ရွှေရင်အေးမှာက သာကူ၊ မုန့်လက်ဆောင်း၊ ကျောက်ကျော အပြင် ကောက်ညှင်းပေါင်း၊ ပါမုန့်တို့ စုံလင်စွာ ပါ၀င်ပါတယ်။ အုန်းနို့လေးနဲ့မို့ ချိုစိမ့်တဲ့ အရသာလေးကို ရရှိမှာပါ။ လုပ်နည်းလေးကို ကြည့်ရအောင်…

–ရွှေရင်အေး မလုပ်ခင် ကျောက်ကျော အရင်လုပ်ကြရအောင်
ကျောက်ကျောတွင် ပါ၀င်သော ပစ္စည်းများ

  • ဂါးဂါး ကျောက်ကျော – ၁ထုပ် (အထုပ်သေး)
  • သကြား – ၂၅ကျပ်သား
  • အုန်းနို့(Coconut Cream) – ဘူးကြီး တ၀က်
ကျောက်ကျော ပြုလုပ်နည်း

  • ဒယ်အိုး အကြီး တစ်အိုးထဲသို့ ရေသန့်ဘူး တစ်ဘူး မျှ ရေများကို ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။
  • ပြီးမှ သကြား အားလုံးကို ဒယ်အိုးထဲထည့်ပြီး ပျော်အောင် တည်ထားပါ။
  • ထို့နောက် ကျောက်ကျော ထုပ်ကို ရေအနည်းငယ် ရောမွှေပြီး ဒယ်အိုးထဲထည့်၍ ညောင်းစေးသည်အထိ မကြာမကြာရောမွှေပေးပါ။
  • ညောင်းစေးလာလျှင် အုန်းနို့များကို ထည့်ပြီး ရောမွှေလိုက်ပါ။
  • ပြီးလျှင် ကျောက်ကျောရည်များကို ဗန်းထဲသို့ လောင်းချပြီး အအေးခံထားပေးပါ။

မှတ်ချက်။ ။ ကျောက်ကျော ၂ထပ်လုပ်ချင်ပါက အုန်းနို့မထည့်ခင် ကျောက်ကျောရည် တ၀က်ကို ဗန်းထဲ အရင် လောင်းချလိုက်ပါ။ ပြီးမှ အုန်းနို့ထည့်ပြီး ကျန်ကျောက်ကျောရည် တ၀က်နဲ့ရောမွှေ၍ အပေါ်မှ ထပ်လောင်းချပေးလိုက်ရင် ရပါပြီ။

ရွှေရင်အေး တွင်ပါ၀င်သောပစ္စည်းများ

  • မုန့်လက်ဆောင်းဖတ် – ၁ပြည်
  • သာကူစေ့ (လုံးသေး) – ၂၀၀ဂရမ်
  • ကောက်ညှင်းပေါင်း – ၁၀ကျပ်သား
  • ကျောက်ကျော
  • အုန်းသီး – ၁လုံး (အရည်ညှစ်ပြီသား)
  • သကြား – ၃၀ကျပ်သား
ရွေရင်အေး ပြုလုပ်နည်း

  • အုန်းရည်များကို သကြားများဖြင့် သကြားအရည်ပျော်သည်အထိ ဇွန်းဖြင့် ခပ်နာနာလေး မွှေပေးထားပါ။
  • ပြီမှ သာကူကျိုပါမည်။ သာကူကျိုရန်အတွက် ဒယ်အိုး ၁အိုးထဲသို့ ရေပွက်ပွက်ဆူလာမှ သာကူများကို ထည့်ပြီး အဆက်မပြတ်မွှေပေးနေပါ။ သာကူစေ့များကို မပြဲစေပါနှင့်။ မမွှေပေးပါက သာကူစေ့များကပ်သွားပါလိမ့်မည်။
  • သာကူထဲမှ အဆံလေးများ မရှိတော့လျှင် ရပါပြီ။ ရပြီဆိုလျှင် ဇကာဖြင့် ပြန်ဆယ်ထားပေးပါ။
  • ထို့နောက် ပန်းကန်တစ်ခုထဲ သာကူ၊ ကျောက်ကျော၊ မုန့်လက်ဆောင်းဖတ်၊ ကောက်ညှင်းပေါင်း၊ ပါမုန့်တို့ကို တပွဲစာစီပြင်လိုက်ပါ။
  • ပြီးမှ အုန်းနို့ရည် ယောက်ချိုဇွန်းနှင့် ၁ဇွန်းခန့်ထည့်ပြီ ရွှေရင်အေးကို ရေခဲတုံးလေးများ ထည့်ကာ သုံးဆောင်နိုင်ပါပြီ…