၁- ကြောင်လျှာသီးသုပ်
ကြောင်လျှာသီးပါးပါးလှီးပီး ရေဗွမ်းဗွမ်းဆူတဲ့အထဲကို ကြောင်လျှာသီးထည့်၍ ၁ မိနစ်ပြုတ်ပီး ဆယ်ပါ။ ပီးရင် ရေညှစ်လိုက်ပါ။
- ကြောင်လျှာသီး
- သံပုရာသီး,ငရုတ်သီးစိမ်းထောင်း,ကြက်သွန်နီ,
- ပုစွန် ငါးပိ,ပုစွန်ခြောက်မှုန့်
- ကြက်သွန်နီ ဆီချက်ဖပ် နှင့် ဆီ
- ငံပြာရည်,အရသာမှုန့်
အားလုံးရောနယ်ပီး ချဉ်ငံစပ်လေးသုပ်ပါ။ အချို့ကတော့ ပါးပါးလှီး,ဆားနဲ့နယ်, ရေဆေးပီး အစိမ်းအတိုင်းကို မြေပဲဆံနဲ့ သုပ်စားကြပါတယ်။
၂- ကြောင်လျှာသီး မီးဖုတ် ချဉ် ငံ စပ် ချက်
ကြောင်လျှာသီးကို မီးဖုတ်ပီး ပိုင်းထားပါ။ ကြက်သွန်ဖြူ,နီ,ငရုတ်သီးအစိမ်းမှုန့် ရွနေအောင်ဆီသတ်ပီး ကြိတ်ထားတဲ့ ခရမ်းချဉ်သီးကို ဆီသတ်ပီး မွှေးလာရင် ကြောင်လျှာသီး မီးဖုတ်ထည့်ပီး,ရေအနည်းငယ်ထည့်ပါ။ မကျီးသီး အဖပ်လေးများ နွှင်ထည့်ပါ။ ငရုတ်သီးစိမ်း လေးစိပ်ကွဲ ထောင်းထည့်ပါ။ အရသာမှုန့်,ဆား ထည့်ပါ။ ဆီပြန်, ရေကျန်လေး အိုးချစားသုံးပါ။
၃- ကြောင်လျှာသီး ချဉ်ဖပ်
ဆန်ဆေးရည် ခံထားပီး ၁ ည အချဉ်ခံထားပါ။ ကြောင်လျှာသီးကို မထူမပါးလှီးပီး ပုလင်းထဲထည့်ပါ။ ဆားထည့်ပီး ဆန်ဆေးရည်အပေါ်ယံ အရည်ကြည်ထည့်ပါ။ ရေပေါ် ပေါလောပေါ်မနေအောင် ပုလင်းဝမှာ ငှက်ပျောရွက်ကို ကျစ်ကျစ်ခေါက်ပီး ဖိထည့်ပါ။ ပုလင်းအဖုံးကို ပိတ်ထားပေးပါ။ သုံး လေးရက်ကြာရင် ချဉ်ဖပ်ရပါပီ။ ဘာချဉ်ဖပ်ပဲလုပ်လုပ် ရေပေါ် ပေါလော ပေါ်မနေစေပဲ ရေထဲမြုပ်နေအာင် ပုလင်းဝမှာ ငှက်ပျောရွက်ကို ကျစ်ကျစ်ခေါက်ပီး ဖိထည့်ထားပေးပါ။
မှတ်ချက်။ ။ ရှာလကာရည် ၁ ဆ၊ ရေ ၄ ဆ နှင့် ဆားထည့်ဖျော်ပြီး ချဥ်ဖပ်စိမ်စားလို့လည်း ရပါတယ်။
၄- ကြောင်လျှာသီး အစပ်ချက်
