ရာဇကုမာရ် ဘယ်သူလဲတွေးကြပြောကြသည်။ စကုမှာနေသွားသော ဇေယျခေတ္တရာရခိုင်တောင်စဉ်ခုနှစ်ခရိုင်အပိုင်စားမင်းသားပဲလား။ မြစေတီကျောက်စာအရကြည့်တော့ မြန်မာ ပါဠိ မွန် ပျူ ဘယ်ဘာသာစကားမှာမှ ကျန်စစ်မင်းကို သူ့ ဖခင်ဖြစ်ကြောင်းညွှန်းဆိုမှုမျိုးမတွေ့ရ။ သခင်ဆိုသောအခေါ်အရ ဂြီတြိဘုဝနာဒိတျ၏ သားဖြစ်ဖို့နည်းနေသည်။ သူဘယ်သူလဲဟု အတွေးနယ်ချဲ့ကြသည်။ ဘုရင်ပေးထားသမျှ အကုန် (ဘုရင်ကို အရွဲ့တိုက်ပြီးများလား? သူ့ပိုင်ဆိုင်မှုတွေက သူ့ကို အန္တရာယ်ပြုမည်စိုးလို့လား?) လှူပစ်ပြီး သူသည် သမိုင်းက ပျောက်ကွယ်သွားသည်။
ကျနော်ကတော့ ရဇဂုမ သည် အပယ်ရတနာ၏သားတော် ဖြစ်မည်ဟု ထင်ပါသည်။ တြိလောကဝဋံသကာဒေဝီ ဟူသောဘွဲ့ကို အပယ်ရတနာမိဖုရား ရမရ မသိကြပါ။ အပယ် ဆိုသောစကားသည် ပါဠိဘာသာပီယနှင့် ဆင်သလိုထင်ရသည်။ ပျူစကား ဗံး (ယ်) ကလာကြောင်း ပျူစာများအရသိရပါသည်။ ပျူများသည် ပါဠိအမည်ကို ကြိုက်ပါသည်။ ”ဗံး(ယ်) ဒဝိံတိံမြိံ(အပယ်ဒေဝီတိုင်းမြေ) ၏ သား နာဂကောန (နာဂသေနကိုပင် အဖတ်မှားနိုင်ပါသေးသည်။) ၏ မြေး ဗံးရုဗ(ဟိ) (မြတ်ရုဗ(ဟိ)) ၏ အလောင်းမြှုပ်နှံရာ”ဟူသော ဟန်လင်းသင်္ချိုင်းပျူစာတွင် ပါဠိအမည်များတွေ့ရပါသည်။ အပယ်ရတနာဒေဝီသည် ပျူလို ဗံး(ယ်)ရဒနဒဝိံ ဟုအလွယ်ဖြစ်နိုင်သောအမည်ဖြစ်ပါသည်။ (ရာဇဝင်များပါ သမ္ဘူလဟူသော အမည်သည်လည်း သံဗူလ ဟူ၍ ပျူမင်းသမီးဖြစ်နိုင်သည်သာ။)
ရဇဂုမ ဟူသောအမည်သည်လည်း မူလအမည်ဖြစ်ပါမည်။ ရာဇကုမာရဟု ဘုရင်ကဘွဲ့ပေးပြီး အိမ်ရှေ့မင်းသားမဖြစ်သောသူမှာ မြန်မာ့သမိုင်းတွင်မဖြစ်နိုင်ပါ။ ဒီလိုဘွဲ့လည်း ပေးခြင်းမတွေ့ဖူးပါ။ ပျူများသည် မြို့ပြနိုင်ငံများကို ပိုင်ဆိုင်ကြသည်။ မင်းများသည်။ ဘုရားထောင်အရိုးအိုးပတ်လည်စာနှင့် ဘုရားကြီးဘေးကိုက်နှစ်ရာတွေ့ အရိုးအိုးစာများပါ သေဆုံးခြင်း မကွာသော မင်းအမည်အရေအတွက် အနေအထားများအရ ကျနော်တော့ ပျူအုပ်ချုပ်ရေးကို လိစ္ဆဝီမင်းသားတို့၏ ဂဏနိုင်ငံလို့ထင်ပါသည်။
ထို့ကြောင့် ရာဇများ များပါသည်။ ရဇဂုမ သည် ထိုအထဲက ရာဇတယောက်၏ သားသာဖြစ်ပါမည်။ ရဇဂုမ ပိုင်ဆိုင်သော ရွာအမည်များကိုကြည့်ပါ။ သမုနဠော်ံ ရဗဲ ဟိံဗူး (တိဗူးဟုဖတ်ထားကြပါသည်)များဖြစ်ပါသည်။ ဗမာလိုခေါ်သော် သက်မုနလွန် ရဗယ် ဟန်ဗို ဟုခေါ်သော်လည်း ဗမာအမည်ထက် ပျူအမည်သာပေါက်ပါသည်။ ပျူရွာများကို ပိုင်ထားသော ပျူမင်းသားဟု အနက်ထွက်နေပါသည်။ ရွာအမည်ပါ ”ဗူး” သည် ပူရ ဟုဆိုပါသည်။ ရှေးက နေရာအနှံ့ ပျူမြို့ပြများရှိခဲ့ကြောင်း မငြင်းသာပါ။ ပုဂံခေတ်တွင် ”ဗူး” များသည် ”ရော” (ရွာ)ဖြစ်ကုန်ပေပြီ။ သူဘာလို့ သမိုင်းကပျောက်သွားသလဲ။ ကျနော်လည်း ဘာသာစကားအမြင်ကနေ ပြောနိုင်ပါသေးသည်။
