Home HERO OF MYANMAR ဘုရင့်နောင်

ဘုရင့်နောင်

16

ဘုရင့်နောင်(အေဒီ ၁၅၁၅-၁၅၈၁)ကို ဟံသာ၀တီဆင်ဖြူများရှင် အဖြစ်လည်း အသိများပါသည်။ တပင်ရွှေထီး အစပျိုးခဲ့သည့် ဒုတိယ ပြည်ထောင်စုမြန်မာနိုင်ငံကြီး တည်ထောင်ရေးကို အဆုံးတိုင် အောင်မြင်စေခဲ့သည် သာမက ပတ်၀န်းကျင်ရှိ တိုင်းပြည်များကိုပါ ရိုသေခံ့ညားအောင် ဘုန်းတန်ခိုးကြီးသည့် ဘုရင် ဧကရာဇ်တစ်ပါး ဖြစ်သည်။ ဦးကုလား၊ မှန်နန်းရာဇ၀င် အစရှိသည့် ရာဇ၀င်ကျမ်းများတွင် ဘုရင့်နောင်သည် မင်းမျိုးမှန်သူဟု ဆွေမျိုးစဉ်ဆက် ပြဆိုကြသော်လည်း မွန်၊ ရခိုင်နှင့် ယိုးဒယား တို့မှ ရာဇ၀င်ကျမ်းများတွင်မူ သာမန်မျိုးရိုးမှ ဆင်းသက်သူဟုသာ ပြဆိုကြသည်။ မည်သို့ပင် ဖြစ်စေကာမူ ဘုရင့်နောင်ဟု ဆိုလိုက်လျှင် ၁၆ ရာစု အရှေ့တောင်အာရှသမိုင်းတွင် ကြီးမားသော အပြောင်းအလဲကို ဖြစ်စေသည့် ဘုရင်အဖြစ် အများက နားလည်ကြပေမည်သာ ဖြစ်သည်။ (*ဘုရင့်နောင်လက်ထက်တွင် မွန်၀န်ကြီးဗညားဒလ မှာ ထင်ရှားသည့် အမတ်ကြီးတစ်ပါးဖြစ်သည်။

နောက်ခံသမိုင်းကြောင်း

ဘုရင့်နောင်၊ ငယ်နာမည်ရှင်ရဲထွတ် သည် မင်းကြီးဆွေ(နောင်တွင် တောင်ငူဘုရင်ခံ မင်းရဲသီဟသူ)နှင့် ပင်းယတစီးရှင်အနွယ်တော်၊ တောင်ငူ ကြွယ်စစ်မင်း၏ သမီးတော်အကြီး ရှင်မျိုးမြတ်(သျှင်မျိုးမြတ်)တို့မှ သက္ကရာဇ် ၈၇၇-ခုနှစ် (ခရစ်နှစ် ၁၅၁၅-ခုနှစ်)၊ ဇွန်လ (၂၅)ရက်တွင် ဖွားမြင်သည်။ မိခင်မှာ တပင်ရွှေထီး၏ နို့ထိန်း ဖြစ်သကဲ့သို့ တပင်ရွှေထီးနှင့် ဘုရင့်နောင်မှာ အသက် မကွာလှသဖြင့် နို့စို့ဖက်များ ဖြစ်ကာ တစ်ဦးနှင့် တစ်ဦး အလွန်ပင် ချစ်ခင်ကြသည်။ အရွယ်ရောက်သော် တပင်ရွှေထီး၏ အမတော် သခင်ကြီးနှင့် ငြိစွန်းခဲ့ကြသည်။ မင်းကြီးညို (တပင်ရွှေထီး၏ ဖခင်)မှ သတ်ရန် အမိန့်ချသော်လည်း ဇာတာကောင်းလှသည် ဟုဆိုကာ အပြစ်မှ ချမ်းသာပေးခဲ့သည်။ နောင် မင်းကြီးညို လွန်ပြီး တပင်ရွှေထီး နန်းတက်လျှင် ကျော်ထင်နော်ရထာ ဘွဲ့ပေးကာ အမတော် သခင်ကြီးနှင့် လက်ဆက်ပေးခဲ့သည်။ ထိုမှစကာ တပင်ရွှေထီး၏ နယ်ပယ် ချဲ့ထွင်ရေး စစ်ပွဲများတွင် တိုက်ပွဲတိုင်း ဦးဆောင် ပါ၀င်ခဲ့ရပြီး ၄င်းတို့အနက် နောင်ရိုးတိုက်ပွဲမှာ ကျော်ကြားပြီး ထိုတိုက်ပွဲအပြီးတွင် ကျော်ထင်နော်ရထာဘွဲ့မှ ဘုရင့်နောင်ဘွဲ့သို့တိုးမြှင့်ပေးခြင်း ခံရသည်။ နောက် တပင်ရွှေထီးမှ တရား၀င် အမိန့်ထုတ်ကာ သတ်မှတ်သည် မဟုတ်သော်ငြား အိမ်ရှေ့မင်း စည်းစိမ်ပေးကာ ချီးမြှောက်ခဲ့ပြန်သည်။ ထိုမှတစ်ဖန် တပင်ရွှေထီး အရက်ကြောင့် တိုင်းပြည်အုပ်ချုပ်ရေး လစ်ဟင်းသည့်အချိန်မှ စကာ တိုင်းပြည်ကို တပင်ရွှေထီး ကိုယ်စား အုပ်ချုပ်ပေးရပြန်သည်။ မွန်တို့ သူပုန်ထသောကြောင့် တပင်ရွှေထီး က ဘုရင့်နောင်အား သွားရောက်နှိမ်နှင်းစေရာ ဒလအရောက်တွင် ဟံသာ၀တီနန်းတော်မှ အဝေး တစ်နေရာ၌ မင်းတရားရွှေထီး လုပ်ကြံခံရသည်ကို ကြားရလေသည်။ ထိုသို့ဖြင့် ဘုရင့်နောင်သည် တပင်ရွှေထီး အစပျိုးခဲ့သည့် ဒုတိယ ပြည်ထောင်စုမြန်မာနိုင်ငံကြီး တည်ထောင်ရေး လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ရန် တာ၀န်ကျလာတော့သည်။

