ဟိုးလွန်လေပြီးတဲ့ အချိန်တုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး စိုးစံတော်မူနေလေတယ်။ ထိုမင်းဟာ အမဲသားကို လွန်စွာ နှစ်သက်လို့ နေ့စဉ်မပြတ်ပွဲတော်ထဲမှာ မပါမဖြစ် စားတော်ကဲကို ထည့်ချက်ခိုင်းလေ့ ရှိတယ်။ သို့သော် နေပြည်တော်အတွင်းမှာ ဥပုသ်နေ့ကဲ့သို့ အခါကြီး ရက်ကြီးများတွင် အမဲသား မရောင်းရဟု အမိန့်ထုတ်ထားသတဲ့။
တစ်နေ့သော ဥပုသ်နေ့မှာတော့ စားတော်ကဲကြီး ရသကမှာ ဘုရင်ကြီးအတွက် သီးသန့်ဖယ်ထားသော အမဲသားကို ချက်နေစဉ် ပူအိုက်လွန်း၍ ဟင်းအိုးကို ခဏထားကာ အပြင်ဘက်သို့ လေအေးခံဖို့ ထွက်လာလေတယ်။ ထိုစဉ်မှာပဲ ခွေးတစ်ကောင်က အမဲသားကို ချီပြေးလေတော့တယ်။ စားတော်ကဲလည်း အမဲသား မရှိတော့၍ ထိတ်လန့်သွားပြီး ဈေးထဲတွင် အမဲသား အဝယ်ထွက်ရန် ငယ်သားများကို စေလွှတ်လေတယ်။ ငယ်သားများလည်း ဘယ်နေရာမှာမှ အမဲသားကို ရှာမရလေတော့ ရသကမှာ ဘုရင်ကြီး အမျက်တော်ရှမည်ကို စိုး၍ ဓါးတစ်ချောင်းဖြင့် ရုပ်ဖျက်ကာ သုဿာန်သို့ ထွက်လာခဲ့ပြီး ရရာ လူသေကောင်သားကို ပေါင်မှ လှီးယူကာ ပြန်လာခဲ့လေတယ်။ ဘုရင်ကြီးက အမဲသားအတုကို စားပြီး ထူးကဲသော အရသာကို ရနေတော့ ရသက ကို မေးလေတယ်။ ရသကလည်း အစမှာတော့ အမဲသားဟု လိမ်ညာထွက်ဆိုသော်လည်း နောက်ပိုင်းတွင် မလိမ်ရဲတော့ပဲ မင်းကြီးကို အမှန်အတိုင်း လျှောက်ထားလိုက်လေတော့ မင်းကြီးမှာ ထူးခြားလွန်းသော ဒီအရသာရှိတဲ့ လူသားကို နေ့စဉ်ဆက်သစေလို့ ဆိုလေတယ်။
အစပိုင်းတွင် အပြစ်မရသောကြောင့် ဝမ်းသာစရာဖြစ်ခဲ့သော်လည်း မင်းကြီး၏ ဆန္ဒကို မလွန်ဆန်နိုင်ပဲ နေ့စဉ်ဆက်သနေရသော လူသားမှာ ကြာလေ ရှာရခက်လေ ဖြစ်လာခဲ့ပါတယ်။ ထိုခေတ်ကာလက လူများမှာ သီလကို အထူးစောင့်ထိန်းကြသူများ ဖြစ်သောကြောင့် လူသေကို ရှာရန်ခက်ခဲခြင်း ဖြစ်လေတယ်။ ထိုအခါ မင်းကြီး နဲ့ ရသကမှာ နောက်တစ်နည်း ကြံရပြန်လေတယ်။ မင်းစိုးရတနာများကို လမ်းမတွင်ချထားကာ တွေ့မြင်ကောက်ယူသူများကို သူခိုးဟု စွပ်စွဲကာ သေဒဏ်ပေးစေလေတယ်။
ဒီလိုနဲ့ လမ်းမှာတွေ့တဲ့အရာတွေကို ပြည်သူတို့ မကောက်ရဲကြတော့ပေ။ ဒီတော့ ရသကမှာ ညဘက်လမ်းထွက်သူများကို စောင့်ဖမ်းခြင်း၊ လူမရှိသော အိမ်များကို အတင်းဝင်ရောက်ဖမ်းဆီးခြင်းများ လုပ်နေသောကြောင့် စစ်သူကြီးကိုယ်တိုင် စောင့်ကာ လူသူခိုးကို ဖမ်းလေတော့ ရသက ကို လက်ပူးလက်ကြပ် ဖမ်းမိလေတော့တယ်။ ရသကလည်း စစ်သူကြီးကို အမှန်အတိုင်း ပြောပြလိုက်လေတော့ စစ်သူကြီးမှာ မင်းကြီးကို တိတ်တဆိတ်နဲ့ ဤအမှုကို စွန့်လွှတ်ပါရန် လျှောက်ထားလေတယ်။
