ရှေးဘဒ္ဒကမ္ဘာ ဂေါတမမြတ်စွာဘုရား သက်တော် ထင်ရှားရှိစဉ်အချိန်က သူဌေးကြီးဓနဉ္စယနှင့် သုမနဒေဝီ တို့မှာ ဝိသာခါဆိုတဲ့ သမီးလေးကို မွေးဖွားခဲ့တယ်။ ဝိသာခါ၏အဘိုးဖြစ်သူဟာ ဘုရင်အသိအမှတ်ပြု သူဌေး ဘွဲ့ခံ မေဏ္ဍကသူဌေးကြီးဖြစ်ပြီး အဘိုးဖြစ်သူ၏ကျေးဇူး ကြောင့် ဝိသာခါနှင့် သူငယ်ချင်းအပေါင်းအဖော်ငါးရာမှာ မြတ်စွာဘုရားထံမှ တရားဒေသနာတော်ကို နာကြားခဲ့ရပါတယ်။ ဝိသာခါရဲ့ ရှေးဘဝပါရမီ ဆုတောင်းကြောင့် ယခုလက်ရှိ ဘဝမှာအသက်ခုနစ်နှစ်အရွယ်တွင်ပင် သောတာပန်အရိယာ သူတော်စင်တစ်ဦးဖြစ်လာခဲ့လေတယ်။

သာဝတ္ထိပြည်၌နေထိုင်တဲ့ မိဂါရသူဌေးကြီးမှာ ပုဏဝဃနအမည်ရ သူဌေးသားတစ်ဦးရှိပြီး အိမ်ထောင်ရက်သား ချပေးရန် သင့်လျော်သော သတို့သမီးအလိုရှိခဲ့ကြတယ်။ သူဌေးသားမှာ အိမ်ထောင်မပြုလိုသဖြင့် ကောင်းခြင်းငါးပါး နှင့်ပြည့်စုံသော သတို့သမီးကို ရှာဖွေပေးရန်ခိုင်းလိုက်လေတယ်။

ကောင်းခြင်းငါးပါးမှာ ဆံပင်၏ကောင်းခြင်း၊ အသားအရေ၏ကောင်းခြင်း၊ အသံ၏ကောင်းခြင်း၊ အရိုးကောင်း ခြင်း၊ အရွယ်၏ကောင်းခြင်းတို့ဖြစ်ပြီး ကောင်းခြင်းငါးပါး စလုံးနှင့် ပြည့်စုံသူမှာ ရှားပါးလွန်းတာကြောင့်လည်း ဖြစ်ပါတယ်။ ယင်းကဲ့သို့ရှားပါးသော်လည်း သူဌေးကြီးလင်မယား မှာ သတို့သမီးရှာဖွေမှုကျွမ်းကျင်သော လက္ခဏာဗေဒင် တတ်ကျွမ်းတဲ့ ဗြဟ္မဏ(ပုဏ္ဏား)ရှစ်ယောက်ကိုပင့်ဖိတ်ကာ လာဘ်လာဘများစွာပေးပြီး အနယ်နယ်အရပ်ရပ်သို့ ရှာဖွေစေတယ်။ ထိုအချိန် ဝိသာခါ သတို့သမီးမှာ အသက် (၁၆)နှစ်အရွယ်ရောက်ရှိလာပြီး ဝိဝဋနက္ခတ်ပွဲ သဘင်ကိုဆင်နွှဲရန် အခြွေအရံငါးရာနှင့် ထွက်လာလေတယ်။ အခြံအရံတစ်စုနှင့်သွားလာနေသော ဝိသာခါအလှမှာ အခြားသူများနှင့်မတူဘဲ ထင်းခနဲပေါ်လွင်နေသည်ကို ဗြဟ္မဏတို့ တွေ့မြင်သွားတော့တယ်။

