ကူးစက်များနေတဲ့ အသည်းရောင်အသားဝါ(အေ) ရောဂါအကြောင်း ဘာတွေသိထားသင့်ပါသလဲ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
• အသည်းရောင်အသားဝါ(အေ)ရောဂါသည် အသည်းရောင်အသားဝါဗိုင်းရပ်စ် (အေ)ပိုးကြောင့် ဖြစ်ပွား ကာ အလွယ်တကူ ကူးစက်တတ်ပြီး ကပ်ရောဂါအသွင်ဖြင့် အုပ်စုလိုက်ဖြစ်ပွားနိုင်ပါတယ်။
• အသက်အရွယ်မရွေး ဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် ကလေးများတွင် ပိုမိုဖြစ်ပွားတတ်ပါတယ်။
• ကူးစက်နိုင်တဲ့နည်းလမ်းတွေကတော့ – ရောဂါပိုးရှိသူ၏ ခန္ဓာကိုယ်မှထွက်သော တံတွေး၊ အန်ဖတ် စသည့် အညစ်အကြေးများနှင့် မစင်ကပ်ညှိပါရှိသော မသန့်ရှင်းသည့် အစားအသောက်များကို စားသောက်မိခြင်းမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ အသည်းရောင်အသားဝါ (အေ) ရောဂါပိုးရှိသူ လူနာနှင့် အနီးကပ် ထိတွေ့ခြင်း၊ ပြုစုခြင်းတို့မှတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။
• ရောဂါလက္ခဏာတွေကတော့ – ကိုယ်ပူဖျားခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင် ဖျော့ခြင်းနှင့် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်းစသည်တို့ ဖြစ်ပါတယ်။ နာတာရှည်အသည်း ရောဂါအဖြစ် ဆက်လက်ဖြစ်ပွားနိုင်ခြင်းမရှိသော်လည်း ရုတ်တရက်အသည်းရောင်ခြင်း ပြင်းထန်ပါက အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။ အသည်းရောင်အသားဝါ (ဘီ) (သို့မဟုတ်) (စီ) ရောဂါပိုး ရှိသူများ၊ အိပ်ချ်အိုင်ဗွီပိုးရှိသူများမှာ ရောဂါဖြစ်ပွားပါက ပိုမိုပြင်းထန်စွာခံစားရနိုင်ပါတယ်။
• သတိပြုရမယ့်အချက်ကတော့ – ရောဂါပိုးရှိနေသူအများစု (အထူးသဖြင့် ကလေးများ)သည် ရောဂါ လက္ခဏာတစ်စုံတစ်ရာမပြသသေးခင် နှစ်ပတ်ခန့်အတွင်းမှာ အခြားသူများထံသို့ရောဂါကူးစက် စေနိုင်ပါတယ်။
• ကာကွယ်နိုင်မယ့်နည်းလမ်းတွေကတော့ –
– ရာနှုန်းပြည့် ယင်လုံအိမ်သာ ဆောက်လုပ်သုံးစွဲပါ။
– အစားအသောက်ကိုင်တွယ်ရောင်းချသူ၊ စားသုံးသူနှင့် လူနာပြုစုသူများ အနေဖြင့် –
– ဆပ်ပြာနှင့်ရေကိုအသုံးပြု၍ လက်ကို အနည်းဆုံးစက္ကန့်(၂၀)ကြာအောင် မကြာခဏစနစ်တကျ ဆေးကြောပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး ကောင်းမွန်အောင် ဆောင်ရွက်ပါ။
– အစားအစာများကို သေချာစွာကျက်အောင်ချက်ပြုတ်ပါ။ ယင်မနားအောင် ဖုံးအုပ်ထားပါ။
– ရေကိုကျိုချက်၍သောက်သုံးပါ၊ အသား၊ ငါးနှင့် ပင်လယ်စာများကို အစိမ်းစားသုံးခြင်းမှ ရှောင်ကြဉ်ပါ။
– အသည်းရောင်အသားဝါ (အေ) ရောဂါဖြစ်ပွားလေ့ရှိတဲ့ ဒေသတွေမှာ အသည်းရောင်အသားဝါ (အေ) ရောဂါပိုး ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။


