လဂွန်းအိမ်၏ အမည်ရင်းမှာ မသံလုံ ဟူ၍ ဖြစ်သည်။ လဂွန်းအိမ်မှာ နောက်မှ ရသောဘွဲ့ဖြစ်သည်။ တစ်ခါသော် သံမောင်မြို့စား မဂြိုင်း (မဂြန်)သည် ဘုရင် ရာဇာဓိရာဇ်ကို ပုန်ကန်ထကြွ၍ ညအခါ တိုက်ခိုက်ရာ ” သည်ကျွန်ပျက်ကို မည်သူရအောင် ယူပါချိမ့်မည်နည်း ” ဟု မိန့်တော်မူသည်တွင် မသံလုံသည် ဓား ၊ လွှား ကိုင်ကာ ထွက်ခဲ့၏။
ထမင်းအိုးကို ခေါင်းရသည် အယောင်ဆောင်၍ မဂြိုင်းအား ဆက်မည့်အဟန် သွား၏။ မဂြိုင်း၏ လူတို့လည်း ညဖြစ်သောကြောင့် ၎င်းတို့၏ လူပင်ထင်၍ မတားမဆီး ဝင်ရ၏။ မဂြိုင်းအနီးသို့ ရောက်မှ ထမင်းအိုးကို ပစ်၍ မဂြိုင်းကို ခုတ်ချပြီးလျှင် ခေါင်းကို ယူခဲ့၏။ ရာဇာဓိရာဇ်လည်း ခေါင်းဆက်သည်ကို မီးရောင်တွင် မြင်ရလျှင် ” ကောင်း၏ ” ဟုသာ ချီးမွမ်းတော်မူ၏။ တစ်စုံတစ်ရာ ဆုလာဘ် ပေးတော် မမူချေ။ မသံလုံလည်း သို့စင်သည့်ပွဲကိုမျှ ဆုလာဘ်မပေးဟု နှလုံးမသာ ရှိ၏။
မသံလုံအား ဆုလာဘ်ပေးပုံ
ရာဇာဓိရာဇ်သည် မြို့အများကို သိမ်းယူပြီးနောက် တိုက်ကုလားမြို့သို့ ရောက်လျှင် မသံလုံကို ဤသို့ ချီးမြှင့်၏။ တိုက်ကုလားမြို့၌ ငါးဆက်အိမ်ဆောက်ပြီးမှ ဝန်မြို့စား သံလိုက်၏ သမီး ကိုယ်လုပ်တော် နှင်းကေသရာ ကိုတင်၍ နေစေ၏။ ပြီးမှ ဗြာဇ္ဇ (ဗြတ်ဇ) အား ဤသို့မိန့်၏။ ” မသံလုံ ကို သင့်အိမ်သို့ခေါ်၍ အရက်တိုက် ၊ လူမှန်းမသိအောင် မူးယစ်မှ သန်လျင်းနှင့် ထမ်းယူ၍ ငါးဆက်အိမ်တွင် သလွန်ပေါ်၌ အိပ်စေ။ ‘ လဂွန်းအိမ် ‘ ဟူသော ဘွဲ့ ၊ သရဖူ ၊ ဆင်ပေါက်ငါးစီး ၊ တိုက်ကုလားမြို့ တို့ကိုပေး၍ ငါ့ ကိုယ်လုပ်တော် နှင်းကေသရာ နှင့် ဆောင်နှင်းလေ။ အမူးအယစ်ပြေ၍ နိုးမှသိစေ ” ဟု မိန့်တော်မူသည်။
ဗြာဇ္ဇ(ဗြတ်ဇ)လည်း အမိန့်တော်အတိုင်း စီရင်ပြီးလျှင် စောင်း ၊ အငြိမ့် ၊ အတီးအမှုတ်နှင့်တကွ နှင်းကေသရာကို အလုံးစုံ မှာကြား၍ ထားခဲ့၏။ မသံလုံ အယစ်ပြေ၍နိုးလျှင် ရာဇာဓိရာဇ်ဘုရင်၏ သလွန်ထက်သို့တက်၍ အိပ်မှားမိချေပြီဟု ထင်မှတ်သောကြောင့် ကြောက်လန့်တကြား ဆင်း၍ ပြေးမည်ပြု၏။