သို့သော် မင်းကြီးမှာ သူ့ဆန္ဒကို လုံးဝမစွန့်။ ရသက နဲ့ အိုးတစ်လုံးသာ ငါ့ကိုပေးလိုက် နန်းတော်ကိုတော့ သင်အုပ်ချုပ်လေတော့ဟု ဆိုကာ နန်းတော်မှ ထွက်ခွာလာတော့တယ်။ တောထဲတွင် နေထိုင်ပြီး တွေ့သမျှလူများကို ဖမ်းယူစားသောက်နေသောကြောင့် ပေါရိသာဒ လို့ အမည်တွင်လာလေတယ်။ တစ်နေ့ ပေါရိသာဒတို့ နေထိုင်ရာ တောအုပ်သို့ လူအင်အား ထောင်ကျော်ရှိသော လှည်းကုန်သည်များ လာလေသော် အင်အားခြင်းမမျှမှန်းသိ၍ ပေါရိသာဒမှာ ရရာ လူကိုစွဲပြေးသော်လည်း အရေးမအောင်မြင်ပဲ ဒဏ်ရာများနှင့်သာ ပြန်လာခဲ့ ရလေတယ်။ ဒဏ်ရာနဲ့ အမောတကော ပြေးလာတဲ့ သခင်ကို ရသကမှာ ဆီးကြိုကာ သူ့သခင်ရဲ့ ရသတဏှာအတွက် အသက်ပေးကာ ဖြည့်ဆည်းပေးလေတယ်။ ရသကလည်း မရှိတော့သောကြောင့် ပေါရိသာဒမှာ ပြုစုပေးမည့်သူကလည်း မရှိ ဒဏ်ရာတစ်ဖက်နဲ့မို့ အနီးနားက ညောင်ပင်စောင့်နတ်ကို တိုင်တည်ပြီး အနာမြန်မြန်ကျက်အောင် လုပ်ပေးလျှင် တစ်ရာ့တစ်ပါးသော မင်းတို့၏ လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်မည် ဟု ဆိုလေတယ်။
ရုက္ခစိုး၏ မ,စ မှုကြောင့် ခုနစ်ရက်နဲ့ ဒဏ်ရာသက်သာသွားပြီး ရှေးဘဝက ဘီလူးဖြစ်စဉ်က အကုသိုလ်ဖက် ဘီလူးဆီမှ ခွန်အား မန္တရားကို သင်ပြီး ခုနစ်ရက်အတွင်း ရှင်ဘုရင်တစ်ရာ့တစ်ပါးကို ဖမ်းဆီးနိုင်ခဲ့လေတယ်။ အမှန်က ညောင်ပင်စောင့်နတ်မှာ ပေါရိသာဒအား စောင့်ရှောက်ခဲ့ခြင်းမဟုတ်။ သူ့ဘာသာ အစာမစားပဲ အနာကို မီးကင်သဖြင့် ပျောက်ကင်းခဲ့ပြီး ညောင်ပင်စောင့်နတ်မှာ သူ့ညောင်ပင်ရင်းတွင် လူသွေးနံ့ လှိုင်မည်ကို မလိုလားသောကြောင့် သိကြားမင်းထံ တိုင်ကြားလေတယ်။ သိကြားမင်းကလည်း ငါတော့မတတ်နိုင်ပေမယ့် သူ့ဆရာ သုတသောမ မင်းတော့ တတ်နိုင်လိမ့်မယ်လို့ ဆိုသောကြောင့် ညောင်ပင်စောင့်နတ်မှာ ပေါရိသာဒကို ကိုယ်ထင်ပြပြီး သုတသောမမင်း မပါသေး၍ မကျေနပ်ဟုဆိုလေတယ်။
ပေါရိသာဒလည်း ဆရာဖြစ်သူ သုတသောမ မင်းကို ဖမ်းခေါ်ဖို့ ကြိုးစားလေတယ်။ ဖမ်းခေါ်လာရာ လမ်းမှာ ဆရာတပည့် နှစ်ယောက် စကားပြောကြစဉ် သုတသောမမင်းက ငါ နန္ဒပုဏ္ဏားဆီက “သတာရဟ” ဂါထာလေးပုဒ်ကို ကြားနာဖို့ ကတိရှိထားလို့ အခုပြန်သွားပြီး တရားနာအပြီး မင်းဆီကို ငါ ပြန်လာမည်ဟု ကတိပေးခဲ့လေတယ်။ ကတိအတိုင်း ပြန်လာသော သုတသောမမင်းကို ပေါရိသာဒက သေမှာကို သိလျက်နဲ့ မကြောက်ပဲ ပြန်လာတာလား ဟု မေးလေတယ်။
“သတာရဟ” ဂါထာကို နာခဲ့ရပြီမို့ သေမှာကို မကြောက်တော့ပါဘူးလို့ ဆိုလေတယ်။ ဒါဖြင့် သူလည်း ထိုတရားကို နာလိုကြောင်း ပေါရိသာဒ က ဆိုလေတယ်။ ထိုတရားကို ဟောကြားပေးတဲ့အတွက် သင့်ကို ဆုလေးဆု ပြန်ပေးမယ်လို့ ပေါရိသာဒက ဆိုလေတော့ သုတသောမမင်းက “သင် ပေါရိသာဒ အသက်တစ်ရာ ရှည်တာ မြင်ရစေ၊ သင်ဖမ်းထားသော မင်းများကို မစားပါနဲ့၊ သူတို့ကို နေရပ်ဌာန ပြန်ပို့ပေးပါ၊ သင် ပေါရိသာဒ မကောင်းမှုကို မကျူးလွန်ရ” လို့ ဆု လေးဆု တောင်းလေတယ်။ ရှေ့ သုံးဆုကို ချက်ချင်းပေးနိုင်သော်လည်း နောက်ဆုံးတစ်ဆုကို ပေါရိသာဒ အခက်တွေ့နေပါတယ်။ ထိုအချက်ကို သိလေသော် သုတသောမမင်းက ပါးနပ်စွာဖြင့် ထပ်မံ တရားချလေသော် ပေါရိသာဒ အကျွတ်တရား ရလေတယ်။ သုတသောမမင်းက ပေါရိသာဒကို သူ့နေပြည်တော်ကို ပြန်ပို့ပေးကာ ပြန်လည် မင်းပြုစေပြီး သူလည်း သူ့တိုင်းပြည်သူ ပြန်သွားလေတော့တယ်။
#credit