အနာထပိဏ်မှာ သာဝတ္ထိပြည်သားတစ်ယောက်ဖြစ်ပြီး ကုန်သည်တစ်ဦးဖြစ်ကာ အမည်ရင်းမှာ သုဒတ္တဖြစ်ပါတယ်။ သုဒတ္တဟာ မြတ်စွာဘုရားနှင့် မတွေ့ဆုံမီကပင် အလှူအတန်းတို့၌ ရက်ရောသည့်အပြင် သူတစ်ပါးတို့အပေါ်၌ ကြင်နာတတ်သူလည်း ဖြစ်ခဲ့လေတယ်။ ချို့တဲ့သူများကိုလည်း ပေးကမ်းစွန့်ကြဲခြင်းကြောင့် သူ၏အမည်အရင်းဖြစ်သည့် သုဒတ္တ ပျောက်ကာ အနာထပိဏ္ဍိက ဟု အမည်တွင်လေတော့တယ်။ အနာထပိဏ္ဍိက၏ အဓိပ္ပါယ်သည် ‘ကိုးကွယ်ရာမဲ့တို့အား စွန့်ကြဲပေးကမ်းသူ’ ဟု အဓိပ္ပါယ်ရလေတယ်။
တစ်နေ့ အနာထပိဏ်သည် သာဝတ္ထိမှ ရာဇဂြိုဟ်သို့ ကူးသန်းရောင်းဝယ်ရေးအတွက် လှည်းပေါင်းငါးရာဖြင့် ယောက်ဖတော်စပ်သူ ရာဇဂြိုဟ်သူဌေး၏ အိမ်သို့ လာခဲ့လေတယ်။ ထို့နောက် ရာဇဂြိုဟ်သူဌေး၏ အိမ်တွင် တည်းခိုလေရာ ထိုအချိန်တွင် ရာဇဂြိုဟ်သူဌေးကြီးသည် မြတ်စွာဘုရားနှင့် သံဃာတော်တို့အား ဆွမ်းစားပင့်ထားသဖြင့် အလုပ်များ ရှုပ်လျက်ရှိသဖြင့် အနာထပိဏ်အား ဧည့်ခံ၍ စကားမပြောနိုင်အောင် ဖြစ်လျက်ပင် ရှိနေလေတယ်။ ထိုအချိန်က မြတ်စွာဘုရား ပွင့်တော်မူပြီးသည်မှာ တစ်နှစ်ကျော် ကာလပင် ရှိပြီ ဖြစ်သော်လည်း အနာထပိဏ်သူဌေးကြီးကတော့ မြတ်စွာဘုရားကို မသိရှာပေ။ ယခုမှ ဘုရားပွင့်တော်မူကြောင်း သိပြီး ထိုအကြောင်းကို ကြားသိသော် အနာထပိဏ်သည် မြတ်စွာဘုရားအား သွားရောက်ဖူးမြော်လိုစိတ်များ တဖွားဖွားဖြစ်ပေါ်လာတော့တယ်။ အနာထပိဏ်အား ယောက်ဖဖြစ်သူက မနက်ဖြန် ဆွမ်းစားကြွလာချိန်မှသာ ဖူးမြော်ရန် ပြောလေတယ်။ အကြောင်းမှာ အနာထပိဏ်သွားရောက်ဖူးမြော်လိုသည်ဟု ပြောလာသောအချိန်မှာ ညဉ့်အချိန် ဖြစ်သောကြောင့် သွားရန် မသင့်တော်သောကြောင့် ဖြစ်ပါတယ်။ ထိုအခါ အနာထပိဏ်မှာ အိပ်၍မျှပင် မပျော်ဘဲ မိုးလင်းခဲ့လေတယ်။ မိုးလင်းသော် အနာထပိဏ်သည် ဆွမ်းစားကြွလာသည်အထိ မစောင့်နိုင်တော့ပဲ နံနက်စောစောအချိန်ထကာ မြတ်စွာဘုရားရှိရာ ရာဇဂြိုဟ်ပြည် သုသာန်အနီး သီတဝန တောအုပ်သို့ သွားရောက်လေတော့တယ်။
အနာထပိဏ်သည် မြတ်စွာဘုရားထံသွားနေစဉ် ဤသို့ စိတ်အကြံ ဖြစ်လေတယ်။ “လောကတွင် ဘုရားအမည်ခံသူများ ပေါများ၏။ ငါသည် ဘုရားကို မမြင်ဘူးပေ။ ထို့ကြာင့် မည်သူ့ဆီသွားရမည် မသိပေ။ အကယ်၍ ဘုရားသည် ငါ၏ ငယ်အမည် သုဒတ္တ ကို သိပြီး ငါ့ကို အမည်ခေါ်၍ နှုတ်ဆက်လျှင် ကောင်းမည်။ ထိုမှသာ မြတ်စွာဘုရားအား ဆည်းကပ် ရလွယ်နိုင်သည်။ မြတ်စွာဘုရားသည်လည်း အစစ်ဖြစ်နိုင်ပေလိမ့်မည်” ဟု အကြံဖြစ်လေတယ်။ မြတ်စွာဘုရားလည်း ထိုအကြံကို