အိမ်မှာအလွယ်တစ်ကူပြု လုပ်ပြီးအရသာရှိစွာဖြင့် မိသားစုစားသုံးလို့ရသည့် ” ကြက်ကင်နည်း…”လေး
ပါဝင်ပစ္စည်းများ.. .
ကြက် – ၁ ကီလို တစ်ကောင်
နံနံပင်အမြစ် – ၄ ခု
ကြက်သွန်ဖြူ – ၈ မွှာ
စပါးလင် – ၁ ချောင်း
ငရုပ်ကောင်းစေ့ – ၁ ဇွန်း(လက်ဖက်ရည်ဇွန်း)
သကြားအညို – ၂ ဇွန်း(စားပွဲတင်ဇွန်း)
ငံပြာရည် Soy-sauce – ၂ ဇွန်း(စားပွဲတင်ဇွန်း)
ငါးငံပြာရည် – ၁ ဇွန်း (စားပွဲတင်ဇွန်း)
ပဲငံပြာရည်အပျစ် – ၁ ဇွန်း (စားပွဲတင်ဇွန်း)….တို့ပဲဖြစ်ကြပါတယ်။
ပထမဆုံး ကြက်ကို ပုံတွင်ပြထားသည့်အတိုင်း ရင်ဘက်မှခြမ်းကာ ရေဖြင့်အတွင်းအပြင် သန့်ရှင်းစွာဆေးပြီး ရေစစ်ထားပါ။
ပါဝင်ပစ္စည်းများ ဖြစ်ကြသည့် (နံနံပင်အမြစ် + ကြက်သွန်ဖြူ + စပါးလင်)တို့ကို ခပ်ပါးပါးလှီးထားပါ။ နံနံပင်၏အောက်ပိုင်း လက်နှစ်လုံးလောက်ကဖြတ်ထားသည့် အမြစ်ကိုသာအသုံးပြုပါမည်။ အပေါ်ကအရွက်များကို အသုံးမပြုပါဘူး။ ထို့နောက်….ပါဝင်ပစ္စည်းများအားလုံးကို ငရုပ်ဆုံထဲသို့ထည့်၍ ညက်နေအောင်ထောင်းပါ။ငရုပ်ကောင်းစေ့များပါထည့်၍ထောင်းပါ။အနည်းငယ်ညက်လာပါက ပန်းကန်လုံးတစ်ခုထဲသို့ထည့်ပြီး ငံပြာရည်- Soy sauce + ငါးငံပြာရည် + ပဲငံပြာရည် တို့ကိုပါဝင်အချိုး အစားအတိုင်းထည့်ပြီးရောမွှေပေးပါ။ (ပဲငံပြာရည်အပျစ်သည် အရောင်အတွက်ထည့်ခြင်းဖြစ်ပါသည် မထည့်လျှင်လည်းရပါသည်) ဆော့ အနည်းငယ်ပျစ်နေပါက ။ ရေအနည်းငယ်မျှထည့်ပြီးမွှေပေးပါ။
ကြက်တစ်ကောင်လုံးကို ဓားဖြင့်အနည်းငယ်မွှန်းပြီး ဖျော်ထားသည့်ဆော့ဖြင့်နှံ့အောင်ရောနှယ်ပေးကာ ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၄-နာရီကြာမျှထည့်ထားရပါမည်။ ကြာကြာထားနိုင်ပါက တစ်ညသိပ်ထားလျှင်ပိုကောင်းပါသည်။ထို့နောက်.ပုံတွင်ပြထားသည့်အတိုင်း ကြက်ကို ဝါးညှပ်ဖြင့်ညှပ်ကာ မီးသွေးမီးဖို မီးအေးအေးဖြင့် တစ်ဖက်ဆီလှန်ကာ ဖြေးညှင်းစွာဖြင့်ကင်ပေးရပါမည်။ ကြက်အသားများရဲလာပြီး အနံ့မွှေးလာပါက အရသာရှိစွာ အသင့်စားသုံးနိုင်ပါသည်။ အနံ အရသာ အထူးကောင်းမွန်လှသော ကြက်သားကင်ဖြစ်ပါသည်။
#Credit