင်ခဲ့ရတယ်။ မယုံလို့ ဆရာတော်ပြကြည့်တော့ ဟုတ်တယ် တကာတဲ့၊ လူတွေသာ အပင်တွေထင်တိုင်းမခုတ်ခဲ့ရင် ဘယ်လောက်ကြီးနိုင်တာကိုသူကပြနေတယ် ၊ ပင်စည်က မီးခိုးရောင်အခေါက်တွေ ပြောင်လက်နေတယ်၊ ကိုင်းတွေက ဆလင်ဒါပုံ၊ အရွက်က ရွက်လွှဲထွက်တယ် ရွက်စွယ်ရှိကြတယ်၊ ပန်းခိုင်က ထိတ်ထွက်ကြားထွက် corymbose raceme ဖြစ်ပြီး ပန်းပွင့် ၁၀ ကနေ ၂၀ အထိပါတယ်၊
ပန်းလေးတွေက အစိမ်းရောင်ရှိကြတယ် လိင်စုံပန်းလေးတွေဖြစ်ပြီး လေးချမ်းညီပြီး အချိုးလည်းညီကြတယ်၊ ပွင့်ဖတ် ၄ ခုစီသာပါသော ၄ အ၈င်္ါဆပန်းလေးတွေဖြစ်ကြတယ်လေ၊ အခြားပန်းများလို အရောင်လှပတဲ့ ပွင့်ချပ်ကမပါရှာဖူး၊ ဒါ့ကြောင့်လည်း သမုန်းပွင့်တာလူတွေမသိကြတာပါ။ ဝတ်ဆံဖို ၈ ခုကနေ ၁၅ ခုလောက်ပါပြီး အပြင်ဖက်မှာရှိပြီး ထင်ရှားလှတယ်၊ မြန်မာလိုဆိုရင် ဖိုမခြေတန်ခေါ်ရမလားဘဲ androgynophores ပါခြင်းကတော့ ဒီပန်းရဲ့ထူးခြားချက်ပါ။ အစေ့အိမ်က ကာပယ် ၂ ခုပါတယ် ဖြတ်ကြည့်ရင် အစေ့အိမ်ခန်းတခန်းသာရှိပြီး အစေ့လောင်းများစွာက နံရံကပ်နေသော ချက်တိုင် ၂ ခုကနေ ထွက်နေတာပါ၊ အသီးကတော့ လုံးဝန်းသော မအက်ကွဲတဲ့ ဘယ်ရီသီးအမျိုးနွယ်ပါ အစေ့ ၃-၄ စေ့ခန့်ပါပါတယ် ။
အညာဒေသမှာ ပေါများလွန်းတဲ့ သမုန်းပင်ဟာ Wikipedia လို စွယ်စုံကျမ်းကြီးမှာတောင် ပုံနဲ့တကွ ပြည့်ပြည့်စုံစုံ ဖေါ်ပြထားခြင်းမရှိသေးလို့ ဆက်လက်သုတေသနပြုသင့်သော အပင်တပင်ပါဘဲ၊
အညာသားမှန်ရင် သမုန်းကို သိကြမှာပါ
#credit