Home GENERAL မွေးကင်းစကလေးငယ်များအကြောင်း

မွေးကင်းစကလေးငယ်များအကြောင်း

64

မွေးကင်းစကလေးတွေဟာ အသားအရေနီနီရဲရဲလေးဖြစ်နေတာ သဘာဝပါ။ အသားအရောင်မညီသေးလို့ ဖြူတယ် မည်းတယ်ဆိုပြီး ပြောလို့မရသေးပါဘူး။ ကလေးတိုင်း နီတာရဲလေးတွေဖြစ်နေလို့ပါ။

သူတို့မျက်လုံးလေးတွေဟာ အဝေးကြီးကို မမြင်နိုင်သေးပါဘူး။
မျက်လုံးနဲ့လိုက်ကြည့်တယ်ဆိုတာ အသံကြားရာဘက်ကို ကြည့်တဲ့သဘောပါ။
အသက် (၂) လလောက်မှ အဖြူ၊ အမည်းနဲ့ အလင်းရောင်လေးတွေကို မြင်လာပါတယ်။
အဝေဆုံးအကွာအဝေးဆိုရင် (၁-၂) ပေခန့်အထိဘဲ မြင်ရပါတယ်။
အသက်ကြီးလာတာနဲ့အမျှ အဝေးကို မြင်လာမှာပါ။

မွေးကင်းစကလေးတွေဟာ အနံခံစွမ်းအား အင်မတန်ကောင်းကြပါတယ်။
အမေရဲ့အနံ့၊ အဖေရဲ့အနံ့၊ တခြားသူတွေရဲ့အနံ့ကို သေချာသိပါတယ်။
မိခင်ရဲ့နို့နံ့ကိုလည်း ကောင်းကောင်းသိကြပါတယ်။
တချို့ကလေးတွေဆိုရင် မိခင်အနားမှာ မရှိပေမဲ့ မိခင်ရဲ့အဝတ်တစ်ခုခုကို ကလေးဘေးမှာ ထားပေးရင် ကလေးက ကောင်းကောင်းအိပ်ပျော်တာမျိုးတွေ ရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မိခင်ရဲ့အနံ့ကြောင့် ကလေးငယ်ရဲ့ စိတ်လှုံခြုံမှုရှိတယ်လို့ ခံစားရလို့ပါဘဲ။
ကလေးဘေးမှာ ရေမွှေးဆွတ်ခြင်း၊ ဆေးလိပ်သောက်ခြင်းတွေတော့ လုံးဝ မပြုလုပ်သင့်ပါဘူးနော်။

အကြားအာရုံလည်း ကောင်းကြပါတယ်။
ဗိုက်ထဲမှာကတည်းက အသံကို သေချာ ကြားနိုင်စွမ်းရှိကြပါတယ်။
ဒါ့ကြောင့် မွေးကတည်းက ကြင်ကြင်နာနာ စကားပြောပေးဖို့ မမေ့ပါနဲ့။ ချစ်ကြောင်းပြောပေးပါ။
ဘာမှ ကြောက်စရာမလိုကြောင်း၊ အဖေနဲ့အမေရှိတယ်ဆိုတဲ့အကြောင်းပြောပေးပါ။
မိဘတွေရဲ့အသံကို မှတ်မိအောင် စကားများများပြောပေးပါနော်။ သီချင်းတွေလည်း ဆိုပြနိုင်ပါတယ်။

သူတို့ရဲ့အိပ်ချိန်ဟာ ကြက်အိပ် ကြက်နိုးလိုပါဘဲ။ အကြာကြီး တောက်လျှောက်မအိပ်ပါဘူး။
(၂-၃) နာရီခြားတစ်ကြိမ် နိုးပါတယ်။
အိပ်တာတော့ နေ့ရော ညပါ အိပ်လိုက် နိုးလိုက်ပါဘဲ။
အသက် (၄) လအရွယ်ခန့်အထိ ဒီလိုပါဘဲ။
မိဘတွေအနေနဲ့ အိပ်ရေးမဝဖြစ်ပြီး အရမ်းပင်ပန်းတဲ့အချိန်ပါ။
မိခင်နဲ့ဖခင်ဟာ အပြန်အလှန်ကူညီဖေးမနိုင်မှ အဆင်ပြေမှာပါ။
အသက် (၄) လနောက်ပိုင်းဆိုရင်တော့ slepping Training စလုပ်ပေးလို့ရပါပြီ။
နေ့ခင်းလည်း အိပ်ပြီး ညဘက်မှာလည်း တောက်လျှောက်အိပ်တတ်အောင် လေ့ကျင့်ပေးလို့ရပါပြီ။ ဒါပေမဲ့ နူးညံ့တဲ့လေ့ကျင့်ပေးမှုတွေနဲ့ဘဲ လုပ်ပေးပါနော်။ ကလေးက အရမ်းငိုလည်း မျက်စိမှိတ်ပြီး အတင်းကြီးမလုပ်ပေးပါနဲ့။
အလေ့အကျင့်ဆိုတာ တဖြေးဖြေးလုပ်ယူရတာမျိုးပါ။ စိတ်ရှည်ပါ။ ထွေးပွေ့ပါနော်…

