အရေးပေါ် ….ခြေထောက် ကြွက်တက်လာရင် ချက်ချင်းလုပ်ရမယ့်အရာ
ညဘက် အိပ်ပျော်နေတုန်းပဲဖြစ်ဖြစ်၊ လမ်းလျှောက်နေတုန်းပဲဖြစ်ဖြစ်… ရုတ်တရက် ခြေသလုံးက ကြွက်သားတွေ တင်းမာပြီး နာကျင်လွန်းလို့ အော်လိုက်ရတဲ့ အခိုက်အတန့်မျိုး ကြုံဖူးကြမှာပါ။ အထူးသဖြင့် ခြေသလုံး အနောက်ဘက် ဒါမှမဟုတ် ခြေဖဝါးမှာ ကြွက်သားတွေ တောင့်တင်းပြီး ကိုက်ခဲလာတတ်ပါတယ်။
ဘယ်လောက်ကြာတတ်သလဲ?
များသောအားဖြင့်တော့ စက္ကန့်ပိုင်းကနေ မိနစ်အနည်းငယ်အထိ ကြာတတ်ပေမယ့်၊ တချို့မှာ ၁၀ မိနစ်လောက်အထိ ကြာမြင့်တတ်ပါတယ်။ တစ်နေကုန် မတ်တတ်ရပ်အလုပ်လုပ်ရသူတွေမှာဆိုရင် အိမ်ပြန်ရောက်လို့ အိပ်ရာဝင်ခါနီးအချိန်တွေမှာ ပိုပြီး ဖြစ်တတ်ပါတယ်။
ဘယ်သူတွေမှာ ပိုဖြစ်တတ်သလဲ?
အသက်ကြီးသူတွေမှာ အများဆုံး ဖြစ်တတ်ပြီး၊ တခြား ကျန်းမာရေးပြဿနာတွေကြောင့် သောက်သုံးနေရတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။
ဘာကြောင့် ကြွက်တက်ရတာလဲ?
ကြွက်သားတွေကို အပြင်းအထန် ဖိအားပေးမိတာ၊ ရေဓာတ်ခန်းခြောက်တာ၊ သွေးထဲမှာ ဆားဓာတ်မညီမျှတာ၊ ကိုယ်ဝန်ဆောင်ချိန်၊ သိုင်းရွိုက်ပြဿနာ၊ ခြေထောက်အတွင်း သွေးလည်ပတ်မှု အားနည်းတာ၊ အရက်အလွန်အကျွံ သောက်တာ၊ အာရုံကြော အားနည်းတာ၊ ဒါမှမဟုတ် ကျောက်ကပ်ရောဂါကု ဆေးဝါးတွေ သောက်သုံးနေရတာတွေကြောင့် ဖြစ်တတ်ပါတယ်။
ရုတ်တရက် ကြွက်တက်ခဲ့လျှင် အရေးပေါ် ကုသနည်း
တစ်စုံတစ်ယောက် ကြွက်တက်ပြီဆိုရင် ဒါကို အမြန်ဆုံး ဖြေရှင်းဖို့ နည်းလမ်းလေး ရှိပါတယ်…
ချက်ချင်းပဲ ခြေထောက်ကို ဖြောင့်တန်းစွာ ဆန့်တန်းထားပေးပါ။
ဒူးကို မကြွစေဖို့ အသာအယာ ဖိထားပေးပါ။
ခြေဖဝါး အလယ်တည့်တည့်ကို စမ်းကြည့်ပါ။ အဲဒီမှာ အချောင်းကြီးတစ်ချောင်း တင်းနေတာကို တွေ့ရပါလိမ့်မယ်။
အဲဒီ တင်းနေတဲ့ အချောင်းကြီးကို ပြေလျော့သွားအောင် ပျော့သွားအောင် နှိပ်ပေးပါ။
အဲဒီ တင်းနေတဲ့ အချောင်းလေး ပြေသွားတာနဲ့ ကြွက်တက်တာလည်း ချက်ချင်းသက်သာသွားတာကို သိသိသာသာ ခံစားရမှာပါ!
#Health & Knowledge #ကျန်းမာရေးဗဟုသုတ #ကျန်းမာရေး #health #lifestyle