ဝိသာခါတို့ပျိုမေတစ်စု တည်းခိုဇရပ်အနီးကိုရောက်သည့်အချိန်တွင် မိုးလေများရွာချလေရာ အားလုံး အပြေး အလွှား မိုးလွတ်ရာကိုပြေးကြသော်လည်း သောတာပန်ဣန္ဒြေရှင်ဖြစ်တဲ့ ဝိသာခါဟာ မိုးရေထဲတွင် ပြေးမသွား ဘဲ ပုံမှန်အတိုင်း ဣန္ဒြေရရသွားလာသည်ကို သတို့သမီး ရွေးချယ်မည့် ဗြဟ္မဏတို့တွေ့သွားလေတယ်။ အဲဒီမှာပဲ ဝိသာခါ ၏ ဆံပင်၊ အသားအရေ၊ အရွယ်၏ကောင်းခြင်းများကို တွေ့မြင်ရပြီး အရိုး၏ကောင်းခြင်းကို သိမြင်နိုင်ဖို့ ဝိသာခါ၏ သွားများကိုမြင်နိုင်ရန် စကားစပြောလေတယ်။

ဝိသာခါကိုစမ်းသပ်သည့်သဘောဖြင့် ”ဤသမီးငယ် သည် ထိုင်းမှိုင်း၏။ လေးလံ၏။ လျင်မြန်မှုမရှိ။ ဖျတ်လတ် မှုမရှိ။ အကယ်၍ အိမ်ထောင်ကျပါက သူမ၏ခင်ပွန်းမှာ အချိန်မီ ထမင်းစားဖို့မလွယ်”ဟု အချင်းချင်းပြောလေဟန် ဖြင့်ဝေဖန်ကြတော့တယ်။ ထိုအခါဝိသာခါအမျိုးသမီးလေးကလည်း ”လောကမှာ လျင် မြန်စွာသွားသင့်သူ လေးဦးရှိပါတယ်။ သူတို့မှာ (၁) မင်းမြောက်တန်ဆာငါးပါးကို ဆင်ယင်ထားသောမင်း၊ (၂)ကကြိုးဆင်ယင်ထားသောမင်္ဂလာဆင်တော်၊ (၃) ရဟန်းသံဃာနှင့် (၄) အမျိုးသမီးတွေဖြစ်ပါတယ်”လို့ ပြန်ပြော လိုက်တဲ့အတွက် ဝိသာခါရဲ့သွားများကို မြင်တွေ့ခွင့်ရပြီး အရိုး၏ကောင်းခြင်းနှင့် ပြည့်စုံသောကြောင့် သူဌေးသား၏ ဇနီးလောင်းအဖြစ် ကမ်းလှမ်းခဲ့ပါတော့တယ်။ ဝိသာခါကလည်း မျိုးရိုးအဆင့်အတန်းကို ပြန်လည်မေးမြန်းပြီးမှ မိမိတို့နှင့် သူဌေးမျိုးရိုးချင်းတူညီမှုရှိသောကြောင့် ကမ်းလှမ်းမှုကို လက်ခံလိုက်လေတယ်။

ယင်းနောက် ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရမင်း၏ သူဌေးဘွဲ့ရ မေဏ္ဍကသူဌေးကြီး၏မြေးဖြစ်သူ ဝိသာခါနှင့် သာဝတ္ထိပြည်သူဌေးဘွဲ့ရ မိဂါရသူဌေးကြီး၏သား ပုဏဝဃန တို့ ဖူးစာဆုံဖြစ်ခဲ့ကြလေတယ်။ နှစ်ပြည်ထောင်သူဌေးကြီးများ၏ မိတ်ဆွေများ၊ ဓန အင်အားများနှင့် မင်္ဂလာပွဲကို ခြိမ့်ခြိမ့်သဲ ဆင်နွှဲဖြစ်ခဲ့ပြီး ကောသလမင်းကြီးကိုယ်တိုင် တက်ရောက်ချိးမြှင့်ခဲ့ပါတယ်။

ဓနဉ္စယသူဌေးကြီးဟာ ယောက္ခမအိမ်လိုက်သွားရမည့် သမီးဖြစ်သူကို အိမ်ထောင်ရှင်များလိုက်နာရမည့် အချက်(၁ဝ)ချက်ကို သေချာလေ့ကျင့်သင်ကြားပေးကာ ဘာသာအယူဝါဒမတူသော ယောက္ခမအိမ်ကို လိုက်နေ ရမည့် သမီးဖြစ်သူအား စိတ်မချသဖြင့် သူဌေးကြီးရှစ်ဦးအား စောင့်ရှောက်ပေးပါရန်ဆိုကာ သမီးကိုအပ်နှံခဲ့တယ်။