တောင်ငူ(၁၅၄၉)

တပင်ရွှေထီးအလွန် တိုင်းပြည် ပြိုကွဲနေစဉ် အခြား မြို့စား၊ ရွာစားများကဲ့သို့ မဟုတ်ဘဲ မြို့ကြီးပြကြီး ပိုင်ဆိုင်မှု မရှိသည့်အပြင် ဟံသာ၀တီနှင့် ဝေးရာ ဒလသို့ ရောက်နေသည့် ဘုရင့်နောင်မှာ အားလုံးထဲတွင် အခြေအနေ အဆိုးဆုံးဟု ဆိုရပေမည်။ သို့သော် အနားတွင် ပညာရှိများ၊ စစ်သူရဲများ ပါရှိတန်သလောက် ပါရှိနေသေးသဖြင့် တိုင်ပင်၊ ဆွေးနွေးပြီး လက်အောက်ရှိ မွန်များကို အနီးအပါးရှိ မြို့ရွာများစားစေကာ နေရစ်စေသည်။

နောက်ပါအင်အားတောင့်တင်းစေရန် အတွက်ပေါ်တူဂီ ကြေးစားဗိုလ် ဒီယိုဂိုဆွာဝါရက်ဇ် ဒီမယ်လို(Diogo Soarez de Mello)ကို အနားခေါ်ကာခစားစေသည်။ထိုသို့အင်အားရှိသမျှ စုစည်းကာ ဒလ မှ ဒဂုံသို့ဦးစွာ ချီတက်သည်။ဒဂုံမှ ဓနုတောမကော်၊ထိုမှ ဟံသာ၀တီသို့မ၀င်ပဲ ဓါးကျွန်တောင်ကို ပတ်ကာချီသည်။ထိုအခါ သမိန်စက္ကဝေါ က ဗညားဒလအားစေလွတ်ပြီး တိုက်ခိုက်စေသော်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းမရှိပေ။ ဟင်းခနွေကိုရောက်မှ မိဖုရားဖြစ်သူ သခင်ကြီး ဝေါစီးကာသွားလာနေသည်ကိုတွေ့မှ ညီတော် တောင်ငူစားသီဟသူ၏ အကြံကိုသိရတော့သည်။ထိုမှ ဆက်လက်ချီတက်ရာ တောင်ငူမရောက်မှီ ရွာသစ်ကြီးကို ဇေယျ၀တီဟုခေါ်တွင်ကာ တပ်ချနေသည်။ထိုသို့ဘုရင့်နောင် တောင်ငူကို သိမ်းရန်ကြံစည်နေချိန်တွင် ဟံသာ၀တီရှိ မွန်မင်း သမိန်စက္ကဝေါ မှာမှူးမတ်များလုပ်ကြံနန်းချခြင်းခံရပြီး သမိန်ထောရာမအားပင့်ဆောင် နန်းတင်ကြသည်။

ထိုသို့ သမိန်ထောရာမ ဟံသာ၀တီတွင်နန်းတက်လျှင် မူလက မင်းတရားရွှေထီး၏ သစ္စာခံများဖြစ်သည့် အဲမွန်ဒယာ၊ စန္ဒာယော်ဓာ အစရှိသည့် မှူးမတ်များလည်း နောက်ပါအင်အားများနှင့်တကွ ဘုရင့်နောင်ထံလာရောက် ခို၀င်ကြသည်။ အရှေ့ဖက်မုတ္တမ မှလည်းအဲပရဲ၊စန္ဒရာသီ၊ဗိုက်ကမြင် အစရှိသည့်မှူးမတ်များလည်း ခို၀င်လာကြပြန်ရာ ဘုရင့်နောင်၏တပ်မှာ အင်အားတိုးပွားလာသလို တောင်ငူသီဟသူမှာ လည်းကြောက်ရွံခြင်း တိုးလာလေသည်။ ထိုနောက် ညီတော်များ၊မှူးမတ်များနှင့် တိုင်ပင်ပြီး တောင်ငူကိုတိုက်ရန်ဆုံးဖြတ်ကြသည်။ ထိုညတွင်ပင် အသီးငါးလုံးရှိသည့် သရက်ခိုင်တွင် အခေါင်ဆုံးအလုံးကို ဆွတ်ယူစားသုံးရသည် ဟုအိမ်မက်မက်ရာ အလွန်ကောင်းသောနိမိတ်ဟု မှတ်ယူလေသည်။