ပျူစာပေများကို ကျနော်ဝင်ဖတ်သောအခါ ဗံးမျတိံပြိး ဟူသောအခေါ် ဗံးမတိဲပှိး ဟူသောအခေါ်တို့ကို အေဒီ၅-၆ထိုး သရေခေတ္တရာပြတိုက်မှပျူစာ မှော်ဇာဘုရားထောင်အနီးမှပျူစာများတွင် တွေ့ရပါသည်။ ယင်းသည် ဗမာတိုင်းပြည် ဟူသော ဝေါဟာရလော။ ဗံးမြတိံ ပြိး ဆိုလျှင် သူစိမ်းမြေ ဟုအနက်ထွက်လာနိုင်ပါသည်။ ဗံး က မြတ်သောဟု အနက်ထွက်သော ပျူဝေါဟာရဖြစ်သည်။ ဗြဟ္မဒေသဟု ဗမာများ ပုဒ်ရင်းပြသည်နှင့်လည်း အနက်သိပ်မကွာပါ။
ပျူတို့အတွက် သူစိမ်းဖြစ်သော ဗမာများ ဝင်လာပြီးနောက် ပျူနှင့်ဗမာ ရောနှောလာကာ ပျူများပျောက်ကွယ်ပါသည်။ ရဇဂုမ ခေတ်တွင် ပျူစာသည် အတော်ပင်စာဆန်ကာ အထီးကျန်လျှက် ရှိနေပုံပေါက်ပါသည်။ ပျူရှေးဟောင်းစာများသည် အသတ်များကို ဗြဟ္မီအက္ခရာအရေးများဖြင့် စာကြောင်းများ၏အလယ်၌ နေရာယူခဲ့သော်လည်း ရဇဂုမ ခေတ်တွင် ပျူအက္ခရာသဘာဝသည် သူ့ထံမှယူကြသော မွန်မြန်မာဘက်သို့ပင်လျှင် ကူးလူးလာနေပါပြီ။
ရဇဂုမကျောက်စာ စာသားလေ့လာမှုပြုလုပ်သောအခါ မွန်စာသည် အလွန်အထာကျ အသားသေ ခိုင်မြဲနေသလောက် ပျူစာမှာ ဘာသာသေသဘောကို အနိုင်နိုင်ထိန်းနေဟန်တူကာ မြန်မာစာသည် အားယူဖွံ့ဖြိုးဟန်ပေါက်နေကြောင်း မည်သည့်ဘာသာဗေဒလေ့လာသူမဆို ပြောနိုင်ပါသည်။ ယင်းသည် ထိုခေတ်က တိုင်းပြည်အခြေအနေကိုလည်း ရောင်ပြန်ဟပ် ပြသသည်ဟု ယူဆလိုပါသည်။
အားကောင်းသောမွန်များ ရောနှောလွယ်သော ဗမာများနှင့်အတူ ပျူမင်းသား ရဇဂုမ ဇာတ်မြှုပ်ပြီး တစခန်းသိမ်းသွားရခြင်းမှာ မဆန်းဟုထင်ပါသည်။ မြစေတီ? (?ဂေ့ါ ခေါ်တဲ့ ဂူလည်းပြုတာပါပါတယ်။ ဒီတော့ ဂူပြောက်ကြီးဆိုရင်လည်း ကုပ်ကုပ်အုပ်အုပ်ပါပဲ။)သည် ကျန်စစ်သားမင်းခေတ်၏ ဝံ့ကြွားသော အာနန္ဒာကျောင်းတော်ဟန် သို့မလိုက် ကုပ်ကုပ်အုပ်အုပ် ပုထိုးအသွင်ထက်မပို။ ဟြထ ခေါ် ရွှေဆင်းတုကို ထာပနာတတ်သောအလေ့, ဗုဒ္ဓစာပေကိုအပေါ်ယံသဘော လွတ်လပ်စွာယူသောအကျင့်, ”တ္ဒေားဗံး” မင်းကြီး တို့ကြားက ဗံး မင်းသားမျှဖြင့် ရောင့်ရဲနေတတ်မှု, မိမိ၏အလှူမှတ်တမ်းကို ပျူစာဖြင့်ရသလောက် မှတ်တမ်းတင်လိုမှုစသည်တို့သည် လုစ်တွက်ဆသော ဗမာ့စိတ်ဓာတ်ထက် ပျူစိတ်ဓာတ်နှင့်သာ နီးစပ်ပါကြောင်း ဘာသာစကားများလေ့လာရင်း သမိုင်းကို ဝင်တွေးခဲ့ပါသတည်း။
(သက္ကရာဇ်သာမက ဂြီတြိဘုဝနာဒိတျနန်းစံ ၂၈နှစ်လွန်ပြီးသောအချိန်ဟု မှတ်တမ်းတင်ပုံမှာ ပျူအရိုးအိုးစာများတွင် ဝိကြမမင်းတို့ကို မှတ်တမ်းတင်ပုံနှင့် တူလှပါသည်။)