ကြောင်လျှာသီး ခပ်နုနုကို ပါးပါးလှီး၊ ဆားနဲ့နယ်ပီး ၁၀ မိနစ်ခန့်ကြာရင် ရေဆေး၊ ရေညှစ်ပစ်ပီးနောက် ပုစွန်ငါးပိ၊ ပုစွန်ခြောက်မှုန့်၊ ငရုတ်သီး အစိမ်းတောင့်ထောင်း၊ အရသာမှုန့် (အားလုံးထည့်ပီး နယ်ထားပေးပါ။) ကြက်သွန်ဖြူ၊ နီ ကို ရွနေအောင်ဆီသတ်ပီးရင် အရသာနယ်ထားတဲ့ ကြောင်လျှာသီးထည့်မွှေပါ။ ရေအနည်းငယ် ထည့်ပီး အဖုံးအုပ်ထားပါ။ ကြောင်လျှာသီးနူးရင် အိုးချ စားသုံးနိုင်ပါပီ။ (အနီသီးက ပိုခါးတာကြောင့် အဖြူသီး ခပ်နုနုသာချက်ပါ။)
၅- ကြောင်လျှာပွင့်သုပ်
ကြောင်လျှာပွင့်ကို ပြုတ်၊ ရေညှစ်ပီး ပါးပါးလှီး ကြက်သွန်နီ ပါးပါးလှီး ကြက်သွန်နီ ဆီချက်ဆီနှင့် ဆီချက်အဖပ် မြေပဲဆံလှော်ထောင်း၊ ပုစွန်ခြောက်မှုန့်၊ ငံပြာရည်၊ အရသာမှုန့်၊ သံပုရာသီး အားလုံးရောနယ်၍ သုပ်ပီး အစပ်ကြိုက် ရင် ငရုတ်သီးစိမ်းတောင့်လေး ကိုက်စားပါ။ ခါးသက်သက်အရသာကြိုက်သူများအတွက် ကြောင်လျှာပွင့်သုပ်က အရမ်းစားကောင်းပါတယ်။
ကြောင်လျှာပွင့်က လတ်လတ်ဆတ်ဆတ်အပွင့်ကို သုပ်စားလို့ရသလို ပွင့်ခြောက်လေး သုပ်စားလို့လည်း ရပါတယ်။ ကြောင်လျှာပွင့်သုပ်ဟာ ခါးသက်သက်အရသာရှိပေမယ့် နားလေထွက်ခြင်း, နားအူခြင်းများအတွက် အထူးသင့်လျှော်ပါတယ်။
၆- ကြောင်လျှာသီး အချိုချက်
ကြောင်လျှာသီး ခပ်နုနုကို ပါးပါးလှီး၊ ဆားနဲ့နယ်ပီး ၁၀ မိနစ်ခန့်ကြာရင် ရေဆေး၊ ရေညှစ်ပစ်ပီးနောက် ပစွန်ခြောက်မှုန့်၊ ငံပြာရည်၊ အရသာမှုန့်နဲ့ နယ်ထားပါ။ ကြက်သွန်နီ ပါးပါးလှီးပီး ပျော့လာအောင် ဆီသတ်ပီးရင် အရသာနယ်ထားတဲ့ ကြောင်လျှာသီးထည့်မွှေပါ။ ရေအနည်းငယ်ထည့်ပီး အဖုံးအုပ်ထားပါ။ ကြောင်လျှာသီးနူးရင် အိုးချ စားသုံးနိုင်ပါပီ။ (အနီသီးက ပိုခါးတာကြောင့် အဖြူသီး ခပ်နုနုသာချက်ပါ။)
၇- ကြောင်လျှာရွက်နုသုပ်
ရေဗွမ်းဗွမ်းဆူတဲ့ အထဲကို ကြောင်လျှာရွက်နု ထည့်၍ ၁ မိနစ်ပြုတ်ပီး ဆယ်လိုက်ပါ။ ပီးရင် ရေညှစ်၍ ပါးပါးလှီးကာ သံပုရာသီး၊ ကြက်သွန်နီ၊ ပုစွန်ခြောက်မှုန့်၊ ကြက်သွန်နီ ဆီချက်ဖပ် နှင့် ဆီ၊ ငံပြာရည်၊ အရသာမှုန့် အားလုံးရောနယ်ပီး ချဉ်ငံစပ်လေးသုပ်ပါ။ ပုစွန် ငါးပိထည့်သုပ်လည်းရပါတယ်။ အစပ်စားလိုက ငရုတ်သီးစိမ်း လှီးထည့်၍ သုပ်ပါ။