တောင်ငူကိုတိုက်သည့် ကြည်းတပ်တွင် တပ်ပေါင်း ၁၂ တပ်ပါ၀င်ကာ ဆင် ၂၀၀၊မြင်း ၂၀၀၀ နှင့်စစ်သည် ၈၀၀၀၀ ဖြစ်ပြီး ရေတပ်တွင် တပ်ပေါင်း ၆ တပ်ပါကာကတ္ထူလွန်းကြင်လှေ ၁၃၀၊လှော်လားလှေ ၇၀ နှင့် စစ်သည် ၁၆၀၀၀ ပါ၀င်သည်။စစ်စတင်ချီသည့်နေ့မှာ သက္ကရာဇ် ၉၁၂ ၊တော်သလင်းလပြည့်ကျော် ၂ ရက်ဖြစ်သည်။နောက်တောင်ငူကို ၄ လမျှဝိုင်းရံထားရာ တောင်ငူမင်းခေါင်လည်းအကြိမ်ကြိမ် ထွက်တိုက်သည့်တိုင် မအောင်မြင်ပဲ မြို့တွင်းသို့သာ ပြန်ဆုတ်ခဲ့ရသည်။ ကာလကြာသော် မြို့တွင်းသားတို့ ငတ်မွတ်ခြင်း၊မင်းခေါင်ကို မကြည်ညိုသည့်အတွက် ဘုရင့်နောင်ထံသို့ ခို၀င်ကြခြင်း တို့ကြောင့် မင်းခေါင်မှာ အခြွေအရံနည်းပါးလာပြီးနောက်ဆုံးတွင် ဆရာတော်များကို စေလွတ်ကာ စည်းစိမ်မပျက် ချမ်းသာပေးလျှင် အမှုတော်ထမ်းမည့်အကြောင်း အရေးဆိုလာလေတော့သည်။ဘုရင့်နောင်လည်း လက်ခံကာ မြို့ကိုသိမ်းပိုက်ပြီး မင်းခေါင်အားအသက်မှလွတ်သည့်အပြင် စည်းစိမ်မပျက်ချမ်းသာပေးလေသည်။မြို့ကိုရသည့်နေ့မှာ သက္ကရာဇ်၉၁၂ ၊တပို့တွဲလဆန်း ၃ ရက်(၁၅၄၉)ဖြစ်သည်။

ဘိသိက်ခံခြင်း၊ဘွဲ့ထူးများပေးအပ်ခြင်း

တောင်ငူကိုရလျှင် မှူးမတ်များကို ယာယီတဲနန်းတွင်စုရုံးစေကာ ဘိသိက်သွန်းခံလေသည်။ထိုပွဲတွင်
ညီတော်သီရိဇေယျကျော်ထင်အား မင်းရဲစည်သူ
ညီတော် နန္ဒယော်ဓာ အား သတိုးဓမ္မရာဇာ
ညီတော် သီဟသူ(တောင်ငူမင်းခေါင်)အား မင်းခေါင်
ညီတော် ဇေယျနန္ဒအား မင်းရဲကျော်ထင်
အခြားအမှူးအမတ်များကိုလည်း အသီးသီး ဘွဲ့အမည်များပေးလေသည်။
နောက် မိမိတဲနန်းကိုဖျက်ကာ ကျောင်းတော်ကြီးဆောက်၍ဆရာတော် သဒ္ဓမ္မဂုရု အားလှူဒန်းသည်။သရထီးဘုရားညီနောင်အား ရွှေချပူဇော်သည်။

သရေခေတ္တရာပြည်

တောင်ငူကိုသိမ်းယူပြီးလျှင် ဘုရင့်နောင်အနေဖြင့် နောက်သိမ်းယူမည့်ဒေသမှာ အင်း၀၊စစ်ကိုင်း၊ဟံသာ၀တီနှင့် ပြည်ဟူ၍ရှိလေရာ မှူးမတ်များက မွန်တို့ဒေသကို မသိမ်းပိုက်မှီ မြန်မာတို့ကိုသာ များအောင်သိမ်းသွင်းသင့်ကြောင်း လျှောက်သဖြင့် ပြည်ကို ရှေးဦးစွာသိမ်းယူရန် စီစဉ်လေသည်။ ပြည်တွင် မင်းပြုနေသူမှာ တပင်ရွှေထီးလက်ထက်က ပြည်ဘုရင်ခံအဖြစ် ထားသည့် သတိုးဓမ္မရာဇာဖြစ်ပြီး သတိုးသူဘွဲ့ခံထားသူဖြစ်သည်။

သို့ဖြင့် ဆင် ၂၅၀ ၊မြင်း ၃၀၀၀ နှင့် စစ်သည် ၉၀၀၀၀ တို့ကို တပ်ပေါင်း၁၇ တပ် ဖွဲ့ကာ ပြည်ကို ချီတက် တိုက်ခိုက်လေသည်။သို့သော် ပြည်မြို့သည် မြို့ရိုးပြစီးထူထပ်လှသည့်အတွက် စစ်သည်ရဲမတ်အကျအဆုံးများသည်ဖြစ်၍ အဝေးမှပင် ၀န်းရံနေရသည်။နောက် ဘုရင့်နောင်သည် စစ်သည်တို့ ပင်ပန်းမည်ကို စိုး၍ ပြည်မြို့အနီးအပါးဒေသများကို သိမ်းယူသည်။သို့ဖြင့် မြေထဲ၊လယ်ကိုင်း၊မလွန်၊စကု၊မဖဲ၊မြင်ကွန်း၊မင်းတုန်း၊တိုင်တား၊မင်းတပ် မြို့များကို သိမ်းပိုက်ကာ မူလ မြို့စားများကို သစ္စာပေးကာ မူလအတိုင်း ပြန်လည်ခန့်ထားကာ တောင်ငူသို့ပြန်လေသည်။

ထိုသို့တောင်ငူသို့ပြန်ရောက်ပြီး တစ်လ အကြာတွင် တောင်ငူသတိုးသူ၏ ကျွန် ရာဇမနော်ဆိုသူ တောင်ငူသို့ခို၀င်လာပြီး ၊ပြည်ဘုရင်၏ အားနည်းပုံများ၊မှူးမတ်အများမညီညွတ်ပုံတို့ကိုလျှောက်တင်ကာ ဘုရင့်နောင်လည်း အခါအခွင့်သင့်ပြီဟု ဆိုကာပြည်သို့ ဒုတိယအကြိမ် ချီတက်ရန် တပ်ဖွဲ့လေသည်။ ယခုတစ်ကြိမ်တွင် ဆင်၂၅၀၊မြင်း ၃၀၀၀ ၊စစ်သည် ၉၀၀၀၀ ပါ၀င်ပြီး တပ်ပေါင်း ၁၄ တပ်ဖြစ်သည်။စစ်ချီသည့်ရက်စွဲမှာ သက္ကရာဇ် ၉၁၃ ၊တော်သလင်းလပြည့်ကျော် ၆ ရက် ဖြစ်သည်။