သိတော်မူ၏။ ထိုအချိန်တွင် မြတ်စွာဘုရားသည် စင်္ကြံလျှောက်နေလေရာ အနာထပိဏ် သူဌေးကြီးကို မြင်သောအခါ မြတ်စွာဘုရားသည် မြတ်စွာဘုရား၏ နေရာ၌ ထိုင်လေတယ်။ ထို့နောက် `လာ သုဒတ္တ´ ဟု နှုတ်ဆက်စကား ဆိုလိုက်လေတယ်။ ထိုအခါ အနာထပိဏ်သည် သူ၏ ငယ်အမည်ကို တရင်းတနှီးခေါ်သဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်လေတော့တယ်။
သူဌေးကြီးသည် မြတ်စွာဘုရား လွင်တီးခေါင်ပြင်၌ စင်္ကြံလျှောက်နေသည်ကို လာကတည်းကပင် မြင်လေတယ်။ ထို့ကြောင့် မြတ်စွာဘုရားအား “ချမ်းသာစွာ ကျိန်းစက်တော်မူရပါရဲ့လား” ဟု လျှောက်လေတယ်။ ထိုအခါ မြတ်စွာဘုရားသည် “ကာမဂုဏ် တို့၌ မလိမ်းကျံသော၊ ဝဋ်ဒုက္ခမှ ကင်းဝေးပြီးဖြစ်၍ ငြိမ်းအေးသော၊ ကိလေသာကင်းကွာ ချုပ်ငြိမ်းပြီးသူတို့သည် ချမ်းသာစွာ အိပ်ရ၏။ အာရုံငါးပါး၌ တပ်မက်တတ်သော တဏှာကို ပယ်ပြီးဖြစ်၍၊ ကိလေသာအပူကို ငြိမ်းပြီး၍၊ နိဗ္ဗာန်သို့ အရဟတ္တဖိုလ်ဖြင့် ရောက်ပြီး၍ ငြိမ်းချမ်းမှုကို ရပြီးသူသည် ချမ်းသာစွာ အိပ်ရ၏” ဟု မိန့်တော်မူလိုက်လေတယ်။ ထို့နောက် မြတ်စွာဘုရားသည် သစ္စာလေးပါးတရားကို အစဉ်အတိုင်း ဟောကြားလေတယ်။ ထိုအခါ အနာထပိဏ်မှာ သမာဓိဉာဏ်ကို ရ၏။ ထို့နောက် နာမရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယ ပရိဂ္ဂဟဉာဏ်၊ ဝိပဿနာဉာဏ်တို့ကို အဆင့်ဆင့် ရလေတယ်။ နောက်ဆုံးတွင် မဂ်ဉာဏ်ကို ရရှိလို့ သောတာပန်အဖြစ်သို့ ရောက်လေတယ်။
သာဝတ္ထိပြည်တွင် ဝါဆိုရန် မြတ်စွာဘုရားအား အနာထပိဏ်မှ လျှောက်လေသော် မြတ်စွာဘုရားမှ “ဒါယကာ ဘုရားရှင်တို့မည်သည် ဆိတ်ငြိမ်ရာအရပ်မှာသာ ပျော်ပိုက်တော်မူကြကုန်၏”ဟု မိန့်လေသော် အနာထပိဏ်သူဌေးမှာ ကောင်းစွာ သဘောပေါက်၍ သာဝတ္ထိပြည်သို့ ပြန်လာပြီး လမ်းတစ်လျှောက်ရှိ မိတ်ဆွေများကိုလည်း တည်းခိုနားနေရန် ဉယျာဉ်နဲ့ လှူဒါန်းရန် အလှူပစ္စည်းများ စုဆောင်းထားပါ။ လောက၌ အတုမရှိသည့် မြတ်စွာဘုရားပွင့်တော်မူလာလေပြီ။ မြတ်စွာဘုရားက ကျွန်ုပ်၏ ဖိတ်ကြားလျှောက်ထားချက်အရ ဤလမ်းအတိုင်းကြွလာမှာမို့ ပြင်ဆင်ထားရခြင်းဖြစ်တယ်လို့ ဆိုလေတယ်။
သို့နှင့် သာဝတ္ထိသို့ ပြန်ရောက်သော် ပတ်ဝန်းကျင်မြို့ရွာတို့နှင့် မနီးလွန်းမဝေးလွန်းခြင်း၊ သွားလမ်း၊လာလမ်း ပြည့်စုံခြင်း၊လူတိုင်း သိရှိလိုသောအခါ သွားလာရန် လွယ်ကူခြင်း၊ မြို့သံ၊ လူသံ၊ ရွာသံတိတ်ဆိတ်ခြင်းဟူသော အင်္ဂါရပ်တို့နှင့် ပြည့်စုံသော နေရာကိုရှာဖွေရာ ဇေတမင်းသားပိုင်ဆိုင်သော ဉယျာဉ်တော်ကို ရှာတွေ့လေတယ်။
