Home HEALTH ဗိုက်နာလျှင် ဘာဖြစ်နိုင်သလဲ

ဗိုက်နာလျှင် ဘာဖြစ်နိုင်သလဲ

14

ဗိုက်ညာဘက်နံရိုးအောက်ကနာတယ်
ကိုယ်လည်းပူနေတယ်။
ပျို့တာ အန်တာဖြစ်နေတယ်။
****************************

#Cholecystitis
(သည်းခြေအိတ်ရောင်ခြင်း)
#Gall_stone
(သည်းခြေကျောက်)

#Dr_ဘုန်းစည်သူလွင်

Gall bladder ဆိုတဲ့ သည်းခြေအိတ်ဟာ၊ အသည်းရဲ့ အောက်မှာရှိပြီး အလျား 8cm x အကျယ် 2.5 cm ရှိပါတယ်။

သူရဲ့အလုပ်က အသည်းကထုတ်တဲ့ အရည်တွေကို စုပြီး သိမ်းထားတာပါ၊
အသည်းကအရည်တွေက နည်းနည်းကျဲ (ရေများတော့) သူက ခန္ဓာကိုယ်အတွက် ရေတွေပြန်စုပ်ထားပြီး အရည်အရည်ပျစ်ပျစ် (Bile) တွေကို သိမ်းထားပါတယ်
လူက အစာစားပြီး အစာတွေ အူထဲရောက်လာတဲ့ အခါမှ သူ့ရဲ့ အရည်ပျစ်ပျစ်တွေကို အူထဲ ညှစ်ထုတ်လိုက်ပါတယ်။ (အစာများများစားရင်၊ အဆီများများစားရင် ပိုများများညှစ်ချပါတယ်)
{Bile မှာ ဘာတွေပါလဲဆိုတော့ ရေ၊ အဆီ၊ enzymes၊ ရောင်ခြယ် (Bile pigment) ဝမ်းအရောင်ဝါရတာသူ့ကြောင့်ပါ
ဒါကပုံမှန်ပါ။

လူက အဆီစားတာများလို့၊ အန္ဓာကိုယ်ထဲမှာ အဆီတွေများရင် အသည်းကထုတ်တဲ့အရည်ထဲမှာ အဆီတွေအများကြီးပါလာပါတယ်၊ Gall bladder က ရေတွေ ပြန်ပြန်စုပ်တော့ အဆီတွေကပျစ်သထက် ပျစ်လာပါတယ် => ကြာလာတော့ အနယ်တွေဖြစ်လာပြီး ၊ အဲ့ထက်ကြာလာရင် ကျောက်ဖြစ်ပါတယ်။

အဆီစားများတဲ့သူတွေ၊ အစားကြိုက်တဲ့လူတွေ၊ လှုပ်ရှားမှုနည်းတဲ့လူတွေ သည်းခြေကျောက်ဖြစ်ပါတယ်။ (Gall Stone)

သည်းခြေကျောက် ကသည်းခြေအိတ်ထဲရှိနေရင် ဘာပြဿနာမှ မတက်သေးပါဘူး (ဒါပေမယ့်) အပေါ်မှာပြောထားသလို အစားအများကြီး၊ အဆီအများကြီးစားရင် သည်းခြေအိတ်က သူဆီမှာရှိတဲ့ အရည်တွေအကုန်ညှစ်ချတော့ သည်းခြေကျောက်တွေပါ ပါသွားတတ်ပါတယ်
7cm (၃ လက်မလောက်)ရှိတဲ့ သည်းခြေအိတ်ထဲမှာ 1 cm (လက်မဝက်လောက်) ရှိတဲ့ကျောက်က ဘာလက္ခဏာမှ မပြပေမယ့်။
0.6 cm လောက်ရှိတဲ့ ပြွန်ထဲကျတော့ ဝင်လို့မရပါဘူး အဲ့တော့ သည်းခြေအိတ်အဝ မှာတစ်နေပါတယ်။

အစားကစားထားတော့ သည်းခြေအိတ်က ညှစ်ပါတယ်၊ ကျောက်ကထိပ်မှာ ပိတ်နေတော့ အတင်းညှစ် ထိပ်ပိတ်ပြီးညှစ်တော့ နာပါတယ် (တော်တော်ကိုနာတာပါ) ခံစားဖူးတဲ့လူတွေသိပါတယ်။ ပျို့အန်ပါတယ်။
အစာစားတဲ့ အချိန် သည်းခြေအိတ်ကညှစ်တော့ နာတဲ့အချိန်က အစာစားတဲ့ဖြစ်ဖြစ်နေတတ်လို့ (အစာအိမ်ရောင်တာနဲ့မှားတတ်ပါတယ်)

အစုံစားတဲ့ အစားကြိုက်တဲ့လူတွေမှာဖြစ်တာဆိုတော့ တချို့မှာလည်း (၂) ခုလုံး တွဲဖြစ်တတ်ပါတယ်။

နာတာမခံနိုင်တဲ့ အခါ ဆေးရုံ/ဆေးခန်းရောက်တော့ ကြွက်သားမညှစ်တဲ့ဆေး (Anti-spasmodic ) ထိုးပေးလိုက်တော့ ကျောက်က သည်းခြေအိတ်ထဲပြန်ရောက်သွားတဲ့အတွက် နာတာပျောက်သွားပါတယ်။

