ကိုရီးယား ပဲခေါက်ဆွဲ Jjajangmyeon (Noodles in Black Bean Sauce)လေး လုပ်စားကြရအောင် ။ဝက်သား မစားသော သူများ ကြက်အသားကြီးပဲကို အစားထိုး အသုံးပြုလို့ရပါတယ် ။ ဘာသားမှ မထည့်ပဲ သက်သက်လွတ် ပြုလုပ်ပြီး စားသုံးလို့လဲ ရပါတယ် ။ ကြက်ဥပြုတ် တစ်လုံး ထည့်ပြီး စားသုံးလို့ ရပါတယ်
ပါဝင်ပစ္စည်းများ
ဝက်သား – အနည်းငယ်
ကိုရီးယား ပဲအနှစ် (Choonjang) – ၄ ဇွန်း (စားပွဲတင်ဇွန်း)
ဆီ – ၄ ဇွန်း (စားပွဲတင်ဇွန်း)
သကြား – ၂ ဇွန်း (စားပွဲတင်ဇွန်း)
ခရုဆီ – ၁ ဇွန်း (စားပွဲတင်ဇွန်း)
ပြောင်းဖူးဖလာမှုန့် – ၂ ဇွန်း (စားပွဲတင်ဇွန်း)
ကြက်သွန်နီ – ၂ လုံး (ပါးပါးလှီးထားပါ)
ဇူကီနီ (Zucchini) – 1 လုံး
အာလူး – ၂ လုံး
ဂျပန်သခွားသီး – အနည်းငယ်
ရေ – အနည်းငယ်
ပြုလုပ်အနည်း
ပထမဦးစွာ ဒယ်အိုးထဲသို့ ဆီထည့်ပြီး ကြက်သွန်နီတစ်လုံးကို ပါးပါးလှီး၍ ကြက်သွန်နီ နီရဲပြီး ကျွမ်းသွားသည်ထိ ဆီသတ်ပါ (အနံ့ပဲ ယူတာ ဖြစ်ပါတယ်) ။ ကြက်သွန်နီ အဖက်များကို ဆယ်ထုတ်ပြီး လွင့်ပစ်လိုက်ပါ ။
ဆီထဲသို့ ပုံတွင် ဖော်ပြထားသော ကိုရီးယား ပဲအမဲရောင် အနှစ် ၊ စားပွဲတင်ဇွန်း ၄ ဇွန်း ထည့်ပြီး မီးအေးအေးနှင့် နှံ့အောင် မွှေပေးပါ ။ ထို့နောက် အိုးထဲမှ ဆီများအား ဇွန်းဖြင့် အသာခပ်ထုတ်ပြီး ပန်းကန်လုံး တစ်ခုထဲ ထည့်ထားပါ ။
ဒယ်အိုးထဲမှ ပဲအနှစ်ထဲသို့ သကြား စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး နှံ့အောင် မွှေပေး၍ မီးပိတ်ထားလိုက်ပါ ။
ဝက်သားကို သေးသေးလေးတွေ တုံးပြီး ဖယ်ထားတဲ့ ဆီဖြင့် ကြော်ပါ ။ ဆီနဲလျှင် ဆီအနည်းငယ် ထပ်ထည့်လို့ ရပါတယ် ။
အသားနူးသွားပါက ပါဝင်ပစ္စည်းများ ဖြစ်တဲ့ (ကြက်သွန်နီ ၊ ဇူကီနီ ၊ အာလူး)တို့ကို ပုံတွင် ပြထားသည့် အတိုင်း အတုံးလေးများ တုံးပြီး ၊ အသားဖြင့် ရောလှိမ့်ပါ ။ ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ပါ ။
ထို့နောက် ပြောင်းဖူး ဖလာမှုန့် (ပြောင်းဖူးပုံပါတဲ့ အကြော်မှုန့်) မရှိပါက အခြားဂျုံ မှုန့် ၂ ဇွန်းကို + ရေ ၃ ဇွန်းဖြင့် ဖျော်ပြီး ထည့်ပေးပါ ။
ပထမဆုံး ဆီသတ်ထားတဲ့ ကိုရီးယား ပဲအနှစ်ပါ ရောထည့်ပြီး မွှေပေးပါ ။ ရေအနည်းငယ် ထည့်ပါ ။ အရသာ မြည်းကြည့်ပြီး အာလူး နှင့် အသီးအနှံများ နူးလျှင် ပြုတ်ထားသော ခေါက်ဆွဲပေါ်သို့ လောင်းထည့်ပြီး အသင့် စားသုံးနိုင်ပါပြီ ။
မှတ်ချက် – ခေါက်ဆွဲကတော့ မိမိကြိုက်နှစ်သက်တဲ့ခေါက်ဆွဲသုံးပါ။ အပေါ်တွင် ဂျပန်သခွားသီးကို ပါးပါးလှီး အလှဆင်ပြီး စားသုံးနိုင်ပါပြီ ။
#Credit