ထိုအခါ ဇေတမင်းသားထံ သွားရောက်လို့ ဤဉယျာဉ်တော်အား ဈေးဖြတ်ရောင်းချပေးရန် တောင်းခံလေတယ်။ ဇေတမင်းသားက “ငါ၏ ဉယျာဉ်ကို အသပြာချင်အစွန်းထိအောင်ခင်းသဖြင့်လည်း မပေးနိုင်ပါ။”လို့ ဆိုလေတယ်။ အနာထပိဏ်မှာလည်း မင်းသားလေး အခုလို ဆိုခြင်းက ဉယျာဉ်ကို ဈေးဖြတ်ရန် ဆိုလိုက်ခြင်းနဲ့ အတူပါပဲလို့ ပြန်လည်ချေပလေတယ်။ သို့နှင့် သူတို့နှစ်ဦး ဉယျာဉ်ရောင်းဝယ်ရန် စကားဆိုခြင်း၊မဆိုခြင်းနဲ့ ပြဿနာဖြစ် ငြင်းခုံကြရာ တရားရုံးတော်က မင်းသားလေး စကားဟာ ဈေးဖြတ်ရန် စကားမှန်ကြောင်း ပြောလေတော့မှ အနာထပိဏ်လည်း အနိုင်ရသွားလေတယ်။ ထိုကြောင့် အနာထပိဏ်ဟာ ဉယျာဉ်တော်ကို ဝယ်ရန် ရွှေဒင်္ဂါးများကို လှည်းဖြင့်တိုက်လျှက် ဇေတဉယျာဉ်အစွန်းထိအောင် ခင်းစေတယ်။ ဉယျာဉ်အတွင်းရှိ ပန်းပင်၊ ရေကန်တို့ အတိုင်းအရှည်ကို တိုင်းထွာပြီးလည်းခင်းစေရာ စုစုပေါင်း ရွှေဒင်္ဂါး (၁၈)ကုဋေကုန်လေတယ်။
ဤသို့ အနာထပိဏ် စိတ်အားထက်သန်စွာ ပြုနေသည်ကို ဇေတမင်းသားမြင်သော် မကောင်းမှုအတွက် ဉယျာဉ်ကို လိုသည်တော့ မဖြစ်တန်ရာ ကောင်းမှုအတွက်သာဖြစ်မည်ဟု သဘောတွေ့လျက် ဒီနေရာကို သူလှူပါတယ်လို့ ဆိုလာတယ်။ ထိုအခါ အနာထပိဏ်လည်း သဘောတူ၍ ဇေတမင်းသားအား ဘုံ(၇)ဆင့်ရှိသော ကျောင်းတိုက်မုခ်ဉီးပြာသာဒ်ကြီးကို ဆောက်လုပ်လှူဒါန်းစေတယ်။ ထို့နောက်တွင်မှ အနာထပိဏ်ဟာ ဉယျာဉ်အတွင်း မြတ်စွာဘုရားရှင်သီတင်းသုံးရန် ဂန္ဓကုဋိတိုက်နှင့်တကွ အရံကျောင်းတော်များ၊ ကျောင်းမုခ်ဦးပြာသာဒ်ကြီးများ၊ သံဃာတော်များ စုဝေးရာ တန်ဆောင်းတန်းများ၊ မီးတင်းကုပ်များ၊ ကပ္ပိယကုဋီကျောင်းများ၊ စင်္ကြန်များ၊ ရေချိုးရုံများစသည်ကို ပြည့်စုံစွာ ဆောက်လုပ်လှူဒါန်းလေတယ်။
ဆောက်လုပ်ပြီးစီးသောအခါ အနာထပိဏ်သူဌေးမှာ မြတ်စွာဘုရားထံ တမန်တော်စေလွှတ်၍ ပင့်စေတယ်။ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ကြွရောက်ပြီး အနာထပိဏ်သူဌေးကြီး၏ ဇေတဝန်ကျောင်းလွှတ်ပူဇာပွဲကို ချီးမြှင့်ခဲ့လေတယ်။ အနာထပိဏ်မှာ ဇေတဝန်ကျောင်းဆောက်လုပ်ခြင်းအတွက် ရည်ရွယ်၍ လှူဒါန်းခဲ့သော ပမာဏမှာ (၅၄)ကုဋေသော အသပြာဖြစ်လေတယ်။ထိုအလှူမှအစပြု၍ အနာထပိဏ်ပြုခဲ့သော ဂေါတမမြတ်စွာဘုရား သာသနာအတွင်း အလှူဒါနများသည် အနာထပိဏ်အား အလှူအတန်းအရာ၌ ဧတဒဂ်ရသည်အထိပင် ဖြစ်လေတယ်။ ထိုကဲ့သို့ ဧတဒဂ်ရရန်လည်း အနာထပိဏ်မှာ ပဒုမုတ္တရဘုရားလက်ထက်ကတည်းက ဒါယကာဆုပန်ခဲ့ခြင်းဖြစ်လေတယ်။
#credit