တရုတ်သို့ပြန်လေသော် ရှမ်းညီနောင်သုံးပါးအနက် နောင်တော် ရာဇသင်္ကြသည် သက္ကရာဇ် ၆၆၆ တွင် မြင်စိုင်းတွင် ရွှေနန်းတည်လေသည်။ ညီတော်အလတ် အသင်္ခယာကား မက္ခရာမြို့တွင် နန်းတည်လေသည်။ ညီတော်အငယ် သီဟသူကား ပင်လယ်မြို့တွင် နန်းတည်လေသည်။
ပြည်ထောင် ၃ ပြည်ထောင်တွင် အသင်္ခယာမူကား နန်းတည်ပြီး ၅ နှစ်ကြာသော် အနိစ္စရောက်လေသည်။ မြင်စိုင်းရွှေနန်းရှင်သည်လည်း မင်းဖြစ်ပြီး ၁၂ ကြာသော် ညီတော်သီဟသူ ဆေးခတ်သဖြင့် အနိစ္စရောက်ပြန်လေသည်။ သီဟသူသည် မြင်စိုင်းရွှေနန်းရှင် မလွန်မီကပင် ပင်းယမြို့ကို တည်လေသည်။
ပင်းယမြို့ကိုတည်ပြီး ၂ နှစ်ကြာသော် စမုန်မြစ်တွင် ဆင်ဖြူတစီးမျောလာသည်ကို ပညာရှိအမတ်တို့က ညုပ်ဖြင့် ထူပြီး စီးစေသဖြင့် တစီးရှင်သီဟသူဟူ၍ နောင်ပိုင်းတွင် အမည်တွင်လေသည်။ သီဟသူတွင် သားတော် ၃ ပါးရှိလေသည်။ သားတော် ၃ ပါးတို့တွင် ရှိသော အင်အားကို စုံစမ်းလေရာ သားတော်ကြီး၊ သားတော်လတ် တို့တွင် နောက်လိုက်အင်အား သောင်းကျော်ရှိကြလေသည်။ သားတော်အငယ် အသင်္ခယာ စောယွမ်းတွင်ကား ကျွန် ၅ ဦးသာရှိသဖြင့် ခေါ်စေလေသည်။
သီဟသူမှ“ ငါမရှိလျှင် နင်အစ်ကိုတို့ သင်းကို နှိပ်စက်လိမ့်မည်၊ မကြောက်သလော” ဟုမေးလေသည်။ အင်္သယာစောယွမ်းမှလည်း “ ခမည်းတော်မှ မချီးမြင့်ဘဲ” ဟု ပြန်လည်လျှောက်လေသည်။ မင်းကြီးလည်း နင်အစ်ကိုတို့ ရှိ၍သာ ငါမပေးခြင်းဖြစ်သည်၊ လိုချင်လျှင် နင့်အစ်ကိုတို့ကို သွားပြောချေ၊ သူတို့ သဘောတူ လျှင် နင်စားရမည်ဟု ဆိုလေသည်။
အင်္သယာစောယွမ်းလည် နောင်တော်တို့ထံ မိမိတွင် အင်အားအလုံးအရင်းလည်း မရှိ စားစရာ မြို့နယ် လည်း မရှိဟု လျှောက်လေသော် နောင်တော်တို့မှ သနားသဖြင့် ခမည်းတော်ထံ စစ်ကိုင်းကို အပိုင်ပေးစားရန် လျှောက်တင်ကြလေသည်။ သီဟသူလည်း သဘောတူပြီး အပိုင်ပေးစားလေသည်။
တနေ့တွင် သီဟသူသည် သားတော်အငယ် အသင်္ခယစောယွမ်း အရည်အသွေးကို စုံစမ်းလိုသဖြင့် စစ်ကိုင်းတွင် အပိုင်စားနေသော အသင်္ခယစောယွမ်းကို မြို့ကို သွားတိုက်ခိုက်ရန် သားတော်အကြီးကို အမိန့် ပေးလေသည်။ သားတော်လည်း ဘုရင်အမိန့်ကြောင့် ဆင်မြင်းအလုံးအရင်းဖြင့် စစ်ကိုင်းကို လာလေသည်။
စောယွမ်းလည်း ခမည်းတော်မှ ပညာစမ်းနေမှန်းသိသဖြင့် နောင်တော်ကို ဆီးကြိုတိုက်ခိုက်သော် နောင်တော် တပ်ပျက်လေသည်။ ပျက်ပြီး နေပြည်တော်သို့ပြန်လေရာ သီဟသူမှ “ထွီ“ ဟုလုပ်ပြီး ကဲ့ရဲ့ လေသည်။ နောက်တဖန် သားတော်လတ်ကိုလည်း ထိုနည်းလည်းကောင်း တိုက်ခိုက်စေရာ တပ်ပျက်ပြီး ပြန်လာရာပြန်သည်။ မင်းကြီးမှ သားတော်အငယ်ကား လုပ်ရည်ကြံရည်ရှိသည်ဟု သဘောကျလေသည်။
တစ်စီးရှင်သီဟသူသည် သာသနာကိုလည်း ထောက်ပံ့သောမင်းဖြစ်လေသည်။ သရီရဓာတ်တော် များကိုလည်း ရွှေစည်းခုံတွင် ဌာပနာတော်မူလေသည်။ တစ်စီးရှင်သီဟသူ သက်တော် ၅၅ တွင် အနိစ္စ ရောက်တော်မူလေသည်။
အနိစ္စရောက်သော် သားတော် အကြီးမှ သက္ကရာဇ်(၆၈၄) တွင် နန်းတက်တော်မူလေသည်။ ထိုအချိန်တွင် ညီလတ် ကျော်စွာမှာ ပင်လယ်တွင် နန်းပြုနေပြီး၊ ညီငယ် အသင်္ခယာစောယွမ်းမှာ စစ်ကိုင်းတွင် နန်းပြု နေလေသည်။