ဝိသာခါ၏ ဖခင်ဖြစ်သူသင်ကြားပေးလိုက်သော ဩဝါဒ (၁၀)ချက်ကား

  1. အတွင်းမီးကို အပြင်ဘက်သို့ မထုတ်ဆောင်အပ်။
  2. အပြင်ဘက်ဖြစ်သော မီးကို အတွင်းသို့ မသွင်းအပ်။
  3. ပေးကမ်းသော သူအားသာလျှင် ပေးကမ်း၏၊
  4. မပေးကမ်းသောသူအား မပေးမကမ်းအပ်။
  5. ပေးကမ်းသောသူအားလည်းကောင်း၊ မပေးမကမ်းသော သူအားလည်းကောင်း ပေးကမ်းအပ်၏။
  6. ချမ်းသာစွာ နေထိုင်အပ်၏။
  7. ချမ်းသာစွာ စားသောက်အပ်၏။
  8. ချမ်းသာစွာ အိပ်အပ်၏။
  9. မီးကို လုပ်ကျွေးအပ်၏။
  10. အိမ်တွင်း နတ်ကို ရိုသေညွှတ်လျှိုး ရှိခိုးအပ်၏ဟု ဤဆယ်ပါးသော အဆုံးအမဩဝါဒတို့ပဲဖြစ်လေတယ်။

မိဂါရသူဌေးအိမ်သို့ရောက်သွားသည့် ချွေးမဝိသာခါဟာ ရောက်သည့်နေ့မှစပြီး ချွေးမဝတ္တရားကို ကျေပွန် အောင် ဆောင်ရွက်ခဲ့တယ်။ ဘယ်လိုပင် တာဝန်ကျေအောင် ဆောင်ရွက်သော်လည်း ဘာသာတရားနှင့်ပတ်သက်လာ သည့်အခါ ခုနစ်နှစ်သမီးအရွယ်ကတည်းက သောတာပန် ဖြစ်ခဲ့သည့် ဝိသာခါသည် ယောက္ခမများ၏ တိတ္ထိကိုးကွယ် မှုအပေါ်မှာတော့ ဟန်ဆောင်ကာ တာဝန်မကျေခဲ့နိုင်ပါဘူး။ ဝိသာခါ၏ယောက္ခမများသည် ဘာသာခြားများဖြစ်ပြီး အိမ် သို့ ရဟန္တာများကြွလာမည်ဟုဆိုကာ ဝိသာခါကိုထွက်ပြီး ဖူးမြော်ခိုင်းရာ ရဟန္တာဟုဆိုသည့် တိတ္ထိငါးရာစလုံးမှာ အဝတ်အစားမပါ ကိုယ်လုံးတီးများဖြစ်နေသောကြောင့် ဝိသာခါက ရှက်ပြီး အိမ်ထဲလှည့်ဝင်သွားသည်ကို တိတ္ထိ များရော၊ ယောက္ခမကြီးပါမြင်သွားသဖြင့် ဒေါသထွက်ကြလေတယ်။ ထိုသို့ ဒေါသဖြစ်သော်လည်း သမီးယောက္ခမ ဖြစ်တာ မကြာသေးသဖြင့် ယောက္ခမကြီးက သူတို့အမျက် ဒေါသကို ချုပ်ထိန်းနိုင်ခဲ့လေတယ်။

