ဥပ္ပလဝဏ်ထေရီအလောင်း အမျိုးသမီးကောင်းလေးဟာ ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော်အခါက ဟံသာဝတီမင်းနေပြည်တော်တွင် သူဌေးသမီးတစ်ဦးဖြစ်ပြီး မိတ်ဆွေအပေါင်းအသင်းများနှင့် ဘုရားရှင်အား သွားရောက်ဖူးမြော်ရာ ဘိက္ခုနီမတစ်ပါးကို တန်ခိုးကြီးသောအရာဝယ် အသာဆုံး ဧတဒဂ်ဆုကို ပေးအပ်လေ့ရှိကြောင်း တရားတော်ကို နာယူပြီးနောက် ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်များအား မဟာဒါနကြီးပေးလှူလို့ မြတ်စွာဘုရား၏ ခြေတော်ရင်းတွင် ကြာညိုပန်းစည်း ခုနစ်စည်းတို့ကို ချထားပူဇော်ကာ ထိုတန်ခိုးကြီးမားသော အရာတွင် အသာဆုံး အမြတ်ဆုံးသော ဧတဒဂ်ရာထူးကို ရလိုကြောင်း ဆုတောင်းလေတယ်။

ထိုအခါ ပဒုမုတ္တရမြတ်စွာဘုရားလည်း ဗျာဒိတ်စကား မိန့်ကြားပေးတော်မူခဲ့လေတယ်။ ဥပ္ပလဝဏ်ထေရီအလောင်း အမျိုးသမီးကောင်းလေးဟာ ထိုဘဝ၌ တောင်းအပ်သော ဆုတောင်းကို ဦးထိပ်ထားလျက် မြတ်စွာဘုရားနှင့် သံဃာတော်တို့ကိုလည်း အသက်ထက်ဆုံး အလုပ်အကျွေးပြုခဲ့လေတယ်။

ထိုဘဝမှ စုတေသော် တာဝတိံသာနတ်ပြည်တွင် ဖြစ်၍ လူ့ပြည်၌တစ်ဖန် လူဖြစ်ပြန်သော် ပစ္စေကဗုဒ္ဓါအရှင်မြတ်တစ်ဆူအား ကြာပန်းနှင့်တကွ ဆွမ်းအလှူဒါနပြုလေတယ်။ ထိုမှတစ်ဖန် ကမ္ဘာပေါင်းကိုးဆယ်အကြာ ဗာရာဏသီပြည်တွင် သူဌေးသမီးဖြစ်ပြန်၍ ဝိပဿီမြတ်စွာဘုရားရှင် အမှူးရှိသော သံဃာတော်တို့ကို ပင့်ဖိတ်၍ မဟာဒါနကြီး ပေးလှူကာ ကြာပန်းတို့ကို ဆက်ကပ်၍ စိတ်ထဲတွင် ရုပ်အဆင်းလှပခြင်း ဆုတောင်းကို ပြုခဲ့လေတယ်။ သို့နှင့် ဥပ္ပလဝဏ်ထေရီအလောင်း အမျိုးသမီးကောင်းလေးဟာ လူ့ပြည်၊ နတ်ပြည် တစ်လှည့်စီတွင် ဖြစ်၍ ကဿပမြတ်စွာဘုရားလက်ထက်တွင် ဗာရာဏသီပြည်တွင် ကိကီမင်းကြီး၏ သမီးတော်ခုနစ်ယောက်တို့အနက် နှစ်ယောက်မြောက် သမဏဂုတ္တာမင်းသမီးဖြစ်ကာ ခေမာထေရီအလောင်းလျာနည်းတူ နှစ်ပေါင်းများစွာ ကောမာရိ ဗြဟ္မစရိယအကျင့်ကို ကျင့်ကြံလို့ ရဟန်းသံဃာတို့အတွက် ပရိဝုဏ်ကျောင်းဆောက်လုပ်လှူဒါန်းလို့ ထိုဘဝမှ စုတေသော် နတ်ပြည်တွင် ဖြစ်လေတယ်။ ထို့နောက် နတ်ဘဝမှ စုတေသော် လူ့ပြည်တွင်ဖြစ်ပြီး ထိုအမျိုးကောင်းသမီးလေးဟာ ကဿပမြတ်စွာဘုရား၏ သာဝကရဟန္တာထေရ်မြတ်တစ်ပါးအား အဝတ်လှူဒါန်းလို့ ရုပ်ရည်အဆင်းနဲ့ ပတ်သက်သော တောင်းဆုကို ပြုလေတယ်။ ထိုမှ နောက်ဘဝတစ်ခုတွင် သိဝိတိုင်း တိရိဋိဝစ္ဆသူဌေးကြီး၏ အလွန်လှပသော သူဌေးသမီးလေး ဉမ္မာဒန္တီ ဖြစ်လာခဲ့တယ်။