ပြည်သို့ချီတက်လာပြီး ပြည်အနီး ပန်းမတူအရောက်တွင် တပ်ချလေသည်။သို့သော် စစ်ဦးချီသည့် ညီတော် တောင်ငူမင်း မင်းခေါင်နှင့်သီရိဇေယျနော်ရထာ တပ်နှစ်တပ်မှာတပ်မချပဲ ပြည်မြို့သို့ချဉ်းကပ်သည်။ ည နှစ်ချက်တီးအချိန်တွင် မင်းခေါင်က စောရန်နှင် ဆင်ကို စီး၍ တောင်တံခါးကို ချိုးဖျက်၀င်ကာ သတိုးသူစံအိမ်တိုင် အရောက်သွားကာ သတိုးသူအား လက်ရဖမ်းလေသည်။ထိုနောက် ဘုရင့်နောင်အားဆက်ရာ ဘုရင့်နောင်က ကွပ်စေသည်။ညီတော် သတိုးဓမ္မရာဇာအား ပြည်ဘုရင့်ခံအဖြစ်ပေးကာ ညီတော် တောင်ငူဘုရင်ခံမင်းခေါင်ကို လည်းစွမ်းစွမ်းတမံ ရှိသည်အတွက် ချီးမွမ်းလေသည်။

အင်း၀

ထိုသို့ပြည်ကိုသိမ်းပိုက်ပြီးလျှင် သာယာ၀တီစားနှင့် ဓနုဖြူစားတို့လည်း နောက်ပါအင်အားများနှင့်တကွခို၀င်လာကြသည်။၁၀ ရက်ကြာပြီးလျှင် ပြည်မှ စလေ၊ပခန်းငယ် နှင့် ပုဂံထိ ချီတက်ရာ ပခန်းငယ်စား၊စလေစားတို့လည်းကြောက်ရွံသည်ဖြစ်သောကြောင့် တပ်မချခင်တွင်ပင် လာရောက်ခစားကြသည်။ပုဂံစားမှာမူတပ်ဦးရောက်သည်နှင့် လာရောက်တိုက်ခိုက်လေသည်။ဘုရင့်နောင်လည်း ကြည်းရေ နှစ်ဖက် အပြင်းတိုက်မှ ပုဂံစားက အသက်ချမ်းသာရန် လျှောက်ထားအညံ့ခံလာသည်။သို့သော်ရာထူးမှ နုတ်ပြီး ဦးရီးတော် မင်းစည်သူအားပုဂံကိုပေးသည်။ပုဂံမှ အင်း၀သို့ ချီတက်ကာမြို့ကို ၀န်းရံနေဆဲမှာပင် တောင်ဖက်ရှိ ပိုင်နက်ဖြစ်သည့် ဟင်းခနွေ ကိုဟံသာ၀တီတပ်များလာရောက်နှောင့်ယှက်သည့်အတွက် တပ်ရုတ်ကာ ဖောင်များလှေများပေါ် ဆင်မြင်း၊စစ်သည်တို့ကိုတင်ပြီး အမြန်စုန်စေသည်။ကျန်ရှိသည်ကြည်းတပ်များကိုလည်း နေ့ည အပြင်းချီစေသည်။မြေထဲရောက်လျှင်ညီတော် မင်းရဲကျော်ထင်အား တောင်ငူစောင့်ရန်နှင့် အင်အားစုရန်စေလွတ်သည်။

ပြည်သို့ရောက်လျှင် ဟံသာ၀တီသို့ချီတက်ရန် စစ်ပြင်ဆင်နေချိန်တွင်မှာပင် အင်း၀မင်း မိုးဗြဲနရပတိစည်သူ သည် စစ်ကိုင်းမင်း စည်သူကျော်ထင်၏ ရန်ကိုမခံနိုင်သဖြင့် သားသမီးများနှင့်တကွ ဆင်မြင်းဆက်သလာကာ ကျွန်ခံလာတော့သည်။ထိုသို့ဖြင့် အင်း၀သည်လည်း ဘုရင့်နောင်၏ အာဏာစက်အောက်ရောက်လေသည်။ဘုရင့်နောင်လည်း မိုးဗြဲနရပတိကို ရာထူးမှမချပဲ စားမြဲစည်းစိမ်ကိုပြန်ပေးထားခဲ့သည်။

ဟံသာ၀တီ(၁၅၅၁)

ထိုနောက် ဟံသာ၀တီသို့ချီရာ ရေတပ်အင်အား ၆ တပ်တွင် တိုက်လှေ ၃၀၀၊တံစွတ်လှေငယ် ၁၀၀၊ရိက္ခာလှေ ၁၀၀ နှင့် စစ်သည် ၄၀၀၀၀ ပါ၀င်ပြီး ညီတော် ပြည်မင်း သတိုးဓမ္မရာဇာမှာ တပ်မှူးချုပ်ဖြစ်သည်။ဘုရင့်နောင် ကိုယ်တိုင်မှာ တောင်ငူသို့ပြန်ပြီး တပ် ၂၂ တပ်၊ဆင် ၄၀၀၊မြင်း ၅၀၀၀ နှင့် စစ်သည် ၁၁၀၀၀၀ ပါ၀င်သည့် ကြည်းတပ်ကြီးဖြင့် ဟံသာ၀တီသို့ ချီသည်။ထိုသို့ဖြင့် ဟံသာ၀တီ နှင့်နီးသော် မှူးမတ်တို့ကလျှောက်တင်သဖြင့် မြင်း ၅၀၀၀ ကိုရှေ့ပြေးစေရာ သမိန်ထောရာမ၏ တပ်မကြီးနှင့်တွေ့ဆုံပြီး မြင်းတပ်များ ပြန်ဆုတ်လာရသည်။