ရောဂါပျောက်သွားတာမဟုတ်ပါဘူး။
သည်းခြေကျောက်က ထုတ်ပစ်လိုက်မှ အပြီးပျောက်တာပါ (ဒါပေမယ့် ဆေးထိုးလိုက်ရင် သက်သာသွားတဲ့ အတွက် ခွဲဖို့ ညွှန်းရင် ဘယ်သူမှမလိုက်နာပါဘူး)

နောက်တခါ အစားအများကြီးစားတဲ့အခါ၊ ဆီကြော်တွေစားတဲ့ အခါ ပြန်ဖြစ်ပါတယ်။
ဆေးသွားထိုးတယ် သက်သာတယ် ပြန်စားတယ် ပြန်ဖြစ်တယ်။

အဲ့လိုနဲ့ ကြာလာရင် သည်းခြေအိတ်မှာ ဒဏ်ဖြစ်ပြီးရောင်လာပါပြီ၊ အဲ့ဒါကိုမှ အူလမ်းကြောင်းက ပိုးတွေဝင်သွားတဲ့ အခါ ဖျားပါပြီ။ ဆေးထိုးသွားထိုးလိုက် ပါတယ်၊ ပိုးသတ်ဆေးသောက်ပါတယ်။ နည်းနည်းသက်သာရင် ဆေးရပ်ပါလိမ့်မယ်။

ပိုးသတ်ဆေး မစို့တပို့သောက်တဲ့အတွက် ရောဂါက ခဏငုံ့နေသလို ဖျားတာနာတာ သက်သာပေမယ့် သည်းခြေအိတ်ကို ဆက်ဒုက္ခပေးနေတာဖြစ်ပါတယ်။

သည်းခြေအိတ်ပြည်တည်ပါပြီ။ အဲ့တော့မှ အဖျားတွေ ၁၀၃-၁၀၄ လောက်တက်မှ မဖြစ်မနေ ခွဲစိတ်ကြပါတယ်။

သွေးဆိပ်တက်မှ ၊ ပြည်တည်မှ ၊ shock ရမှ ခွဲစိတ်မှုခံကြတဲ့အတွက် ဆေးရုံတက်ရက် ကြာတတ်သလို (အဖိတ်အစင်ရှိတတ်ပါတယ်)
သည်းခြေအိတ် ပိုးမဝင်ခင်၊ သည်းခြေကျောက်စပြီး ဒုက္ခပေးတာနဲ့ ခွဲစိတ်ကြရင် ခဏပဲဆေးရုံရသလို၊ laparoscopic cholecystectomy လုပ်လို့ရတဲ့ အတွက် ဒဏ်ရာမကြီးပါဘူး။

ကျောက်က သည်းခြေအိတ်အဝ နေရာကနေ လွတ်ထွက်သွားပြီး အသည်းဆီကပြွန်နဲ့ သည်းခြေပြွန်နဲ့ ဆက်တဲ့နေရာမှာ သွားပိတ်တတ်ပါတယ်။

အဲ့ဒါဆို အပေါ်က လက္ခဏာတွေအပြင် အသည်းရောင်တဲ့အတွက် အသားပါဝါတတ်ပါတယ်။ (Cholangiohepatitis) ရောဂါပိုဆိုးပါတယ်။

သည်းခြေကျောက် မဖြစ်အောင်ဘယ်လိုနေကြမလဲ ဆိုတော့
(သွေးတိုး၊ဆီးချို၊နှလုံး၊အသည်းအဆီဖုံး၊OSA) စတဲ့ရောဂါတိုင်းဟာ

– အစားသောင်းကြမ်းတဲ့သူတွေ
– လှုပ်ရှားမှုနည်းတဲ့လူတွေ
– ဆေးလိပ်၊အရက်သောက်တဲ့လူတွေ
– စိတ်ဖိစီးမှုများတဲ့လူတွေ
– အဝလွန်တဲ့လူတွေမှာဖြစ်လို့

အစားပုံမှန်စားပါ (Balance Diet ဖြစ်အောင်စားပါ)
လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
ဆေးလိပ်၊ အရက် ဖြတ်ပါ
အကောင်းမြင်စိတ်များများမွေးပြီး (သံသယစိတ်လျှော့ချပါ)
ကိုယ်အလေးချိန်ပုံမှန်ဖြစ်အောင်ထိန်းသိမ်းပါ

အဲ့ဒါဆိုရင် သည်းခြေကျောက်ရော၊ အသည်းအဆီဖုံးတာအပြင်သွေးတိုး၊ဆီးချို၊နှလုံး၊အသည်းအဆီဖုံး၊OSA၊ လေဖြတ် ရောဂါတွေပါ မဖြစ်အောင် ကာကွယ်နိုင်ပါလိမ့်မယ်။

#သည်းခြေကျောက်က_ရှိနေပြီဘာလုပ်ရမလဲ

– အပြီးပျောက်ချင်ရင် ဒုက္ခပေးတာနဲ့ ထုတ်ပစ်လိုက်ပါ။

– ကျောက်ကြေဆေးဆိုတာတွေက အသစ်ထပ်မဖြစ်အောင်တားပေးတာပါ၊ ရှိပြီးသားကျောက်ကြီးကို မချေပစ်နိုင်ပါဘူး

– အသစ်ထပ်မဖြစ်အောင် အဆီလျှော့စားပါ၊ အစားလျှော့စားပါ

– ဗိုက်ညာဘက်နံရိုးအောက်နာပြီး ဖျားတာနဲ့ ဆေးလျှောက်သောက်၊ ဆေးလျှောက်ထိုးပြီး အချိန်မဆွဲပါနဲ့

#credit