ထိုဘဝမှ စုတေပြန်သော် လယ်သမားသမီးအဖြစ် မွေးဖွားလာပြီး တစ်နေ့လယ်ထဲသွားရာလမ်းခုလတ်တွင် ပဒုမ္မာကြာပန်းတို့ကို တွေ့၍ အိုင်အတွင်းသို့ဆင်းကာ ခူးယူလို့ လယ်တဲသို့ရောက်သော် ပေါက်ပေါက်တို့ကိုလှော်လို့ ပေါက်ပေါက်ပေါင်း(၅၀၀)စေ့ကို ရေတွက်စဉ် ပစ္စေကဗုဒ္ဓအရှင်မြတ်တစ်ပါးကြွလာရာ သူငယ်မလေးမှာ အရှင်မြတ်အား ဖူးမြော်လို့ ပဒုမ္မာကြာပန်းနှင့်တကွ ပေါက်ပေါက်တို့ကို လှူဒါန်းလို့ ပဒုမ္မာကြာပန်းလှူရခြင်းအကျိုးကြောင့် ဖြစ်လေရာ ဘဝမှာ တပည့်တော်၏ခြေလှမ်းတိုင်းမှာ ပဒုမ္မာကြာပန်းတို့ အံ့မခန်းမြေပေါ်မှ တက်ကြစေသတည်းလို့ ဆုတောင်းလေတယ်။

ထိုဘဝမှ စုတေသော် နတ်ပြည်တွင်ဖြစ်၍ တစ်ဖန်လူ့ပြည်၌ ဖြစ်ပြန်သော် ပဒုမ္မာကြာပန်းတိုက်၌ သန္ဓေတည်၍ ဖြစ်လာလေတယ်။ ဤသည်ကို ရသေ့တစ်ပါးမြင်၍ သမီးအဖြစ်ကောက်ယူမွေးစားလေသော် အဆင်းမှာလည်း လူမကနတ်မမီဖြစ်၍ ခြေလှမ်းတိုင်းမှာလည်း ကြာပွင့်တို့ မြေမှဖြစ်လေသည်ကို မြင်သော် သတို့သမီးလေးအား “ပဒုမဝတီ”ဟု ခေါ်တွင်လေတယ်။ ပဒုမဝတီ အရွယ်ရောက်သော် ဗာရာဏသီမင်းကြီး၏ မိဖုရားဖြစ်လာပြီး မင်းသား(၅၀၀)ကိုဖွားမြင်ပြီး ထိုမင်းသား(၅၀၀)မှာ ဘဝအဆက်ဆက်ပါရမီများကြောင့် အသက်(၁၆)နှစ်တွင်ပင် ပစ္စေကဗုဒ္ဓါ(၅၀၀)အဖြစ်သို့ရောက်ကြလေတယ်။