ထိုအခါမှ နှင်းကေသရာက ဆွဲထားပြီးလျှင် ” တက်မှားသည် မဟုတ်ပါ ၊ ‘ လဂွန်းအိန် ‘ ဟူသော ဘွဲ့ ၊ သရဖူ ၊ ဆင်ပေါက်ငါးစီး ၊ တိုက်ကုလားမြို့ ၊ ကျွန်ုပ်ကိုလည်း မယားပြုပါစေ ပေးတော်မူခြင်း ဖြစ်ပါသည် ” ဟု ပြောကြားပေ၏။ ဤအခါမှ ယခင် မဂြိုင်း (မဂြန်)၏ ခေါင်းကို ဆက်သည့်ပွဲအတွက် ယခုမှ ဆုပေးကြောင်းကို သိရသောအခါ လဂွန်းအိန်သည် ရာဇာဓိရာဇ် ရှိရာသို့ ရှိခိုးဦးခိုက်လေသတည်း။
လဂွန်းအိန်၏ သတ္တိနှင့် ရာဇာဓိရာဇ် နှလုံးထားကြီးပုံ
ရာဇာဓိရာဇ် မြောင်းမြကို တိုက်စဉ် ပုသိမ်သားတို့က လှေတက်အများနှင့် မြောင်းမြဘက်က ကူမည်ကြား၍ ထိုပုသိမ်စားတို့ကို နှိမ်နင်းရန် လဂွန်းအိန်ကို စေတော်မူ၏။ လဂွန်းအိန်အား တက်၍ ကြိုးစားထမ်းရွက် စေလိုသောကြောင့် မိဖုရား ဒလသုဒ္ဓမာယာ (တလသုတမာယာ)ကို ကွမ်းခွက်တော်နှင့် ကွမ်းပို့စေ၏။ ကွမ်းရလျှင် ဦးခိုက်၍ ထွက်လေ၏။
လဂွန်းအိန်သည် ပုသိမ်သားတို့ အားကြီးသည် ၊ ငါတို့ကား အားနည်းသည် ၊ ငါ့သခင်စိတ်တော်ကို စမ်းဦးမည် ၊ ချစ်တော်မူသည် မှန်မှ အသက်နှင့် အမှုတော်ကို ထမ်းမည်ဟု ခေါင်းမြီးခြုံ၍ အိပ်နေလေ၏။ မိုးသောက်သော် လဂွန်းအိန် မသွားသောကြောင့် စုံစမ်းစေရာ ” ယမန်နေ့က မိဖုရား ဒလသုဒ္ဓမာယာ (တလသုတမာယာ) ကွမ်းပို့လာရာတွင် မြင်မိ၍ အလွန်ကြိုက်ချစ်ပြီးလျှင် ရေစာမယူနိုင် ရှိခဲ့ပြီ။ သွားလည်း သေမည် ၊ နေလည်း သေမည် အတူတူ ဖြစ်သောကြောင့် မသွားဘဲ နေတော့သည် ” ဟု လဂွန်းအိန်က မာယာဖြင့် ဆိုလေ၏။
ဘုရင် ကြားသိရသော် ” မိဖုရားထက် သင်းကို ပို၍ ငါ နှမြော၏ ” ဟုဆိုကာ မိဖုရားကို နားချတော်မူ၏။ မိဖုရားလည်း ဦးခိုက်၍ ငို၏။ ပြီးမှ မိဖုရားကို လဂွန်းအိမ်ထံသို့ ပို့စေ၏။ လဂွန်းအိန်သည် မိဖုရားလာသည်ကို မြင်လျှင် ခရီးဦးကြို၍ ပဏ္ဏာလက်ဆောင် များစွာနှင့် အရိုအသေပြု ကာ ဦးခိုက်ကန်တော့လျက် ” အကျွန်ုပ် သခင်၏ စိတ်တော်ကို စမ်းခြင်းမျှသာ ဖြစ်ပါသည်။ အကျွန်ုပ် ကို အကယ်ချစ်မြတ်နိုးကြောင်း သိရပါပြီ။ ယခုသော် အသက်နှင့် အမှုတော်ကို ထမ်းရွက်ပါတော့မည် ” ဟု လျှောက်၏။ ထို့နောက် အရှင်သခင်များကို ဦးခိုက်ပြီးသော် တပ်များနှင့်ထွက်၍ တိုက်လေလျှင် ပုသိမ်လှေတပ်ကို အောင်နိုင်လေသတည်း။