ဝိသာခါတို့အိမ်ရှေ့တွင် ဝိသာခါကိုးကွယ်သည့် ဗုဒ္ဓ ဘာသာဝင် ရဟန်းတော်တစ်ပါး ဆွမ်းခံကြွလာသည်ကို ဝိသာခါ၏ယောက္ခမကြီးက ထမင်းစားရင်း လှမ်းမြင်သော် လည်း မမြင်ယောင်ဆောင်ပြီး ဆွမ်းမလှူခြင်းမျိုးများ ပြုလုပ်လေတယ်။ ထိုအခါ ဝိသာခါသည် လက်အုပ်ချီပြီး ”ခွင့်လွှတ်ပါဘုရား။ တပည့်တော်ဖခင်က အဟောင်းကိုစားသုံးသူတစ်ယောက်မို့ ကန်တော့ဆွမ်းပါဘုရား”လို စိတ်မကောင်းစွာ လျှောက်တင် လိုက်ရာ ယောက္ခမလုပ်သူက ”ဟယ် ယုတ်မာလိုက်တဲ့ ချွေးမ၊ မင့်အသက်အရွယ်လေးနဲ့ ငါ့ကို အဟောင်းစား (မစင်)စားသူလို့ပြောတာ အစွမ်းကုန်စော်ကားလိုက်တာ ပဲ။ နင် ခုချက်ချင်း အိမ်ပေါ်ကဆင်းသွားစမ်း”လို့ နှင်ချ ခံရပါတယ်။ ဝိသာခါကလည်း ”ကျွန်မမှာအပြစ်မရှိပါ။ အဖေတို့မကျေနပ်ရင် ကျွန်မဖခင်အပ်လိုက်တဲ့ သူဌေးကြီး ရှစ်ဦးရှေ့မှာ စစ်ဆေးနိုင်ပါတယ်”ဟု ဆိုလေတယ်။ ချွေးမနှင့်ယောက္ခမကြား အချေအတင်ဖြစ်ပြီး သူ ကြွယ်ရှစ်ဦးက ဝိသာခါကို အကျိုးအကြောင်းမေးမြန်းဖြေရှင်းပေးလေတယ်။

“ဦးကြီးတို့ အဟောင်းစားသူဆိုတဲ့အဓိပ္ပာယ်က ရိုင်းတဲ့သဘောနဲ့ ပြောတာမဟုတ်ပါဘူး။ ကျွန်မယောက္ခမက ဒီဘဝမှာ သူကြွယ်တစ်ဦးဖြစ်ပြီး ဘုရား၊ ရဟန်းတို့ကို ဆွမ်းတစ်လုပ်တောင် မကြည်ဖြူနိုင်ပါဘူး။ သူဟာ ဘဝ ဟောင်းကကောင်းမှုကိုပဲ ခံစားပြီး ခုဘဝမှာ ဘာကောင်းကျိုးမှမလုပ်သူမို့ အဟောင်းစားသူလို့ တင်စားပြောဆိုခြင်း ဖြစ်ပါတယ်” လို့ ဖြေရှင်းချက်ပေးလေတယ်။

ဝိသာခါ၏ဖြေရှင်းချက်သည် ရဲရင့်မှန်ကန်သည့်အတွက် သူကြွယ်ရှစ်ယောက်က ယောက္ခမသူဌေးကို နားချ ကြတယ်။ ထိုအခါမှ ဝိသာခါလည်း ဒီအိမ်မှာ ဆက်နေရမည်ဆိုလျှင် ဗုဒ္ဓရှင်တော်မြတ်ဘုရားနှင့် ဗုဒ္ဓဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရမှနေမည်ဟု ရဲဝံ့စွာတောင်းဆိုတော့တယ်။ ယင်းပြဿနာများဖြစ်ပြီးနောက်ပိုင်းတွင် ဝိသာခါသည် မြတ်စွာဘုရားနှင့် သံဃာတော်များကို ဆွမ်းကပ်ခွင့် ရခဲ့လေတယ်။ မြတ်စွာဘုရားနှင့်သံဃာတော်များ ကြွလာသည့်အခါ ဝိသာခါသည် ယောက္ခမ သူဌေးကြီးကို တရားထွက်နာဖို့ လူကြားထဲတွင် ခေါ်သည့်အတွက် ငြင်းရခက်ပြီး ကန့်လန့်ကာနောက်ကွယ်မှနေ၍ မြတ်စွာဘုရားကိုမကြည့်ဘဲ တရားနာခဲ့ရာ ကန့်လန့်ကာနောက် ကွယ်က တရားနာသော်လည်း မိဂါရသူဌေးကြီးမှာ ပါရမီ ရှိသောကြောင့် သစ္စာလေးပါးကို ထိုးထွင်းမြင်သွားပြီး သောတာပန်တည်သွားကာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာတော့တယ်။

