Home ဇာတ်တော်ကြီး ၁၀ ဖွဲ့ ဇနကဇာတ်တော်ကြီး

ဇနကဇာတ်တော်ကြီး

13

ရှေးသရောအခါ ဝိဒေဟရာဇ်တိုင်း မိထိလာပြည်တွင် မဟာဇနကမင်းကြီး နန်းစံသည်။ ထိုမင်းကြီး နတ်ရွာစံလျှင် သားတော်ကြီး အရိဋ္ဌဇနက မင်းပြု၍ သားတော်ငယ် ပေါလဇနကကို အိမ်ရှေ့အရာ ပေးသည်။

ထိုသို့ပြုရာမှ နောင်တော်မင်းသည် သူတပါးကုန်းချောမှုကြောင့် ညီတော်ကို မယုံကြည်၍ ဖမ်းဆီးရာမှ ညီနောင်နှစ်ဦး စစ်ပြိုင်ကြသည်။ နောင်တော် စစ်ရှုံး၍ စစ်ပွဲ၌ ကျဆုံးသွားသည်။ မိဖုရားကြီးလည်း ကိုယ်ဝန်အရင့်အမာရှိနေရာ သူဆင်းရဲအသွင်ဆောင်၍ ထွက်ပြေးတိမ်းရှောင်သွားရသည်။

မိဖုရားကြီးသည် ကာလစမ္ပာနဂိုရ်ပြည်သို့ ရောက်သွားသည်။ ဒိသာပါမောက္ခ ဆရာကြီးက ပြုစုစောင့်ရှောက်ထားသည်။ အချိန်ရောက်သော် ဘုရားလောင်း သားတော်ကို ဖွားမြင်သည်။ မဟာဇနက-ဟု အမည်ပေးသည်။

မဟာဇနကမင်းသား အရွယ်ရောက်လျှင် ခမည်းတော်၏ မိထိလာပြည်ကို ပြန်သိမ်းနိုင်ရန် ဥစ္စာများ စုဆောင်းသည်။ ဥစ္စာများရရန် သင်္ဘောဖြင့် ကုန်ကူးထွက်သည်။ ပင်လယ်ခရီးလမ်းတွင် လေပြင်းကျကာ သင်္ဘောနစ်သည်။ မင်းသားလည်း ဇွဲလုံ့လ မလျှော့။ အနိုင်မခံ အရှုံးမပေး။ ပင်လယ်တွင် ကူးခတ်သည်။ ပင်လယ်စောင့် မဏိမေခလာ နတ်သမီးက လျစ်လျူရှု၍ မထားနိုင်။ မင်းသားကို ဆယ်တင်၍ မိထိလာပြည်သို့ ပို့ဆောင်ကာ ကျောက်ဖျာထက်၌ တင်ထားခဲ့သည်။

ထိုအချိန်တွင် ပေါလဇနကမင်းကြီး နတ်ရွာစံသွားသည်မှာ ၇-ရက်ရှိပြီ ဖြစ်သည်။ သားတော် မရှိ၊ သမီးတော် သီဝလိဒေဝီ တပါးသာ ကျန်ရစ်သည်။ ထို့ကြောင့် မင်းလောင်းရှာရန် ဖုတ်သွင်းရထား စေလွှတ်ထားသည်။ ရထားသည် ဇနကမင်းသား အိပ်စက်ရာ ကျောက်ဖျာ၌ ဆိုက်၍ မင်းသားကို နန်းတော်သို့ ခေါ်ဆောင်သွားသည်။

ဇနကမင်းသားလည်း ရာဇပလ္လင်၏ ဦးခေါင်းဘက်ကို ပြနိုင်ခြင်း၊ လေးတော် တင်နိုင်ခြင်း၊ ရွှေအိုး ၁၆-လုံးကို ဖော်ပေးနိုင်ခြင်းဖြင့် အစွမ်းပြခဲ့သည်။ အားလုံးပင် မင်းသားကို ဘုန်းရှင်၊ ကံရှင်မှန်း သိကာ နန်းတင်ကြသည်။

မဟာဇနကမင်းသည် မင်းပြုနေရာမှ တနေ့သော် သရက်ဥယျာဉ်သို့ ထွက်စဉ် သံဝေဂရသွားသည်။ နန်းစည်းစိမ်ကို မပျော်ပိုက်တော့ဘဲ တောထွက်ရန် ဆုံးဖြတ်လိုက်သည်။ နန်းတော်အထက် ပြာသာဒ်၌ ရဟန်းပြုပြီးလျှင် တောသို့ ထွက်ကြွသွားသည်။ မိဖုရားနှင့် အခြွေအရံများသည် တောသို့လိုက်၍ တောင်းပန်ကြသော်လည်း ဘုရားလောင်း မဟာဇနကမင်းက လက်မခံ။ နန်းတော်သို့ ပြန်မကြွ။ တော၌သာပင် တရားအားထုတ်နေထိုင်လေသည်။

မဟာဇနက။ – ဂေါတမမြတ်စွာဘုရား
မဏိမေခလာနတ်သမီး – ဥပ္ပလဝဏ်ထေရီ
ရွှေလက်ကောက်ရှင်သတို့သမီး – ခေမာထေရီ
မိဂါဇိန်ရှင်ရသေ့ – မဟာမောဂ္ဂလာန်ထေရ်
နာရဒရသေ့ – ရှင်သာရိပုတ္တရာထေရ်
ထူဏမြို့သား လေးသမား – ရှင်အာနန္ဒာထေရ်
သီဝလိဒေဝီ – ယသောဓရာထေရီ
ဒီဃာဝုမင်းသား – ရာဟုလာထေရ်

အကိုး။ ။ ၅၅၀-ဇနကဇာတ်။