Home မုန့်လုပ်နည်း ဘဲသားမုန့် ကြက်သားမုန့်

ဘဲသားမုန့် ကြက်သားမုန့်

38

တရုတ်တန်း ဘဲသားမုန့် တောင်းဆိုထားသူရှိလို့ တင်ပေးလိုက်ပါတယ်။ ဂျုံ သားနယ်ရတဲ့ အလုပ်တစ်ခုကတော့ အတော်လေးလက်၀င်ပါတယ်။ ဝါသနာပါ သူများ စိတ်ရှည်စွာ စမ်းသပ်ကြည့်နိူင်မယ့် အချိုးလေး ဖော်ပြပေးလိုက်ပါတယ်။

အပြင်တစ်လွှာအတွက် ပါ၀င်ပစ္စည်းများ
————–
ဂျုံနု ၅၀၀ ဂရမ်
မာဂျ ရင်း ၁၀၀ ဂရမ်
ဆား ၁ ဇွန်း( လက်ဖက်ရည်ဇွန်း)
ရေအေး ၁ ခွက်( သို့ ) ၂၂၀ မီလီမီတာ
ပြုလုပ်နည်း
ဂျုံမှုန့် ၊ ဆား တို့ကို သမအောင်မွှေပြီး မာဂျရင်း ထည့်နယ်ပါ။
ရေကို အနည်းငယ်စီ ထည့်ပြီး ညှက်နေတဲ့မုန့်သား တစ်ခုရအောင် နယ်ပါ။
နယ်ထားသော မုန့်သားကို ခပ်ကြမ်းကြမ်း လုံးထားပါ။

အတွင်းတစ်လွှာအတွက် ပါ၀င်ပစ္စည်းများ
———–
ဂျုံ ၂၅၀ ဂရမ်
မာဂျရင်း ၁၅၀ ဂရမ်
ပြုလုပ်နည်း
ဒီ ၂မျိုးထဲကိုပဲ အထက်ပါအတိုင်း နယ်ပြီး လုံးထားပါ။

ပထမအလွှာမုန့်သားကို မုန့်လှိမ့်တုံး (သို့) ပုလင်းအသုံးပြုပြီး အနည်းငယ် ပြန်သွားအောင်ဖြန့်
ပါ။

ဒုတိယ မုန့်သားကိုလည်း ထိုနည်းအတိုင်း
———–
ပြုလုပ်ပြီး ပထမအလွှာပေါ် တင်ပေးပါ။
ထို့နောက် မုန့်သား (၂) ခုကို ၃ – ၄ ထပ် ရအောင်လိပ်ပေးပါ။ ပလပ်စတစ်အပါးစလေး အုပ်ပြီး ရေခဲသေတ္တာမှာ (၁၅) မိနစ်ခန့် အအေးခံထားပါ။ ထိုအချိန်မှာ အတွင်းသား အစာအတွက် ပြင်ဆင်ပါ။

အတွင်းအစာအတွက် ပါ၀င်ပစ္စည်း
———–
ကြက်သား(သို့) ဘဲသား ၅၀၀ ဂရမ်(ခပ်သေးသေးအတုံး)
အာလူး ၂ လုံး (၁ စင်တီအရွယ်အတုံးလေးတုံး)
ကြက်သွန်နီ ၃လုံး (၁ စင်တီအရွယ်အတုံးလေးတုံး)
ငရုပ်စပ်မှုန့် ၁ ဇွန်း ( ထမင်းစား )
မဆလာ ၁ ဇွန်း ( လက်ဖက်ရည်)
ကြက်သွန်ဖြူ + ချင်း အနည်းငယ်စီ ( နုပ်နုပ်စဉ်း)
ဆား + ကြက်သားမှုန့် သင့်တော်သလို
သကြား ၁ ဇွန်း ( လက်ဖက်ရည်)

ပြုလုပ်နည်း
————
ပထမဆုံး ကြက်သားတွေကို အိုးကင်းပူတိုက်တဲ့ပုံစံနဲ့ ရေခမ်းသွားအောင် ပြုလုပ်ပါ။ ရေခမ်းသွားရင် အအေးခံထားပါ ။

ဒယ်အိုးထဲမှာ အာလူးတွေကို ထည့်ကြော်ပါ။ အနည်းငယ်နွမ်းသွားလျှင် ၊ နနွင်းမှုန့် အနည်းငယ်နှင့်အတူ ကြက်သွန်ဖြူ + ချင်းတွေကို ပေါင်းထည့်ပါ။

အနည်းငယ်မွှေးလာပြီဆို ကြက်သွန်နီ ၊ ကြက်သားတွေ ပေါင်းထည့်ပြီး ငရုတ်စပ်မှုန့် ၊ ဆား ၊ သကြား ကြက်သားမုန့်တို့နဲ့ အရသာသွင်းပါ။ ဖြန့်ပြီး အအေးခံထားပါ။

ထိုစဉ်အချိန်မှာ ရေခဲသေတ္တာထဲက အအေးခံထားတဲ့ ဂျုံသားလိပ်ကို ထုတ်ပြီး (၁၆) မှ (၂၀ ) ခုထိ အညီအညာ ပိုင်းဖြတ်ပါ။

ပိုင်းဖြတ်စလေးတွေကို ဂျုံမှုန့်ဖြူးထားတဲ့စားပွဲပေါ်မှာ လှိမ့်တုံးလေးအသုံးပြု ကာ ၄ လက်မ အဝိုင်းငယ်ရအောင် လုပ်ပါ ။ (မုန့်သား၂ ထပ် လိပ်ထားတာ ၃-၄ ဖြစ်တဲ့အတွက် မုန့်သားမှာအရစ် အရစ်ပုံလေးတွေပေါ်နေပါမယ်။)

လက်ကို ဂျုံ မှုန့် လူးကိုင်ပြီး အတွင်းအစာကို ၁ ဇွန်းသာသာခန့် ဖြည့်ပြီး ခေါက်ချိုးညီ ခေါက်လိုက်ပါ။
မိမိလက်ပေါ်မှာရှိတဲ့ ဘယ်ဖက်အစွန်းထောင့်ကလေးကို ၄၅ ဒီဂရီလောက် ခေါက်ချလိုက်ပါ။ ထိုနောက်မှတဆင့် လက်မအားကို အသုံးပြုပြီး မုန့်အနား သားလေးတွေကို ထိုးခေါက်သွားမယ်ဆိုရင် ညီညာလှပစွာ ပုံဖော်ထားတဲ့ အနားသား အစွန်းသတ်လေးတွေနဲ့ လှပနေပါမယ်။

အားလုံး ထိုနည်းအတိုင်းပြုလုပ်ပြီးပြီဆိုမှ ဆီ (သာမန်အပူချိန်) မှာ ရွှေအိုရောင်ရအောင်ေ ကြော်ယူစစ်ပြီး အအေးခံထားရပါမယ်။

Credit