ထိုအခါ ဘုရင့်နောင်လည်း ဥပေါသထဆင်ကိုစီးကာ သမိန်ထောရာမနှင့် စီးချင်းတိုက်ရန် ပြင်ဆင်ရာ ကုန်းလယ်စီး စတုရင်္ဂသူက မြင်းတပ်များကို လက်ဝဲလက်ယာ နှစ်ဖက်စေလွတ်ပြီး ဟံသာ၀တီမြို့ကို မီးတိုက်လျှင် မွန်စစ်သည်တို့ စိတ်ဓါတ်ကျမည်။ထိုသို့စိတ်ဓါတ်ကျလျှင် စစ်ကို လွယ်ကူစွာနိုင်မည်။ ဟုလျှောက်တင်ရာ သဘောကျသဖြင့် မြင်းတပ်များကို နှစ်ဖွဲ့ခွဲကာ ဟံသာ၀တီကို မီးတိုက်ရန်စေလွတ်သည်။ထိုသို့ မီးတိုက်ရာ မွန်စစ်သည်တို့လည်း မိမိတို့အိမ်ကို စိုးရိမ်ကာစိတ်ဓါတ်ကျလေတော့သည်။

ထိုအခါ သမိန်ထောရာမလည်း ချစ်ချင်း အမည်ရှိဆင်ကိုစီးကာ ဘုရင့်နောင်နှင့် စီးချင်းတိုက်ရန် လာလေသည်။ဘုရင့်နောင်လည်း ဆင်တော် ဥပေါသထ ပေါ်မှအသင့်စောင့်ပြီး ရွှေပြားခတ်အင်းပြားကို ဆင်ဦးကင်းတွင် တင်ကာ ရေခရားဖြင့် မြေကိုလောင်းပြီး သစ္စာဆိုလေသည်။ ညီတော် မင်းရဲစည်သူက သမိန်ထောရာမကို စီးကြိုတိုက်သော်လည်း သမိန်ထောရာမ က ဘုရင့်နောင်ထံသို့သာ ဦးတည်ကာ တိုက်လာသည်။ဘုရင့်နောင်လည်းဆင်ကိုချွန်းဖွင့် ပြီးသမိန်ထောရာမ ဆင်နှင့်တိုက်သည်။အတန်ကြာမျှတိုက်ပြီးလျှင် ဥပေါသထဆင်၏ အစွယ်သည် ချစ်ချင်းကိုယ်ထဲသို့ စွယ်လုံးကျွံအောင်ထိုးမိသဖြင့် ချစ်ချင်းပြိုလဲပြီး ဘုရင့်နောင်၏ချွန်းဖြင့်ရိုက်ရာသမိန်ထောရာမ လည်းကျောတွင် ဒဏ်ရာကြီးရသည်။ဥပေါသထဆင်လည်း အစွယ်ကျိုးသည်။ နောက်သမိန်ထောရာမ၏ အမတ်သမိန်ဇိပ်ဗြဲလည်း စွယ်လမန်ဆင်ဖြင့် ဘုရင့်နောင်ကိုတိုက်သည်။ဥပေါသထ ပြန်လှည့်တိုက်သဖြင့် စွယ်လမန် လဲရပြန်သည်။နောက် သမိန်အဲနရဲလည်းဗြတ်ကြီးဟူသည့်ဆင်ကိုစီးကာ တိုက်ရန်လာသည်။ သို့သော် ညီတော်မင်းရဲကျော်ထင်က စီးကြိုတိုက်သဖြင့် ဗြတ်ကြီးလှည့်ပြေးရသည်။

သမိန်ထောရာမလည်း အခြေအနေမဟန်သဖြင့် မြင်းဖြင့် ဟံသာ၀တီသို့ပြေးကာ ဟံသာ၀တီမြို့တွင်းမှ ခုခံရန် ကြံသည်။သို့သော် ဘုရင့်နောင်၏ မြင်းတပ်များက ဟံသာ၀တီတွင် မီးတိုက်ပြီးဖြစ်သဖြင့် ဟံသာ၀တီသို့ မ၀င်နိုင်တော့ပဲ ရသမျှအင်အားကိုစုပြီး အနောက်ဖက်သို့ပြေးလေတော့သည်။သို့ဖြင့် ဟံသာ၀တီလည်း ဘုရင့်နောင်၏ လက်အောက်ရောက်လေသည်။ဟံသာ၀တီတွင် ၁၀ ရက်မျှရန်ကြွင်းရန်ကျန်များကို ရှင်းလင်းပြီးလျှင် ထွက်ပြေးသည့်သမိန်ထောရာမ နောက်သို့လိုက်ရလေသည်။သမိန်ထောရာမလည်း ဓနုဖြူ-ပုသိမ် ဖက်သို့ပြေးပြန်သဖြင့် ပုသိမ်သို့လိုက်ပြန်သည်။ပုသိမ်မရောက်မှီတွင် သမိန်ထောရာမ ဒလ သို့ပြေးပြန်သည်။ ပုသိမ်စားဗြပိုက်လည်း ဘုရင့်နောင်ထံအညံ့ခံရာ ဗညားလောဘွဲ့ပေးကာ ချီးမြောက်သည်။ဒလတွင် သမိန်ထောရာမ နှင့်တိုက်သဖြင့် ဥဇနာ ကျဆုံးရသည်။ ပုသိမ်တွင် ညီတော်တောင်ငူမင်းခေါင်အား အစောင့် ထားကာ ဘုရင့်နောင်ကိုယ်တိုင် ဒလသို့လိုက်ရာ တိုက်ပွဲကြီးဖြစ်ပြန်သည်။နောက် သမိန်ထောရာ ရှုံးပြီး စစ်သည်ဗိုလ်ပါ၊သားသမီး၊မိဖုရား နှင့်ယောက္ခမ ပါပစ်ကာကိုယ်လွတ်ရုန်းပြေးရပြန်သည်။နောက် ရဟန်း၀တ်ဖြင့် နောက်လိုက် တစ်ကျိပ်ကျော်ကိုခေါ်ကာ မုတ္တမ သို့လှေဖြင့်ပြေးလေသည်။

