Home မုန့်လုပ်နည်း အာပုံမုန့်လုပ်နည်း (Appam)

အာပုံမုန့်လုပ်နည်း (Appam)

83

အာပုံ၊ အိန္ဒိယအခေါ် appam ဆိုတဲ့မုန့်လေးက ဆန်ကို တစ်ညအိပ်ရေစိမ်၊ ကြေညက်အောင်ကြိတ်ပြီး လုပ်တဲ့ မုန့်လေးဖြစ်ပါတယ်။ ကျွန်မကတော့ ထုံးစံအတိုင်း ထိုင်းကလာတဲ့ ဆန်မှုန့်ကို သုံးပြီးလုပ်ထားပါတယ်။

အသုံးပြုရသည့် ဒယ်အိုး အမျိုးအစားကလည်း မုန့်အရည်လောင်းထည့်ကာ အိုးကိုဝေ့ဝှိုက်ပြီးနောက် အိုးအလယ်မှာ အရည်အတော်များများ ကျန်စေရန် အထက်ပါပုံအတိုင်း အိုး အောက်ခြေက ဖြတ်ထားသော ဘောလုံးကဲ့သို့ ဖြစ်နေရပါမယ်။ ကျွန်မကတော့ အဲ့ဒီလိုအိုးမရှိတာနဲ့ မုန့်မစားရဘူးမဖြစ်ရအောင် အိမ်မှာ အလွယ်တကူရှိနိူင်သည့် ဇောက်ရှိပေမယ့် အောက်ခြေပြားသော ဒယ်အိုးကို သုံးပြီး လုပ်ထားပါတယ်။
အုန်းနိူ့ အနှစ် လုပ်ရန် လိုအပ်တာလေးတွေ…

အုန်းနိူ့ (creamy coconut) – 200 ml
ဆန်အစိမ်းမှုန့် (rice flour) – ထမင်းစားဇွန်း ၁ ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၅ ပုံ ၁ ပုံခန့်

အုန်းနိူ့၊ ဆန်မှုန့် နှင့် ဆားကို အိုးထဲထည့်ကာ ဆန်မှုန့်များကြေသွားအောင် သေသေချာချာ မွှေရောပေးပါ။
ထို့နောက် low heat ဖြင့် ၄ မိနစ်ခန့် (သို့) အောက်ပုံပါအတိုင်း အုန်းနိူ့ပျစ်လာအောင် မွှေကျိုပြီးလျှင် အာပုံမုန့်ဖြင့် တွဲဖက်စားရန် အသင့်ဖြစ်ပါပြီ။

အာပုံ လုပ်ရန် လိုအပ်တာလေးတွေ…

နွေးသည်ဆိုရုံလေး နွေးသော ရေကြက်သီးနွေး (lukewarm water) – 1/2 cup (125 ml)
dry yeast (တဆေး) – လက်ဖက်ရည်ဇွန်း တစ်ဝက်
သကြား – ထမင်းစားဇွန်း ၁ ဇွန်း
ထမင်းကြမ်း – 1/2 cup (125 ml)
အုန်းသီးဖတ် အစို (shredded coconut, grated coconut) – 1/2 cup (125 ml)
ရေ – 1/4 cup (60 ml)
ဆန်အစိမ်းမှုန့် (rice flour)- 1 cup (250 ml)
သကြားရည် – ရေ 1/2 cup (125 ml) နှင့် သကြား (ထမင်းစားဇွန်း ၃ ဇွန်း) ရောကာ သကြားပျော်အောင် ဖျော်ထားပါ။

ရေကြက်သီးနွေး ထဲ dry yeast နှင့် သကြား (ထမင်းစားဇွန်း ၁ ဇွန်း) ထည့်ဖျော်ကာ အောက်ပုံပါအတိုင်း အမြှုပ်များ ဖြစ်လာအောင် ၁၀ မိနစ်ခန့် အဖုံး ဖုံးထားပါ။

ထမင်းကြမ်း၊ အုန်းသီးဖတ် နှင့် ရေ – 1/4 cup တို့ကို ရောကာ အဖတ်များ ကြေညက်သွားအောင် ကြိတ်ပေးပါ။ ( အဖတ်များ ကြေညက်စေရန် ရေကို တစ်ခါတည်း မထည့်ပဲ ၃ ခါခန့် ခွဲထည့်ကြိတ်ပေးပါ။)

အဖတ်များကြေညက်သွားလျှင် ဆန်မှုန့် နှင့် yeast အရည် – 1/2 cup ထည့်ကာ အားလုံးရောနှောသွားအောင် ကြိတ်ပေးပါ။ (သေသေချာချာ ရောနှောသွားစေရန် yeast အရည်ကို တစ်ခါတည်း မထည့်ပဲ ၃ ခါခန့် ခွဲထည့်ကြိတ်ပေးပါ။)

