မကျွမ်းကျင်သေးတဲ့သူတွေ အတွက်အခြေခံလေးတွေပါ။ ကားနားလည်တဲ့သူကိုလည်းခေါ်သွားရင်း ကိုယ်လည်း ဒါလေးတွေစစ်ကြည့်ပါ။

  • ကားမှာအရေးအကြီးဆုံးက အရှုပ်အရှင်းကင်းပြီး လိုင်စင်ပါတဲ့ကားဖြစ်ဖို့ပါ။ အုံနာဘုတ်ဝှီးတပ်မှန်/ မမှန်၊ ချက်စီ (Chassis)ဘောင်နှင့် မိန်းပလိတ်ပြား ဖြတ်ဆက်လုပ်ထားလား ဆိုတာသေချာအောင်ကညနရုံးမှာ ကားမဝယ်ခင်သွားစစ်ပါ။ မှတ်ပုံတင်ပြပြီး တရားဝင်စစ်ပေးလို့ရပါတယ်။ ကားမှာ အလိမ်တွေပါရင်တော့ ကားသိမ်းခံရပြီး လူပါအမှုဖြစ်မှာပါ။ ဒါကတော့ ကားကိုကြည့်ပြီး အားလုံးကြိုက်လို့ဈေးပါတည့်ပြီးမှ final အနေနှင့်လုပ်ရမှာပါ။
  • ကားတစ်စီးဝယ်ဖို့ သွားကြည့်ရင်
    • အင်ဂျင်ခန်း ကြည့်မယ်။ ကားရဲ့အရိုးအစစ်လို့ခေါ်တဲ့ အဓိက တန်းတွေ Frameတွေကြည့်ပါမယ်။ ရေတိုင်ကီတန်းတွေ ဘေးဘောင်တွေရှော့ဘားဘောင်တွေသေသပ်ရမယ်။ အင်ဂျင်ဂီယာဘောက်စ်အားလုံးကြည့်ကောင်းနေရမယ်။ အင်ဂျင်ခန်းကအော်ဆေးဖြစ်ရမယ်။ Original Spotတွေ ချိတ်တွေဖြစ်ရမယ်။ ဘောနပ်အောက်ကချိတ်တွေဆေးတွေ မှန်ရမယ်။ (Original ဟုတ်မဟုတ်သိရန် နားလည်တဲ့သူလိုပါသည်)
    • စက်နှိုးမယ်။ AC ဖွင့်မယ်။ အင်ဂျင်သံနားထောင်မည်။ အသံကောင်းလား ငြိမ်လား။ လီဗာဖြေးဖြေးနင်းကြည့်မယ် RPM တက်တာမှန်လား။ AC အေးလားကြည့်မယ်။ ပါဝင်တဲ့ စနစ်တွေအလုပ်လုပ်လား စမ်းမယ် ( ဥပမာ Auto Swing) အင်ဂျင်ဝိုင်တိုင်းတဲ့အတံကို ဆွဲကြည့်မယ်။ အင်ဂျင်ဝိုင်ထည့်တဲ့အဖုံး ဖွင့်ကြည့်မယ်။ အင်ဂျင်ဝိုင်ဂျိုးတွေရှိနေမယ်ဆို အင်ဂျင်cleaning လုပ်ရမှာ။
    • ကားတစ်စီးလုံး ပတ်လည်အော်ဆေးလား လိုက်ကြည့်မယ်။ တံခါးတွေဖွင့်ပြီး တံခါးဘောင်တွေ အချိုးတွေ အရိုးအစစ်တွေ သပ်ရပ်လား ကြည့်မယ်။အော်ဆေးလားသိဖို့က ခက်ပါသည်။ သို့သော်ဆေးသားအရောင်လွဲတာ မညီတာလှိုင်းတွေလိုမျိုး ဖြစ်နေတာအရိုးအစစ်တွေမညီတာတွေကသေချာကြည့်ရင်မြင်ရပါသည်။ ကားတစ်စီးလုံးမှာ ချိတ်တွေ spotတွေရှိပါတယ်။ အဲဒါတွေက ထိခိုက်မိရင်အော်အတိုင်း ပြန်လုပ်ဖို့မလွယ်ပါဘူး။ တစ်ခုခုကို သံသယရှိတယ်ဆိုရင် ဘယ်ဘက်နဲ့ညာဘက်တစ်ဖက်နဲ့တစ်ဖက်တူလားကြည့်ပါ။တံခါးတွေဆေးပြန်မှုတ်ထားတယ်ထင်ရင်ခေါက်ကြည့်ပါ။ သံပြားအသံလား ပတ်တီး အသံလား နားထောင်ပါ။