သက္ကရာဇ် ၉၁၄၊ဝါဆိုလဆန်း ၁ ရက်တွင်ဟံသာ၀တီနေပြည်တော်သို့ပြန်ရောက်သည်(၁၅၅၁)။နောက် မုတ္တမ ၃၂ မြို့၊ပူသိမ် ၃၂ မြို့တို့မှ မြို့စားရွာစားများကို နေသားကျစေရန် စီမံရသေးသည်။ညီတော် မင်းတရားရွှေထီး ကျဆုံးသည့်အရပ်တွင် စေတီတစ်ဆူတည်သည်။ဝါဆိုလဆန်း ၁၀ ရက်ရောက်လျှင် အိမ်တော်ဆောက်စေပြီး ၁၄ ရက်နေ့တွင်အိမ်သစ်တက်သည်။ နောက် ညီတော်များကို မင်းမြောက်တန်ဆာ ငါးပါးကိုပေးကာ ဘုရင်ခံအဖြစ် အသီးသီးချီးမြှင့်သည်။
ညီတော်မင်းရဲစည်သူအား မုတ္တမ ဘုရင်ခံအဖြစ်လည်းကောင်း
ညီတော်သတိုးဓမ္မရာဇာအား ပြည်ဘုရင်ခံအဖြစ်လည်းကောင်း
ညီတော်မင်းခေါင်(သီဟသူ)အား တောင်ငူဘုရင်ခံအဖြစ်လည်းကောင်း အသီးသီးပေးသည်။နောက် ဗမာ၊မွန်၊ရှမ်း အမတ်များကိုလည်း ရာထူးစည်းစိမ်များပေးသည်။

သမိန်ထောရာမ၏ နိဂုံး

မုတ္တမတွင်ပုန်းအောင်းနေသည့် သမိန်ထောရာမ လည်းမုတ္တမတွင်မနေဝံ့သဖြင့် ကဝေါဖက်သို့ဗပြးသည်။ကဝေါစားနှင့် ဘွယ်တိုင်စားတို့က လိုက်လံဖမ်းဆီးသဖြင့် ဓါးဒဏ်ရာရကာပြေးရပြန်သည်။နောက်ဒဏ်ရာသက်သာလျှင် တိုက်ကုလားတွင် လူသူစုရုံးပြီး စစ်တောင်းကိုတိုက်ရန် ချီတက်လာသည်။ ဘုရင့်နောင်လည်း နန္ဒသင်္ကြန်ကိုစေလွတ် တိုက်ခိုက်စေရာ သမိန်ထောရာမ တပ်ပျက်ပြေးရပြန်သည်။တောတွင်းတွင်ခိုလုံနေစဉ် စတုရင်္ဂသူက စစ်သည် ၃၀၀ နှင့်ဖမ်းရာ အ၀တ်ချွတ်ဖြင့် ပြေးရပြန်သည်။နောက်ဆုံး သက္ကရာဇ် ၉၁၄၊တန်ခူးလဆန်း ၁၃ ရက်တွင် ဇရွဲဘုံနယ်မှ ကရင်သူကြီးက ဖမ်းမိကာ ဟံသာ၀တီသို့ဆက်သလာသည်။အချို့ရာဇ၀င်များတွင် သမိန်ထောရာမ တွင်နတ်တို့ပေးသည့် အစွမ်းထက်သော ဂါထာရှိသည်။ထိုဂါထာကို ရေတွင်မန်းပြီးသုံးလျှင် အနာမှန်သမျှချက်ချင်းပျောက်သည်ဟုဆိုသည်။ထိုကြောင့် သမိန်ထောရာမ သည်မိမိဒူးကို ချိုးကာ ကရင်သူကြီးထံ အဖမ်းခံခြင်းဖြစ်သည်။နောက် ဘုရင့်နောင်ရှေ့ရောက်လျှင် ပရိယာရ်ဖြင့် ရေသောက်ရန် ရေတောင်းပြီးမန်းကာ ဒူးကိုလောင်းသည်။သို့သော်ဒူးပြန်မဆက်သဖြင့် ငိုယိုကြောင်းဆိုကြသည်။ဘုရင့်နောင်လည်း သမိန်ထောရာမ ကို ကွပ်မျက်အပြစ်ပေးသည်။

အင်း၀နှင့် ရှမ်း

ဘုရင့်နောင်၏ လက်နက်နိုင်ငံမှာ တောင်ငူ၊ဟံသာ၀တီ မွန်သုံးရပ်နှင့် ပြည်အပါအ၀င် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ ပါ၀င်လာသော်လည်း မြန်မာတို့၏ မူလဌာနေဖြစ်သည့် အင်း၀မှာကျန်ရှိနေသေးသည့်အတွက် ဘုရင့်နောင် အနေဖြင့် အင်း၀ကို တိုက်ယူရန် အားထုတ်လေတော့သည်။ထိုစဉ်က အင်း၀မှာ ယခင်စစ်ကိုင်းစား စည်သူကျော်ထင်က အင်း၀ရှမ်းမင်း မိုးဗြဲနရပတိ နှင့် စစ်ပြိုင်အနိုင်ရကာ နရပတိ ဘွဲ့ခံကာ အုပ်စိုးလျက်ရှိနေသည်။