လဂွန်းအိန် သစ္စာကြီးပုံ
ဘုရင်မင်းခေါင် မွန်ပြည်ကို လာတိုက်စဉ်က တစ်ခါသော် ငြိမ်းအေးကြရန် ရာဇာဓိရာဇ်အား စေလာ၏။ ရာဇာဓိရာဇ်က ” ငါတို့က အမတ်ကြီး တစ်ကျိပ် ၊ ရွှေနန်းရှင်က တစ်ကျိပ် (ရာဇာဓိရာဇ် အရေးတော်ပုံတွင် သုံးကျိပ်စီ ဆိုသည်) ကျိုက်ကိုဘုရားမှာ တွေ့ဆုံ၍ သစ္စာပြုစေမည် ” ဟု မှာလိုက်၏။ ရာဇာဓိရာဇ် အကြံကား ဘုရားတွင် ဓားအသင့်မြှုပ်၍ မြန်မာတို့ တက်လာလျှင် လုပ်ကြံမည်ဟု ကြံခြင်း ဖြစ်သည်။
ဤသို့ စီစဉ်သည့်အတိုင်း အမတ်တစ်ကျိပ်စီ ဆင်စီး၍ ဘုရားသို့ ချောင်းတစ်ယောက်တစ်ဖက် သွားကြ၏။ ဤသို့ သွားကြစဉ် မွန်အမတ် တစ်ကျိပ်တွင် ပါသော လဂွန်းအိန်ကို မြန်မာအမတ် တစ်ယောက်ဖြစ်သော မိုးညှင်းသတိုးက ဤသို့ ဆိုသည်။
” ဟယ် သွေးသောက် ၊ ယခုပြုမည့်သစ္စာ မှန်၏လော “
” ဟဲ့ မြန်မာရူး ၊ စစ်အခါတွင်း၌ နင် ငါ့ကို မေးရသည်လော။ နင့်ကို ငါက ရလည်းသတ်မည် ၊ ငါ့ကို နင်က ရလည်း သတ်မည်။ စစ်အတွင်း၌ သစ္စာ မှန်ဖူးသလော “
ထိုအခါ မြန်မာအမတ်တို့ ရိပ်မိ၍ ဘုရားသို့ မရောက်မီ ပြန်ကြ၏။ မွန်အမတ်တို့လည်း ပြန်ကြရလေ၏။
ဤအကြောင်းကို ရာဇာဓိရာဇ် ကြားသိ၍ လဂွန်းအိန်ကို စစ်မေးသော် ဤသို့ လျှောက်၏။ ” မြန်မာမင်းသည် ယခု မျိုးရိက္ခာကုန်၍ ပြန်ချင်လှပြီ။ ကျွန်တော်တို့ တပ်နှင့်နီး၍ မခွာဝံ့သောကြောင့် အရေးတောင်းလာခြင်း ဖြစ်ပါသည်။ ဤသို့ သူ့အလိုအလျောက် ပြန်ရခါနီး ဆဲဆဲတွင် ကျွန်တော်တို့ အကောက်ဖြင့် ကြံရန်မလိုပါ။ အကြောင်းမှာလည်း အကောက်ကြံခြင်းသည် သူတော်ကောင်းတို့ အကြံ မဟုတ် ၊ သူ ယုတ် မာ တို့ အကြံသာ ဖြစ်ပါသည်။ ကျွန်တော်တို့ မွန်တို့သည် သာသနာတည်သူများ ဖြစ်ကြပါသည်။ နောက်နောင် သားစဉ်မြေးဆက် ကမ္ဘာ မကျေသရွေ့ မွန်တို့အမျိုးသည် မတည်မကြည်လေဟု ပြောရန် ကျန်ရစ် မည် ကို စိုး၍ ကျွန်တော်ဆိုခြင်း ဖြစ်ပေသည် ” ဟု လျှောက်၏။
