Home COOKING ပဲကြာဆံသုပ်

ပဲကြာဆံသုပ်

25

ကြာဆံဆိုရင် မြန်မာအများစုက ကြော်စား ၊ သုပ်စား ဖို့အတွက် ဆန်ကြာဆံကို သုံးတတ်ကြပေမယ့် ရခိုင်တွေကတော့ ပဲကြာဆံကိုပဲ သုံးတတ်ကြပါတယ်။ ရခိုင်ပြည်မှာ ကြာဆံဆိုရင် ပဲကြာဆံကိုပဲ ပြေးမြင်တတ်ကြပါတယ်။ ရခိုင်တွေနဲ့ ဆန်ကြာဆံဟာ တစိမ်းပြင်ပြင် ဖြစ်နေတတ်ပါတယ်။ ရခိုင်တွေ ခေါက်ဆွဲ ၊ ကြာဆံသုပ်နည်းဟာ တူတူပါပဲ။ မြန်မာတွေက ပဲပြား ၊ အာလူး ၊ ဂေါ်ဖီပါးပါးလှီး ၊ ရှောက်ရွက်ပါးပါးလေး ၊ သခွါးသီးနဲ့ ငရုတ်ဆီ ၊ ငရုတ်သီးအကျက်မှုန့်လေးနဲ့ သုပ်တတ်ကြပေမယ့် ရခိုင်တွေကတော့ ငရုတ်သီးအနီကိုဆီချက်ပြီး ရလာတဲ့ အနှစ်လေးနဲ့ သုပ်တတ်ကြပါတယ်။

သုပ်နည်းလေး

ပဲကြာဆံကို ရေနဲ့ အချိန်တော်ကြာစိမ်ထားပြီးမှ ရေပွက်ပွက်ဆူနေတဲ့အိုးထဲ ထည့်ပြုတ်ပေးပါ။ ပဲကြာဆံကျက်ပြီဆိုရင်တော့ ဆယ်ထားလိုက်ပါ။ ကြက်သွန်နီ ကြက်သွန်ဖြူ ပါးပါးလှီးပြီး ဆီချက်ပါ။ ကြက်သွန်လေးတွေ အဝါရောင်သန်းပြီး ကြွပ်လာပြီဆိုရင် ဆယ်ထားပါ။ ငရုတ်သီးအခြောက်ထောင်းထားတာကို ဆီချက်ပါ။ ငပိအနည်းငယ်ထည့်ပေးက အရသာပိုကောင်းပါတယ်။ ငရုတ်သီးအနှစ်ကို ချက်တဲ့ခါ ဘာမှအထူးအထွေထည့်ပေးစရာမလိုပါ။ ဆီနည်းနည်းကို ချက်လိုက် ၊ ဆီကျက်ပြီဆို ထောင်းထားတဲ့ ငရုတ်သီးအနှစ်ကိုထည့်ပြီး မွှေပေးပါ။ ငရုတ်သီးအနံ့လေး ပျောက်လာပြီဆိုမှ ငပိမဆိုစလောက်လေးထည့်မွှေပေးလိုက်ပါ။ ပြီးမှ ရေထည့်ပြီး ရေခမ်းအောင်ထိ တည်ပေးထားပါ။ ငရုတ်သီးရဲ့ စူးတူးတူးအနံ့လေး ပျောက်ပြီဆိုရင်တော့ ရပါပြီ။ နည်းနည်း ဆီပြန်အောင်ထားလိုက်ပါ ။ သုပ်စားဖို့ အဆင်သင့်ဖြစ်ပြီ။ ဒီနည်းအတိုင်း ခေါက်ဆွဲကိုလည်း သုပ်စားလို့ရပါတယ်။ ဆိုင်တွေမှာတော့ သက်သတ်လွတ်သမားတွေ စားရအောင် ငပိမပါဘဲ ချက်တတ်ပါတယ်။ အာလူးကို နဲ့ ကြက်ဥကို ပြုတ်ပေးပါ။ ကျက်ပြီဆိုရင်တော့ အခွံခွါထားပါ ။ ကြက်သွန်နီပါးပါးလှီးထားပါ ။ မကျည်းနှစ်လေး ဖျော်ထားပါ။ အစာတွေအဆင်သင့်ဖြစ်ပြီဆို သုပ်ပါတော့မယ်။

ထည့်သုပ်မယ့် ခွက်ထဲကို ကြက်ဆံလိုသလောက်ထည့်ပါ။ ငရုတ်သီးဆီကျက်ထည့်ပေးပါ။ အာလူးကို ခြေပြီးနယ်ပေးပါ။ ကြက်ဥကို အကွင်းလေးတွေလှီးပြီး ထည့်ပါ။ မကျည်းနှစ်လေးလိုသလောက်ထည့်ပေးပါ။ ဆီကျက်အနည်းငယ်ထည့်ပါ။ ငံပြာရည်နဲ့ အရသာမှုန့်ထည့်ပါ။ ပြီးရင်တော့ သမအောင်ရောနယ်ပေးလိုက်ပါ။ ကြက်သွန်စိမ်း ၊ ကြက်သွန်ကြော်လေး ဖြူးပေးလိုက်ပါ။

အစားအသောက်ကို ဖွယ်ဖွယ်ရာရာ စေတနာထား ချက်ပြုတ်ခြင်းဟာ အနုပညာတစ်မျိုးပါ။

Credit : အစားအစာကမ္ဘာ