အင်း၀ချီရန် လှေတပ်ပြင်ဆင်ရာ အင်အားမှာ ၃၇ လံရှိရွှေဟင်္သာဖောင်တော်၊ဇလာကပင်းတိုက်လှေကြီးနှင့် သားရဲလှေ အစင်း ၃၀၀ကျော်၊လှော်ကားကျော့လှေ ၂၀၀ကျော် ဖြစ်ကာ၊ပြည်မှ ရေတပ်အင်အားနှင့်ပေါင်းလျှင် တိုက်လှေ ၆၀၀၊လှောကားကြော့လှေ ၃၀၀ ၊ရိက္ခာတင်လှေ ၅၀၀ နှင့် စစ်သည် ၁၁၀၀၀၀ ဖြစ်လေသည်။ရေတပ်ဗိုလ်ချုပ်မှာ ညီတော် ပြည်ဘုရင်ခံ သတိုးဓမ္မရာဇာဖြစ်ပြီးတပ်ပေါင်း ၁၁ တပ်ပါ၀င်သည်။ဧရာ၀တီဖြစ်ကြောင်းအတိုင်းချီသည်။

ကြည်းတပ်တွင်ဘုရင့်နောင်ကိုယ်တိုင် ဦးစီးကာတပ်ပေါင်း ၂၅ တပ်တွင် ဆင်၈၀၀၊မြင်း ၉၀၀၀နှင့်စစ်သည်၁၈၀၀၀၀ ဖြစ်သည်။ထိုထဲတွင် ဘရင်ဂျီကုလား ၄၀၀ လည်း သေနတ်ကိုင်တပ်သားများအဖြစ်လိုက်ပါအမှုထမ်းကြသည်။ကြည်းတပ်ကိုမူ အရှေ့ဖက်တောင်ငူကြောင်းမှချီသည်။ တောင်ငုရောက်လျှင် တောင်ငူမင်းခေါင်အကြံပေးချက်အရ စစ်သုံးကြောင်းခွဲကာချီတက်လေသည်။ အရှေ့ကြောင်းချီတပ်ကို တောင်ငူမင်းခေါင်ကဦးဆောင်ကာ မြင်းတပ် ၂ တပ်အပါအ၀င် တပ်ပေါင်း ၇တပ်ဖြစ်သည်။၀တီ၊ယင်းဝတော်၊လှိုင်းတက်၊ညောင်ရမ်း၊တို့ကို အစဉ်အတိုင်းသိမ်းပိုက်ကာ ပင်းယတောင်ဖက် ရန်အောင်မြင်တွင် တပ်ချကာ ဘုရင့်နောင်၏တပ်အရောက်ကို စောင့်နေသည်။

အလယ်ကြောင်းချီတပ်ကို ညီတော် မင်းရဲကျော်ထင် ဦးဆောင်ကာ မြင်းတပ်၂ တပ်အပါအ၀င် တပ်ပေါင်း ၇တပ်ဖြစ်သည်။ပင်းတလဲ၊ပြင်စည် တို့ကို သိမ်းပိုက်ကာ တောင်ငူမင်းခေါင်တပ်နှင့် ပင်းယ၊ရန်အောင်မြင်တပ်တွင် ပူးပေါင်းသည်။

အနောက်ကြောင်းချီတပ်ကို ဘုရင့်နောင်ကိုယ်တိုင် ဦးဆောင်ပြီး မြင်းတပ် ၄ တပ်အပါအ၀င် တပ်ပေါင်း ၁၀ တပ်သည် တောင်တွင်းကြီး၊ကျောက်ပန်းတောင်း၊ပုဂံသို့ချီသည်။ပုဂံအရောက်တွင် ပြည်မှ သတိုးဓမ္မရာဇာ၏ ရေတပ်နှင့်ဆုံသည်။ နောက် သတိုးဓမ္မရာဇာအား လက်ထုပ်၊ကွမ်းရွာ၊ပခန်းကြီး တို့ကို တိုက်ခိုက်သိမ်းပိုက်စေသည်။ပခန်းကြီးမြို့စားလည်း မိုးညှင်း စော်ဘွားထံ ထွက်ပြေးခိုလုံသွားသည်။နောက် အမြင့်၊ဗဒုံ၊ကမ်းနီ တို့ကို ဆက်လက်တိုက်ခိုက်စေရာ အောင်မြင်သည်။နောက် ပုဂံမှ ပခန်းကြီး၊ကြခတ်၀ရာ၊ပရိမ္မတို့မှ တဆင့်ချီတက်ကာ မြင်းမူနှင့် စစ်ကိုင်းတို့ကို တိုက်ခိုက်အောင်မြင်ပြီး စစ်ကိုင်းတွင် ကြည်းရေ နှစ်တပ်ပေါင်းကာ တပ်ချနေသည်။

ဘုရင့်နောင် စစ်ကိုင်းမရောက်မှီ ပင်းယ၊ရန်အောင်မြင် ရှိ ညီတော် နှစ်ယောက်၏တပ်ကို အင်း၀မင်း နရပတိ ကဆင် ၁၀၀၊မြင်း ၂၀၀၀၊ စစ်သည် ၄၀၀၀၀ဖြင့်ထွက်တိုက်သည်။ညီတော် မင်းရဲကျော်ထင်က တပ် ၇ တပ်ဖြင့်ဆီးကြိုတိုက်ရာအင်း၀တပ်ပျက်ပြီး မြင်း၃၀ ကျော်နှင့် မိုးညှင်းအမတ် တပလုံကို အရှင်ရသည်။နောက်တစ်ကြိမ်တိုက်သော်လည်း မင်းရဲကျော်ထင်နှင့် မင်းခေါင်တပ်များက ပြန်တိုက်သဖြင့်အင်း၀တပ်များကြေပးသည်ကို တံတားဦးအထိလိုက်လံတိုက်ရသည်။နောက် ဘုရင့်နောင် စစ်ကိုင်းသို့ရောက်လျှင် ပင်းယရှိ ညီတော်နှစ်ယောက်ကို အင်း၀ထိချီတက်ကာ မြို့ကို၀န်းရံ စေသည်။