အဖတ် နှင့် အရည်များ သေသေချာချာ ရောနှောသွားလျှင် ဇလုံကြီးကြီးထဲ ထည့်ကာ လေလုံအောင် ဖုံးပါ။

ပြီးနောက် မြန်မြန်ပွလာစေရန် ရေနွေးဇလုံ (ရေပူမဟုတ်)ထဲ ထည့်ကာ အိမ်၏အနွေးဆုံး နေရာ (ဥပမာ – ထမင်း၊ဟင်းချက်နေသော မီးဖိုအနီး)တွင် ထားပါ။

၂ နာရီခန့်ကြာလျှင် (သို့) အောက်ပုံပါအတိုင်း ၂ ဆခန့်ပွကာ အမြှုပ်များဖြစ်လာလျှင်… (ရာသီဥတု အပူအအေးပေါ်မူတည်ပြီး အချိန် အတိုး အလျော့ ကွာခြားမှု ရှိပါသည်။)

သကြားရည်ထည့်ပြီး ဇွန်းဖြင့် နှံ့သွားအောင် မွှေရောပေးပါ။ (အရည်က အတော်လေးကျဲရပါမယ်။)

လက်ကိုင် ပါသည့် မကပ်နိူင်သည့် ဒယ်အိုးထဲ ဆီ (လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲခန့်) ထည့်ကာ တစ်အိုးလုံး နှံ့သွားစေရန် paper towel ဖြင့် သုတ်ပြီး over medium heat ဖြင့် အပူပေးထားပါ။

မိနစ်အနည်းငယ်အပူပေးပြီးနောက် လက်ကိုရေအနည်းငယ်စွတ်ကာ ဒယ်အိုးထဲ ဖြန်းထည့်ကြည့်ပါ။
ဖျစ်ဖျစ်မြည်ပြီး ရေစက်လေးများ စက္ကန့်ပိုင်းအတွင်း ပျောက်သွားပါက အိုးအပူရှိန်မှန်ပြီ ဖြစ်သောကြောင့် မုန့်နှစ်ရည် 1/4 cup(60 ml)ခန့် မွှေပြီးခပ်ကာ အိုးအလည်ထဲ လောင်းထည့်ပါ။ (လောင်းထည့်လိုက်သည်နှင့် အိုးပူနေသောကြောင့် မုန့်ရည်အချို့ အပေါက်လေးများဖြစ်ကာ ကျက်သွားပါမယ်။)

ပြီးသည်နှင့် မကျက်သေးသည့် မုန့်ရည်များ ခွက်ခွက်ကလေး ပြန့်သွားစေရန် အိုးကို မီးဖိုမှ ချက်ချင်းမကာ ဝေ့ဝှိုက်ပေးပြီး မီးဖိုပေါ် ပြန်တင်ထားပါ။ အောက်ခြေလုံးသည့်အိုးကို မသုံးထားသောကြောင့် အိုးအလယ်တွင် မုန့်ရည်များ မစု၍ မုန့်သားမထူပါ။

အလယ်မုန့်သားထူထူဖြစ်လိုပါက နောက်ထပ်မုန့်ရည်အနည်းငယ်ကို မုန့်အလယ်ထဲ စုပြီးလောင်းထည့်ပေးပါ။ (ဒီအဆင့်ကို မလုပ်လည်းရပါတယ်။)

ပြီးနောက် အိုးအဖုံး ဖုံးပြီး ၂ မိနစ်ခန့်ထားပါ။

အိုးအဖုံးဖွင့်ကာ ၂ မိနစ်ခန့် ထပ်ထားပြီး မုန့်နံဘေးသားများ အညိုရောင်ပြောင်းကာ ကွာထွက်လာလျှင် လက်ဖြင့် အသာဆွဲမကာ သုံးဆောင်မည့်ပန်းကန်ထဲ ထည့်ပါ။

နောက်တစ်ခုထပ် လုပ်မည်ဆိုပါက အိုးကို ဆီစွတ်ထားသော paper towel ဖြင့် သုတ်ပါ၊ ရေစက်အနည်းငယ်ဖြင့် အိုးအပူရှိန်ကို စမ်းပါ၊…….. အစရှိသော အထက်ပါ နည်းများအတိုင်း ထပ်လုပ်ပေးရပါမယ်။
မုန့်သားတွင် အုန်းသီးဖတ်များ နှင့် သကြားထည့်လုပ်ထားသောကြောင့် သူ့ချည်းသက်သက်စားနိူင်သလို၊ အုန်းနိူ့အနှစ်ကို မုန့်ပေါ်တွင်ဖြန့်ပြီးသုတ်ကာ သကြားအနည်းငယ်ဖြူး၍လည်း အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။”

Crd