မွေးကင်းစကလေးတွေဟာ မရီမပြုံးတတ်သေးပါဘူး။ လအနည်းငယ်လောက်မှ ရီတတ် ပြုံးတတ်လာမှာပါ။ သူတို့လေးတွေဟာ မွေးကတည်းက ငိုယိုခြင်းနဲ့ စတင်တာပါ။
မိခင်ဗိုက်ထဲမှာ နွေးနွေးလေးနေရာမှ အေးမြအပြင်လောကကို ရောက်လာတော့ နေသားမကျသေးပါဘူး။
ကြောက်လန့်ရင် ငိုမယ်။
ဗိုက်ဆာရင် ငိုမယ်။ ရာသီဥတုပူလွန်း၊ အေးလွန်းရင် ငိုမယ်။ သက်သောင့်သက်သာမဖြစ်ရင် ငိုမယ်။ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုဒဏ်ကို မခံနိုင်သေးလို့ငိုမယ်။
ရင်ခွင်ထဲ ပွေ့ဖက်တာလိုချင်လို့ငိုမယ်။
သူရဲ့ဘာသာစကားဟာ ငိုယိုခြင်းတစ်မျိုးတည်း ဖြစ်နေသေးလို့ပါ။ သူ့ဆန္ဒကို ငိုပြီးပြောရခြင်းပါ။
ကလေးက ဆိုးလိုက်တာဆိုပြီး လုံးဝ မသတ်မှတ်လိုက်ပါနဲ့။
လက်ကြိုက်မှာ စိုးလို့ဆိုပြီး မပွေ့ဘဲ မနေပါနဲ့။ ထွေးပွေ့ပါ။ အသက် (၃) လလောက်အထိတော့ လက်ပေါ်က ချမရ ဖြစ်တဲ့အချိန်ပါ။
ဒီအချိန်ကို သားပိုက်ကောင်ပွေ့ဖက်နည်းလို့ ခေါ်ပါတယ်။
သားကောင်း သမီးရတနာလေးတွေအဖြစ် ကြီးပြင်းလာဖို့ ဒီအရွယ်မှာ များများထွေးပွေ့ပေးရတယ်ဆိုပြီး ပညာရှင်တွေရဲ့အဆိုရှိပါတယ်။ မိဘနဲ့သားသမီးကြား Bounding များများ ရယူပါနော်….

သူတို့လက်သည်းလေးတွေ အရှည်မြန်ပါတယ်။
သေချာဂရုစိုက်ပေးဖို့မမေ့ပါနဲ့နော်။ လက်အိတ်လေးစွတ်ပေးထားဖို့မမေ့ပါနဲ့။

ချိုချိုတောင်းတိုင်း တိုက်ကျွေးပေးပါ။ အချိန်နဲ့စနစ်တကျတိုက်နေတယ်ဆိုပြီး သတ်မှတ်ချိန်မရောက်မခြင်း နို့မတိုက်ဘဲ နေတာမျိုး မလုပ်သင့်ပါဘူး။
သူတို့ဟာ နို့စို့မယ်။ အီးအီးပါမယ်။ ပြီးရင် နို့ပြန်ဆာမယ်။ ဆာတိုင်း တိုက်ကျွေးပေးပါ။
မွေးကင်းစမှာ အီးအရောင်လေးတွေဟာ အရောင်မလှဘဲ အမဲရောင်ဖြစ်နေတတ်ပါတယ်။ သဘာဝပါ။ အသက်အရွယ်ကြီးလာရင် ပုံမှန်ပြန်ဖြစ်သွားမှာပါ။
တချို့ကလေးတွေကတော့ တနေ့မှာ အကြိမ်ရေမနည်း ဝမ်းသွားတတ်ပြီး တချို့ကျပြန်တော့ (၂) ရက်လောက်အထိ ဝမ်းမသွားတတ်ပါဘူး။
အကယ်၍ စိတ်ပူတယ်ဆိုရင် ကိုယ့်သဘောနဲ့ကိုယ် ဆေးဝယ်တိုက်တာတွေ မလုပ်ဘဲ ဆရာဝန်သေချာပြပေးပါ။

သူတို့လေးတွေဟာ ဇက်မနိုင်သေးပါဘူး။ ဇက်မခိုင်သေးတာမို့ မွေးကင်းစကလေးကို ပွေ့ချီရင် အထူးသတိထားပါ။ လည်ပင်းကို သေချာထိန်းပြီး ချီရပါမယ်။ ချစ်လို့ဆိုပြီး ရှေ့နောက် ပတ်ရမ်းတာမျိုး လုံးဝမလုပ်ရပါဘူး။ ကလေးဦးနှောက် ကြွေပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။
တတ်နိုင်သလောက် ညင်သာစွာ ပွေ့ချီပါ။ ကိုင်တွယ်ပါနော်…

အရေပြားကွာတတ်ပါတယ်။ ဒါလည်း မွေးကင်းစကလေးတွေမှာ ဖြစ်တတ်တဲ့ သဘာဝပါ။ စိတ်မပူပါနဲ့။
(၉) လလုံး ရေမွှာထဲမှာ နေခဲ့ရတော့ အရေပြားနူးအိနေတဲ့သဘောပါ။
အပြင်လောကထဲရောက်တော့ အရေပြားကွာတာမျိုးပေါ့။
ရေချိုးပြီးတိုင်း Baby Lotion လူးပေးလို့ရပါတယ်။
သနပ်ခါးနဲ့ ပေါင်ဒါမှုန့်တွေကိုတော့ အနည်းဆုံး (၆) လနောက်ပိုင်းမှ သုံးပါနော်။ ဖြစ်နိုင်ရင် (၁) နှစ်လောက်မှ သုံးတာ အကောင်းဆုံးပါ။

#credit to original writer