ညီတော် မင်းရဲကျော်ထင်တပ်များ အနောက်ကြောင်းမန်ကျဉ်းဆင်တဲမှချီတက်ပြီး အင်း၀အရောက်တွင် အင်း၀နရပတိမှ ဆင်၁၀၀၊မြင်း ၃၀၀၀ကျော်ဖြင့်ထွက်တိုက်သည်။ဟံသာ၀တီမှ သမိန်ဗရမ်း က ပလ္လင်စွယ်ဆင်ဖြင့် လည်းကောင်း၊ဗညားကျန်းထော က ဇေယျသတ္တရုဆင် ဖြင့်လည်းကောင်း၊ ညီတော် မင်းရဲကျော်စွာက သန်မြန်စွာဆင် ဖြင့်လည်းကောင်း အသီးသီးတိုက် ရာအင်း၀တပ် ၂ ဖွဲ့ကွဲလေသည်။ နောက် ဟံသာ၀တီမှ သီရိဇေယျနော်ရထာ က ရတနာပြောင်ကျော် ဆင်ဖြင့်လည်းကောင်း၊ရာဇသင်္ကြန်က ရဲလုလင်ဆင်ဖြင့်လည်းကောင်း ထပ်ကူပြီးတိုက်ရာ အင်း၀တပ်များ မြို့တွင်းသို့ပြန်၀င်ရလေသည်။မ၀င်နိုင်ပဲ ကျန်သည့် ဆင်၇စီး၊မြင်း ၃၀ ကျော်နှင့် စစ်သည်၄၀၀ ကျော်တို့ကို သုံ့ပန်းအဖြစ်ရလေသည်။နောက် လုံးတော်ပေါက်ကို ပတ်ကာ တပ်တည်နေသည်။

တောင်ငူမင်းခေါင်တပ်များ တံတားဦးအရောက်တွင် အင်း၀နရပတိ က ဆင် ၈၀၊မြင်း ၂၀၀၀ ဖြင့်ဆီးကြိုတိုက်ရာ ဟံသာ၀တီမှ သမိန်သံလိုက်က ငရက်နွယ်ဆင်၊စည်သူကျော်ထင်က နာဂါ၀ရ ဆင်တို့ဖြင့်တိုက်ရာ အင်းဝြမင်းတပ်များပျက်ကာဆင်တပ်လည်း တန့်လေသည်။နောက် ဟံသာ၀တီမှ တောင်ငူမင်းခေါင်က စောရန်နှင် ဆင်၊သမိန်ရဲသင်ရံက စွယ်လမန်ဆင်၊ဘယဂါမဏိက မာတင်ပြောင်မွန်ဆင်တို့ဖြင့် တိုက်ရာ အင်း၀တပ်လုံးလုံးပျက်ကာ မြင်း ၅၀ကျော်၊လူ ၂၀၀ ကျော်ကိုသုံ့ပန်းအဖြစ်ရသည်။နောက် တောင်ဘီလူး ပရက္ကမတ် ကိုပတ်ကာ တပ်တည်နေသည်။

ထိုသို့ ဘုရင့်နောင်နှင့် သတိုးဓမ္မရာဇာတို့က စစ်ကိုင်းမှတစ်ဆင့် ရွှေကြက်ယက်မှအင်း၀၊ မင်းခေါင်က တောင်ဘီလူး ပရက္ကမ မှအင်း၀၊ မင်းရဲကျော်ထင်က လုံးတော်ပေါက်မှ အင်း၀အသီးသီး ၀န်းရံမိလျှင် အင်း၀မှာ လွတ်ပေါက်မရှိတော့ ပဲဟံသာ၀တီတပ်များ၏ တိုက်ခိုက်ခြင်းကို ခံရလေတော့သည်။သို့ဖြင့် သက္ကရာဇ် ၉၁၆ ၊တပို့တွဲ လပြည့်ကျော် ၄ ရက်၊တနင်္ဂနွေနေ့ ညနေအချိန်တွင် အင်း၀ကျလေသည်။အင်း၀မင်း နရပတိ လည်းကျွန်ယုံ ၅ ယောက်ဖြင့် အုန်းဘောင်စော်ဘွား စစ်ကူလာမည့် ဆင်ခေါင်းအရပ်သို့မှန်းဆ လျှက် သွားရာ မက္ခရာအရောက်တွင် ဟံသာ၀တီတပ်များက ဖမ်းမိလေသည်။ဘုရင့်နောင်လည်း နရပတိ ကိုသနားသည်ရှိသဖြင့် မသတ်စေပဲ အလုပ်အကျွေး သုံးကျိပ်ဖြင့် ကောင်းမွန်စွာနေစေသည်။ဟံသာ၀တီသို့ပြန်ရာတွင်လည်း ခေါ်ဆောင်သွားခဲ့သည်။(ထိုသို့အသက်မှလွတ်ကာ ကျေးဇူးပြုခြင်းသည် အကြီးအကျယ်အကျိုးရှိသည်ကို နောင်တွင်တွေ့ရပေသည်။)

အင်း၀ကိုရလျှင် ညီတော် မင်းရဲကျော်ထင်အား သတိုးမင်းစော ဘွဲ့ဖြင့် အင်း၀တွင် ဘုရင်ခံတင်သည်။(နောင်တွင် သမီးတော်နှင့်လည်းလက်ဆက်ပေးသည်။ဦးရီးနှင့်တူမ ကိုလက်ဆက်ပေးခြင်းဖြစ်သည်။ထို့ကြောင့် သတိုးမင်းစော မှာ ညီလည်းဖြစ်၊သားမက်လည်းဖြစ်သည်။)