ရာဇာဓိရာဇ်ကား တရားကို မမြင်နိုင်ဘဲ ” ဤသို့ဖြစ်လျှင် နင်ပင် အရေးတော်ကို ဖျက်သည်။ လဂွန်းအိန်ကို သတ်လေ ” ဟု အမိန့်ပေးလေ၏။ ထိုအခါ ဗိုလ်မင်း ဗြာဇ္ဇ(ဗြတ်ဇ)က ” ယခု စစ်အတွင်း၌ အမတ် သူရဲကောင်းကို သတ်လျှင် ရန်သူကို အားပေးသကဲ့သို့ ရှိပါလိမ့်မည်။ လဂွန်းအိန်ကို မေးပါရစေဦး ၊ အမှုတော်ကို အသက်နှင့် ထမ်းမည်ဆိုလျှင် ထမ်းပါစေဦး ” ဟု ဝင်၍လျှောက်သော် ဘုရင် ဆိတ်ဆိတ်နေတော် မူ၏။ ပြီးမှ ” မင်းခေါင်ကို ဆင်စီးချင်းရအောင် တိုက်လေ ၊ ရမှသာလျှင် အသက်ကို ချမ်းသာပေးမည် ” ဆိုရာ ” တိုက်ပါမည် ” ဟု လဂွန်းအိန်က လျှောက်လေ၏။
မင်းခေါင်ကို ကြံခြင်း
လဂွန်းအိန်သည် မင်းခေါင်ကို မသိသဖြင့် နောင်တော်ရင်း မင်းခေါင်နှင့် မသင့်၍ ရာဇာဓိရာဇ်ထံမှာ ခိုနေလာသော ညီတော် ရှင်သိဒ္ဓတ်ကို ဆင်တွင် ကုန်းလယ်စီး၍ နောင်တော်ကို ပြစေ၏။ ဘုရင်မင်းခေါင်သည် ဆင်စီး၍ ညနေချမ်း၌ လည်မြဲလည်သော် တောစွယ်က ပုန်းနေသော လဂွန်းအိန်သည် စည်မောင်းတီး၍ ထွက်လာသည်ကို ဘုရင်မင်းခေါင် မြင်လျှင် ” နင့်ကိုသာ လိုသည် ” ဟု ဆို၍ ချွန်းဖွင့်ကာ တိုက်လေ၏။ ထိုအခါ ရှင်သိဒ္ဓတ်က မင်းခေါင်အား ” မင်းဧကရာဇ် ဖြစ်လျက် အမှူးအမတ်နှင့် ဆင်စီးချင်း တိုက် ရာသည်လော ၊ နောက်က ဆင်ကူ များလှသည် ၊ ထီးဖြူကို လှဲ၍ထားလေ ” ဟု ဆိုမှ နောင်တော် သည် ဆင်တော်ကို ချွန်းငင်၍ ခွာတော်မူ၏။
လဂွန်းအိန်လည်း မတိုက်ရဘဲ ပြန်ခဲ့ရပုံကို လျှောက်သော် ရှင်သိဒ္ဓတ်ကို ကွပ်တော်မူလေ၏။ ရာဇာဓိရာဇ်က လဂွန်းအိန်အား ” နင် မင်းခေါင်ကို ရအောင်တိုက်မည် ဆိုသည် ၊ ယခု မည်သို့ ပြုမည်နည်း ” ဟု မေးတော်မူ၏။ ” မင်းခေါင်၏ အိပ်ရာသို့ အရောက်သွား၍ လုပ်ကြံပါမည် ” လျှောက်ပြီးသော် ညဉ့်အခါ မင်းခေါင်၏ တဲနန်းတော် အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်လေ၏။ မင်းခေါင်၏ ကွမ်းခွက်တော်နှင့် ပတ္တမြားဓားကို ယူပြီးနောက် လုပ်ကြံရန် သင့်မသင့် စဉ်းစားနေခိုက် ကိုယ်လုပ်တော် အစောင့်တစ်ယောက် နိုး၍ ဟစ်အော်သဖြင့် တစ်တပ်လုံး သောသောရုတ်ရုတ် ဖြစ်သောကြောင့် လဂွန်းအိန် ပြန်ထွက်ခဲ့ရလေ၏။
လဂွန်းအိန် ပြန်ရောက်၍ ရာဇာဓိရာဇ်က ” ပြီးခဲ့၏လော ” ဟု မေးတော်မူမှ လျှောက်သည်ကား ” ဘုန်းကြီးသော မင်းဧကရာဇ် တို့ကို လုပ်ကြံသော သူသည် ဘုန်းမကြီး အသက်မရှည်ဟု လူကြီးမိဘတို့ ပြောဖူးပါသည်။ အသက်ရှည်မှ အမှုတော်ကို ထမ်းရမည်ကို ရည်၍ ကျွန်တော် မလုပ်ကြံခဲ့ပါ။ အပါးတော်သို့ ရောက် ကြောင်းပြရန် ဘုရင်မင်းခေါင်၏ ကွမ်းခွက်တော်နှင့် ပတ္တမြားဓားကို ယူခဲ့သည် ” ဟု လျှောက်၍ ဆက်၏။ ရာဇာဓိရာဇ်လည်း နှစ်သက်၍ ” နင့်အသက်ကို ငါလွှတ်တော့ပြီ ” ဟု မိန့်တော်မူ၏။
လဂွန်းအိန် ကျဆုံးပုံ
ဘုရင်မင်းခေါင်နှင့် ရာဇာဓိရာဇ်တို့ စစ်ပြုနေကြစဉ် ၇၇၄ ခု အတွင်း (အရေးတော်ပုံ တွင် ၇၇၀ အတွင်း ဆိုသည်) ပြည်မြို့ဘက်က မင်းခေါင် တို့က တပ်ချနေ၏။ ရာဇာဓိရာဇ်တို့က တစ်ဖက်က အောက်နားတွင် တပ်ချနေ၏။ ဤသို့ စစ်နားနေကြစဉ် လှေတစ်စီးချင်း ကစားစေ၏။ မြန်မာတို့က ဉာဏ်ကူ၍ လှေလေးစင်း သူရဲကောင်း လေးယောက် ဦးစီးစေပြီးလျှင် သုံးစင်းကို မြစ်အနောက်ဘက် ကမ်းထောင့်အကွေ့တွင် ပုန်းကွယ်နေစေ၏။ တစ်စီးကိုသာ စည်မောင်းနရည်းတီး၍ ထွက်စေ၏။ ပြည်ဘက်ကမ်းက မြင်းနှစ်ထောင်လည်း လိုက်၍နေ၏။
မွန်တို့ဘက်က သူရဲကောင်း လဂွန်းအိန် ဦးစီး၍ လှေတစ်စင်းနှင့် စည်မောင်းတီးကာ ထွက်လာ၏။ လှေနှစ်စင်း တွေ့ကြသောအခါ ပုန်းနေသော မြန်မာလှေသုံးစင်းက ထွက်လာပြီးလျှင် ဝိုင်းအုံကူညီ တိုက်လေသောကြောင့် မွန်လှေစီးတို့ ရေသို့ ကျကုန်၏။ လဂွန်းအိန်၏ ပေါင်ခြံကိုလည်း လှံထိလေ၏။ ထိုအခါ ဘေးကကြည့်နေသော မင်းရဲကျော်စွာက ” မသေစေနှင့် မသေစေနှင့် ” ဟု ဟစ်၍ ဆိုသဖြင့် လဂွန်းအိန်ကို အသာအယာ ယူဆောင်ခဲ့ကြ၏။ ဤအကြောင်းကို မင်းခေါင်ကြားသော် ” စစ်လိုလားသည့် ဧကရာဇ်သားသည် သူရဲကောင်းကို အသေသတ်ရသည်လော ၊ ရှင်အောင်ကုဘိ ” ဟု မိန့်တော်မူ၏။