    • နောက်ဖုံးဖွင့်မယ်။ ချိတ်တွေမှန်ရမယ်။ အတွင်းခန်းအော်ဆေးဖြစ်ရမယ်။
    • အောက်ပိုင်းကြည့်မယ်။ သံချေးအဆွေးရှိလား။ ဖရိန်တွေတန်းတွေ ကြည့်ကောင်းလား။ကွိုင်စပရိန်တွေ ရှော့ဘားတွေကြည့်မယ်။
    • မီးလုံးတွေ original အမှန်တွေလား။ မှန်တွေလိုက်စစ်မယ်။ အော်မှန်တွေလား ။ ပြန်ထည့်လား။ မှန်တံဆိပ်တွေ ပြန်ရိုက်ထားတဲ့ဟာတွေလား။ မှန်ဘေးလိုင်နာတွေသေသပ်လား။ မှန်အကွဲ အက်ရာရှိလား။
    • အတွင်းခန်းကြည့်မယ်။ စီလင်ဒက်ရ်ှဘုတ်ထိုင်ခုံဘေးကာဗာတွေ အခြေအနေ။ စတီရာရင်ဂီယာ အမှန်လား။ ကားမှာပါတာတွေ အကုန်စစ်( TV ထိုင်ခုံမော်တာ seat-heater seat-memory TRC ECO )
    • Original Alloy လား။ ပြန်ထည့်လား။ တာယာတွေကောင်းသေးလား။ လဲရတော့မလား။
    • Model Year ကို internet မှာစစ်ပါ။ ကား color code ကို မှန်လား google မှာရှာပြီးစစ်ပါ။ (တစ်စီးလုံး အရောင်ပြောင်းတွေရှိတတ်လို့) ပြောထားတဲ့ ကား Grade ပြည့်လား။ Grade change ထားလား။ ( ဥပမာ Wish 2003 XS ဆိုပြီး အနောက်ဘရိတ်က Drum ဖြစ်နေတာမျိုး)
    • ခွင့်ပြုတယ်ဆို ကားစမ်းမောင်းကြည့်မယ်။ AC ဖွင့်ထားမယ်။ အင်ဂျင်အသံအောက်ပိုင်းအသံ နားထောင်မယ်။ ချိုင့်အသေးလေးတွေကျရင်ဘယ်လိုလဲ။ ရှော့ဘားတွေ ဘွတ်တွေကောင်းလား။ ဘရိတ်ကောင်းလား စမ်းမယ်။ မော်ဒယ်မြင့်ကားဆို ကိုယ့်အသိ workshop မှာ computer ထိုးစစ်မယ်( ဥပမာ Honda Civic hybrid မှာ IMA error လိုမျိုးရှိမှာကြောက်ရင်)
  • ကားများသည် brand new ကားများမဟုတ်လို့ အနည်းအများ ပြစ်ချက်ရှိမှာပါ။ ဈေးပေါ်မူတည်ပြီး ဝယ်သင့်မဝယ်သင့်ဆုံးဖြတ်ပါ။ အချို့လူများသည်ကားအားလုံးကောင်းပြီးဈေးတန်သော်လည်း ဘန်ဘာ တွင် အဆင်းရာများရှိ၍ မကြိုက်ဟုပြောသည်။ ထို့နောက်အရှေ့ရော အနောက်ပါ တိုက်ထားပြီးဆေး body ပြန်လုပ်ထားသောကားကို စင်းလုံးချောထင်၍ ဝယ်သွားသည်ကို ကြားဖူးသည်။ kilo 120000 ကားကို ကီလိုများသည်ဟု kilo 180000 ကို ကီလို 70000ပြောင်းထားသော ကားကိုဝယ်သည်။ ကီလိုအနည်းအများ အရေးကြီးသော်လည်း အင်ဂျင်ဂီယာဘောက်စ်အောက်ပိုင်း ပိုကောင်းတဲ့ကားကို ယူရပါမည်။

ကီလိုနည်းပြီး ကားကောင်းရင်တော့ အကောင်းဆုံးပေါ့။