ဝိသာခါ၏ သတ္တိရှိမှုကြောင့် မိမိဘာသာတရားဘက်ကရပ်တည်ပြီး ဘာသာမတူသူများအား စိတ်ရင်းစေတနာဖြင့်ဖိတ်ခေါ်နိုင်ခဲ့သည့်အတွက် ဘာသာ မတူသောယောက္ခမနှင့် ခင်ပွန်းဖြစ်သူမှာ ဗုဒ္ဓဘာသာဝင် သူတော်စင်များဖြစ်လာကြတော့တယ်။ ဝိသာခါတွင် သားယောက်ျား တစ်ကျိပ်၊ သမီးမိန်းမ တစ်ကျိပ်တို့ထွန်းကားပြီး ထိုသားသမီးတို့တွင် တစ်ယောက် တစ်ယောက်၌လည်း သားတစ်ကျိပ် သမီးတစ်ကျိပ်အားဖြင့် နှစ်ကျိပ်စီဖြစ်၍ မြေးလေးရာရှိလေတယ်။ မြေးတို့တွင်လည်း တစ်ယောက် တစ်ယောက်၌ နှစ်ကျိပ်စီဖြစ်၍ မြစ်ရှစ်ထောင်ဖြစ်လေတော့တယ်။ ဝိသာခါသည် အသက်တစ်ရာ့နှစ်ဆယ်တိုင်နေရ၍ ဆံဖြူတစ်ပင်မျှမပေါက်ပဲ တစ်ဆယ့်ခြောက်နှစ်အရွယ်ကဲ့သို့ အမြဲဖြစ်နေလေတယ်။

သားမြေးမြစ်တို့နှင့် ကျောင်းသို့သွားသော် ဤသူတို့တွင်ဝိသာခါသည် အဘယ်နည်းဟုမေးရကုန်သည်အထိ နုပျိုခြင်းအစွမ်းနှင့် ပြည့်စုံလေတယ်။ ဣရိယာပုထ်လေးပါးလုံး၌ပင် တင့်တယ်ပြီး ဝိသာခါသည် ဆင်ငါးစီးအားကိုဆောင်နိုင်လေတယ်။ ထိုအခါ သာဝတ္ထိပြည်၌ ဝိသာခါသည် သားမြေးမြစ် များစွာဖြစ်၍ အလွန်မင်္ဂလာရှိသောသူဟု သမုတ်အပ်ပြီး သားမြေးမြစ်တို့တွင် တစ်ယောက်သောသူမျှအကြား၌ သေသူဟူ၍ မရှိ၊ မင်္ဂလာပွဲလမ်းသဘင်တို့၌ ဝိသာခါကို ဖိတ်မန်၍ ရှေးဦးစွာကျွေးမွေးခြင်းပြုကြလေယ်။ ဝိသာခါဟာ သာဝတ္ထိပြည် အရှေ့တံခါး၌ ကျောင်းမြေအတွက် အသပြာ ကိုးကုဋေ၊ ကျောင်း‌ဆောက်လုပ်ရန်အတွက် အသပြာ ကိုးကုဋေ၊ အလှူ၌ အသပြာ ကိုးကုဋေအားဖြင့် ၂၇ ကုဋေသော အသပြာတို့ကို အကုန်အကျခံလျက် ဘုံခုနစ်ဆင့်ရှိသော ပုဗ္ဗာရုံကျောင်းကို ဆောက်လုပ်လှူဒါန်းခဲ့ရာ ထိုအခါမှစ၍ ဝိသာခါကို ပုဗ္ဗာရုံကျောင်းအမ ဝိသာခါ ဟုလည်းခေါ်စမှတ်ပြုခဲ့ကြလေတော့တယ်။

ကျောင်းအမကြီးဝိသာခါသည် ရှေးဘဝက ကုသိုလ်ပါရမီများကို နိဗ္ဗာန်အတွက် အကျိုးရှိအောင် အသုံးပြုလို့ တစ်ပါးသူများကိုလည်း အရိယာသူတော်စင်ဖြစ်စေသည်အထိ သာသနာပြုနိုင်သော အရိယာသူတော်စင် အမျိုးသမီးကောင်းတစ်ဦးအဖြစ် မှတ်တမ်းတင် အတုယူအပ်သူတစ်ဦးပဲ ဖြစ်ပါတယ်။

#credit