မင်းရဲကျော်စွာသည် လဂွန်းအိမ်ထားရာသို့ လာခဲ့၍ ” အားမငယ်ပါနှင့် ၊ မကြောက်ပါနှင့် ၊ ကောင်းစွာ ပြုစုပါမည် ”
” အားမငယ်ပါ ၊ သေရမည်ကိုလည်း မကြောက်ပါ ၊ အလိမ်ခံရသည် ကိုသာ ရှက်ပါသည် ”
” ထမင်းစားမည်လော “
” ကျွန်တော် သေခါနီးမှ အရှင်နှစ်ပါး ထမင်းကို ဝမ်းတွင်းသို့ မသွင်းပြီ “
” ကွမ်းစားမည်လော “
” ကွမ်းစားမည် ၊ ရေသောက်ပါမည် “
ထိုအခါ စားတော်ကွမ်း ၊ သောက်တော်ရေတို့ကို ပေး၍ စားသောက်ပြီးသော်” ရွှေနန်းရှင် သားတော်၏ ကွမ်းနှင့်ရေကို စားသောက်ရပေသည်။ တစ်ပွဲတစ်လမ်းမျှ ကျေးဇူးတော်ကို မဆပ်ခဲ့ရပါ။ အရေးတော်ကိုကား လျှောက်ခဲ့ပါမည် ၊ ယူတော်မူပါ။ ရွှေနန်းရှင် သားတော်ပင် မယူသော်လည်း မှူးတော် မတ်တော်တို့ မှတ်သားကြပါ။ အရှင့်ဘကြီးတော် လှေစီးချင်း ၊ ဆင်စီးချင်း ၊ မြင်းစီးချင်း မတွေ့ပါလေနှင့် ၊ အလွန် ရဲရင့် ကျွမ်းကျင်၏။ အရံသားတို့မှာလည်း ဆွေသားမျိုးသားချည်း ဖြစ်သည်။ ကျွန်တော်၏ စကားကို မယုံသော် နောင် တွေ့သောအခါ သိတော်မူပါလိမ့်မည် “
ထိုအခါ မင်းရဲကျော်စွာက ” သည် မွန်ကား သေသည်အထိ အဆိပ်မပြတ်သော မြွေကဲ့သို့ ဖြစ်သည် ” ဟု ဆို၍ ပြုံးတော်မူ၏။ ထို့နောက် လဂွန်းအိန်သည် ညဉ့်သန်းခေါင်၌ အနိစ္စရောက်လေသည်။ ဘုရင်မင်းခေါင် ကလည်း ” သင်းအလောင်းကို သင်းသခင်ဆီသို့ မျှောလိုက်ဘိ ” ဟု အမိန့်တော် ရှိသဖြင့် ငှက်ပျောဖောင်တွင် ပုဆိုးဖြူအုပ်လျက် ခေါင်းရင်းက ဆီမီးတိုင်နှင့် မျှောလိုက်၏။ ရာဇာဓိရာဇ် ရလျှင် အလောင်းကို ဖက်လျက် ” ဗိုလ်မင်း ဗြာဇ္ဇ (ဗြတ်ဇ)လည်း မရှိပြီ ၊ မင်း ငါ့ကို စွန့်၍သွားပြန်သော် အစွယ်နှစ်ချောင်း ကျွတ်သည်နှင့်အတူ ငါ၌ တိုင်ပင်အားကိုးရန် မရှိတော့ချေပြီတကား ” ဟု ငိုယိုတော်မူ၏။ ပြီးမှ လဂွန်းအိန်၏ အလောင်းကို ကောင်းစွာ သဂြိုဟ် လေသတည်း။