မြင်းခွါရွက်ဟာ ကျန်းမာရေးအတွက် အရမ်းကောင်းတဲ့ အစာလည်းဟုတ် ၊ ဆေးလည်း ဟုတ်ပါတယ်။ အာရုံကြော အားဆေးရည်တို့လည်း လုပ်ပါတယ်။ မျက်စိအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ မြင်းခွါရွက်ကို ဖျော်ရည်အနေနဲ့လည်း သောက်ကြပါတယ်။
- အရည်ညှစ် သကြား၊ ပျားရည်တို့နဲ့ရောပြီး နေ့တိုင်းသောက်ရင် ခွန်အားတိုးတက်စေတယ်တဲ့။
- ငရုတ်ကောင်း၊ ပျားရည်တို့နဲ့ စပ်ပြီး သောက်ရင် အသက်ရှည်တယ် ၊ အနာရောဂါကင်းတယ်တဲ့။
- အခြောက်လုပ်၍ လက်ဖက်ရည်ခါးလို သောက်သုံးရင် သွေးတိုးရောဂါကို သက်သာစေတယ်တဲ့။
- အရွက်ကိုအရည်ညှစ်ပြီး အရေပြားရောဂါများအတွက် လိမ်းကျံခြင်း စားသောက်ခြင်းဖြင့် ပျောက်ကင်း စေနိုင်တယ်တဲ့။
- အရွက်ကို ကြိတ်ပြီး ရုတ်တရက် ထိခိုက်ရှနာ ၊ ရောင်ရမ်းရင် လိမ်းကျံပေးပါက ပျောက်ကင်းတယ်တဲ့။
- ဖျော်ရည်လုပ်သောက်ပါက သွေးဝမ်းသွားခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးမှာသွေးပါခြင်း တို့ပျောက်ကင်းတယ်တဲ့။
- အရည်ညှစ် ၊ ရေနံဆီနဲ့ ဆတူရောစပ်ပြီး လိမ်းကျံပေးခြင်းဖြင့် ခြေဆစ် လက်ဆစ်တွေမှာဖြစ်တတ်တဲ့ လေအဖုအကျိတ်များ ပျောက်ကင်းတယ်တဲ့။
- အမှုန့်ကို နည်းနည်းအပူပေးပြီးတော့ ရင်ဘတ်မှာ လိမ်းကျံပေးပါက ကလေးတွေ ချောင်းဆိုးရောဂါ၊ အဆုတ်နာရောဂါ ပျောက်ကင်းတယ်တဲ့။
- အရည်ညှစ်ပြီး လက်ဖက်ဇွန်းနဲ့ တစ်ဇွန်းခန့်တိုက်ပေးရင် ကလေးတွေ အအေးမိခြင်း ၊ လေပြွန်ချောင်းပူခြင်းတို့ ပျောက်ကင်းတယ်တဲ့။ ဝမ်းသက်ပြီး သလိပ်တွေလည်း ရှင်းတယ်
မြင်းခွါရွက် ရခိုင်လိုသုပ်နည်း
မြင်းခွါရွက်လေးကို သေချာဆေးပြီး အရွက်လေးတွေရွေးထားပေးပါ။ ပင်ပေါက်လေးတွေဆိုရင်တော့ ဆေးပေးပြီးရင်ကို သုပ်ဖို့အဆင်သင့်ဖြစ်ပါပြီ။ နည်းနည်းကြီးရင်တော့ သေးသေးလေးတွေ ဖြစ်အောင်ညှပ်ပေးရမှာပါ။ အရွက်စိမ်းစိမ်းကြီးကြီး ရင့်ရင့်လေးတွေဆိုရင်တော့ သုပ်တဲ့အခါ အခါးသက်သာအောင် ဆားနဲ့ ဖွဖွလေးနယ် ဆေးထားပေးရမှာပါ။ ငရုတ်သီး နဲ့ ငပိအနည်းငယ်ကို မီးကင်ပေးပါ။ ကြက်သွန်ဖြူအခွံခွါထားပါ။ ငရုတ်သီးနဲ့ ငပိကို ကြက်သွန်ဖြူ ၊ ငရုတ်ကောင်းလေးထည့်ပြီး ထောင်းပေးရုံပါပဲ။ ထောင်းပြီးသွားပြီဆိုရင် သုပ်ဖို့အဆင်သင့်ဖြစ်ပါပြီ။ သုပ်မယ့်ပန်းကန်ပြားလေးထဲကို ရေဆေးပြီး အဆင်သင့်ဖြစ်နေတဲ့ မြင်းခွါရွက်လေးကို ထည့်ပေးပါ။ ထောင်းထားတဲ့ ငရုတ်သီး ငပိထောင်းလေးကို ထည့်ပါ။ မကျည်းနှစ်ဖျော်ထည့်ပေးပါ။ ဆား ၊ အရသာမှုန့် အနည်းငယ်ထည့်ပြီးရင် ရောနယ်ပေးရုံပါပဲ။
အစားအသောက်ကို ဖွယ်ဖွယ်ရာရာ စေတနာထား ချက်ပြုတ်ခြင်းဟာ အနုပညာတစ်မျိုးပါ။
Credit : အစားအစာကမ္ဘာ