နောက်ဆုံးဘဝအဖြစ် ဥပ္ပလဝဏ်ထေရီဟာ ဂေါတမမြတ်စွာ ဘုရားလက်ထက်တော်တွင် တန်ခိုးကြီးသောအရာ၌ ဧတဒဂ်ရ ထင်ရှားသော ဘိက္ခုနီမတစ်ပါးဖြစ်လာခဲ့ပါတယ်။ ထေရီဟာ သာဝတ္ထိပြည်ရှိ ကုဋေ( ၁၆ဝ) ကြွယ်ဝသော သူဌေး၏ သမီးဖြစ်၍ ကြာညိုအဆင်းရှိသောကြောင့် ဥပ္ပလဝဏ်ဟု အမည်တွင်လေတယ်။ ကိုယ်အနံ့မှာလည်း ကြာညိုနံ့သင်း၍ လှပမှုမှာလည်း ပြိုင်ဖက်ကင်းသောကြောင့် ဥပ္ပလဝဏ်ကို ဇမ္ဗူဒိပ်တစ်ကျွန်းလုံးမှ မင်းများနှင့် သူဌေးများက လာရောက်တောင်းရမ်းကြလေတယ်။ ထိုအခါ ဥပ္ပလဝဏ်၏ ဖခင်ဖြစ်သူကပရိယာယ်ဖြင့် တောင်းလာသူအားလုံးကို ကျေနပ်စေခြင်းငှာ၊ သမီးအား ရဟန်း ပြုနိုင်မည်လောဟု မေးမြန်းတိုက်တွန်းလေတယ်။ သမီးဖြစ်သူမှာလည်း မူလကပင် ရဟန်းပြုချင်သော ဆန္ဒပြင်းပြသဖြင့် ပြုနိုင်ပါသည်ဟု ဝန်ခံ၍ ရဟန်း ပြုလေတယ်။ ရဟန်းအဖြစ်သို့ရောက်၍ များမကြာမီ ဆီမီးရောင်ကို မြင်ရသဖြင့် တေဇောကသိုဏ်းကို အာရုံပြုကာ မဂ်လေးတန်ရ၍ ရဟန္တာမအဖြစ်သို့ ရောက်လေတယ်။ ရဟန္တာဖြစ်သည်နှင့် တစ်ပြိုင်နက် တန်ခိုး အဘိညာဉ် ကြီးမားလှသောကြောင့် အများကပင် အံ့ဩကြည်ညိုကြရပါတယ်။

မြတ်စွာဘုရားသည် တိတ္ထိတို့အား တန်ခိုးပြာဋိဟာကို ပြမည်ပြုသောအခါ မိမိအား ပြသခွင့်ပြုရန် ဥပ္ပလဝဏ်ထေရီက လျှောက်ထားဝံ့သူလည်း ဖြစ်ပါတယ်။ ထို့ကြောင့် မြတ်စွာဘုရားက လက်ဝဲရံ အဂ္ဂသာဝိကအဖြစ် မြှောက်စား၍ တန်ခိုးအရာ၌ ဣဒ္ဓိမန္တဧတဒဂ်ဘွဲ့ ချီးမြှောက်တော်မူခဲ့ပါတယ်။

ဥပ္ပလဝဏ်ထေရီသည် ပဒုမုတ္တရ ဘုရားရှင်လက်ထက် ဝိမလာဒေဝီ နဂါးမဘဝမှစ၍ ကဿပ ဘုရားရှင်လက်ထက် တွင် ကိကီမင်းကြီး၏သမီးတော် သမဏဂုတ္တာ မင်းသမီးအဖြစ် ဆုပန်ခဲ့ကာ ထို့နောက်တွင် ဥမ္မာဒန္တီအဖြစ်၊ ပဒုမဝတီမင်းသမီးအဖြစ် စသည့်ဘဝတို့၌လည်း ဆုပန်ခဲ့သော တောင်းဆုများကြောင့် တန်ခိုးထက်မြက်ခြင်း၊ သွားလေရာ၌ ဖဝါးချရာတွင်ကြာပွင့်ခံခြင်း၊ ကိုယ်နံ့မှာ ကြာညိုပန်းကဲ့သို့ မွှေးကြိုင်ခြင်း စသော အကျိုးတရားများနှင့် ပြည့်စုံရခြင်းဖြစ်လေတယ်။ “ဥပ္ပလဝဏ်ထေရီသည် လည်းကောင်း၊ ဥပ္ပလဝဏ်အမျိုးသမီးငယ်သည် လည်းကောင်း ဗုဒ္ဓမြတ်စွာ ဘုရား၏ မြတ်သော တပည့်မ အဂ္ဂသာဝိကာ တို့ ဖြစ်ကုန်လတ္တံ့” ဟု ကောဏ္ဍညဗုဒ္ဓဘုရားက ဟောကြားခဲ့တာလည်း ဖြစ်ပါတယ်။