Home LITERATURE မျက်မမြင်ပုဏ္ဏားခြောက်ယောက်အကြောင်း

မျက်မမြင်ပုဏ္ဏားခြောက်ယောက်အကြောင်း

0

ရှေးသရောအခါ မျက်မမြင်ပုဏ္ဏား ခြောက်ယောက်ရှိ၏။ ထိုပုဏ္ဏားတို့သည် ဗဟုသုတအတွက် ဆင်၏ပုံသဏ္ဌာန်ကိုသိလိုသဖြင့် ဆင်တစ်ကောင်ကိုလက်ဖြင့်စမ်းသပ်ကြည့်ကြ၏။

ပထမပုဏ္ဏားသည် ဆင်၏ကျယ်ပြန့်သော နံဘေးကို စမ်းသပ်မိသဖြင့် ဆင်သည်အုတ်နံရံကြီးနှင့်တူသည်ဟုပြော၏။

ဒုတိယပုဏ္ဏားသည် ဆင်၏အစွယ်ကို စမ်းသပ်မိသဖြင့် ဤအရာသည် ချောမွတ်၍ လုံးလည်းလုံးသည်။ ချွန်သောအဖျားလည်း ရှိသည်။ ထိုကြောင့် ဆင်သည် လှံနှင့်တူသည်ဟု ပြော၏။

တတိယပုဏ္ဏားသည် ရှည်လျား ပျော့ပျောင်းသော နှာမောင်းကို ကိုင်မိသဖြင့် ဆင်ဆိုသည်မှာမြွေကဲ့သို့ ပါတကားဟု ဆို၏။

စတုတ္ထပုဏ္ဏားသည် ခြေထောက်ကို စမ်းသပ်မိသဖြင့် ဆင်သည် ကျွန်းတိုင်ကြီးနှင့် တူသည်ဟု ဆို၏။

ပဉ္စမပုဏ္ဏားသည် တဖျပ်ဖျပ် ခတ်လျက်နေသော ဆင်၏နားရွက်ကို စမ်းမိ၏။ ထို့ကြောင့်ဆင်သည် ယပ်တောင်နှင့်တူသည်ဟု ဆို၏။

ဆဋ္ဌမဖြစ်သော နောက်ဆုံးပုဏ္ဏားက ဆင်၏အမြီးကို ဆွဲမိသဖြင့် သင်တို့အားလုံး မှားသည်။ ဆင်သည် ကြိုးကဲ့သို့ပင်ဖြစ်သည်ဟု ဆို၏။

ဤဒဏ္ဍာရီကိုထောက်ရှု၍ လူအပေါင်းတို့သည် မိမိတို့သိမြင်သမျှကိုသာ အမှန်ဟု တယူသန်မထင်မှတ်ကြသင့်။ စူးစမ်းဖွယ်ရှိသည်ကို အကုန်အစင်မစူးစမ်းဘဲ ဆုံးဖြတ်ချက်ချ၍ မိမိထင်ရာကို ပြောဆိုခြင်းသည် အဖြေမှန်မရနိုင်သည့်အပြင် ရယ်ဖွယ်လည်း ဖြစ်တတ်သည်ကို သတိမူကြရာသည်။
#crd