ဗိမ္ဗိသာရမင်းသည် မဂဓတိုင်း၊ ရာဇဂြိုဟ်ပြည့်ရှင်၊ ဘာဂီနိယ မင်းကြီး၏ သားတော်ဖြစ်ပြီး ဘာဂီနိယ မင်းကြီးနှင့် သက္ကတိုင်း ကပိလဝတ်ပြည့်ရှင် သုဒ္ဓေါဒနမင်းကြီးတို့သည် မိတ်သဟာယများဖြစ်ကြလေတယ်။ ဗိမ္ဗိသာရမင်းသားသည် သုဒ္ဓေါဒနမင်းကြီး၏ သားတော် သိဒ္ဓတ္ထမင်းသားအောက် (၅) နှစ် ငယ်တော်မူပြီး အဉ္ဓနမင်းကြီးဖြိုပြီး သက္ကရာဇ် (၇၃) ခုနှစ်တွင် ဖွားမြင်ခဲ့တာဖြစ်ပါတယ်။ သက်တော် (၁၅) နှစ်အရွယ်တွင် ခမည်းတော်၏ အရိုက်အရာကို ဆက်ခံကာ မင်းပြုလေတယ်။ သိဒ္ဓတ္ထမင်းသားသည် တောထွက်ပြီးနောက် ရဟန်းပြုကာ၊ ရာဇဂြိုဟ်ပြည်အတွင်း ဆွမ်းခံဝင်ရာ ဗိမ္မိသာရမင်းသည် ကြားထားရသော သိဒ္ဓတ္ထမင်းသား၏သတင်းစကားများကြောင့် သိချင်စိတ်ဖြစ်ကာ မင်းချင်းတို့အား စေလွှတ်စုံစမ်းစေတယ်။ မင်းချင်းတို့၏ လျှောက်တင်ချက်ကို ကြားသိတော်မူလျှင်၊ ဘုရားအလောင်းရှိရာသို့ ဆောလျင်စွာ သွား၍ အသက်အရွယ် ငယ်ပါသေးသဖြင့် တောမထွက်ပါနှင့်။ ပြည်တော်ထက်ဝက်ကို ပေးအပ်မှာမို့ မင်းပြု၍ စံစားပါဦးဟု လျှောက်ထားလေတယ်။ သို့သော် ဗိမ္မိသာရမင်း၏ လျှောက်ထားချက်ကို ဘုရားအလောင်းတော်က ငြင်းပယ်လေတယ်။ ထိုအခါ ဗိမ္ဗိသာရမင်းက ဘုရားအဖြစ်သို့ ရောက်ခဲ့လျှင်၊ ရှေးဦးစွာ ရာဇဂြိုဟ်ပြည်သို့ ကြွရောက်ပါရန် ပြန်ပြောင်းလျှောက်ထားတော်မူသောအခါ ဘုရားအလောင်းတော်က ဝန်ခံကတိပေးခဲ့လေတယ်။
ဗိမ္ဗိသာရမင်း၏ နန်းစံ (၁၆) နှစ်မြောက်တွင် သဗ္ဗညုဘုရားရှင်အဖြစ်သို့ ရောက်တော်မူပြီးသော ဗုဒ္ဓရှင်တော်ဘုရားသည် ဗိမ္ဗိသာရမင်းကြီး၏ လျှောက်ကြားချက်ကို နှလုံးထားတော်မူသဖြင့် ရာဇဂြိုဟ်ပြည်သို့ သံဃာတော် တစ်ထောင်နှင့် ကြွရောက်တော်မူ၍၊ မြို့အနီး ထန်းတောဥယျာဉ်၏အလယ် သစ်ပင်ရင်း၌ သီတင်းသုံးတော်မူကြောင်း ဗိမ္ဗိသာရမင်းကြီး ကြားသိတော်မူလျှင် တစ်သိန်းနှစ်သောင်းမျှသော မှူးမတ်၊ သူဌေး၊ ပုဏ္ဏားတို့ ခြံရံလျက် မြတ်စွာဘုရားအထံတော်သို့ လာရောက်ဆည်းကပ်လေတော့တယ်။
မြတ်စွာဘုရားသည် ဥရုဝေ ၊ ကဿပရသေ့ကို အကြောင်းပြု၍ ဂါတာ (၁၉၀) ရှိသော နာရဒကဿပဇာတ်ကို ဟောတော်မူရာ၊ ဗိမ္ဗိသာရမင်းနှင့်တကွ တစ်သိန်းတစ်သောင်းသော ခြွေရံသင်းပင်းတို့သည် သောတာပန် တည်ကုန်လေတယ်။ ကျန်တစ်သောင်းသော သူတို့မှာ သရဏဂုံ တည်ကြကုန်တယ်။ ဗိမ္ဗိသာရမင်းကြီးသည် ဘုရားရှင်အား လွန်စွာ ကြည်ညိုသဒ္ဓါ ပွားလှသဖြင့် မိမိအား ဥပသကာအဖြစ် အမှတ်ထားတော်မူရန် လျှောက်ထားပြီးသော်၊ နောက်တစ်နေ့နံနက်တွင် ဘုရားရှင်အား အခြံအရံ သံဃာတော်များနှင်တကွ မိမိ၏ နန်းတော်သို့ ဆွမ်းအလှူခံ ကြွတော်မူရန် ဖိတ်ကြားလေတယ်။ ထိုနေ့ နံနက်တွင် ဘုရားရှင်နှင့် သံဃာတော် အပေါင်းအား ဆွမ်းလုပ်ကျွေးပြုစုပြီးသော် ဝေဠုဝန်ဥယျာဉ်တွင်း၌ မင်း၏ နန်းတော်ကို အရံနှင့်တကွ မြတ်စွာဘုရားနှင့် သံဃာတော်များ သီတင်းသုံးရန် ရေစက်သွန်းချ လှူဒါန်းလေတယ်။
ဗိမ္ဗိသာရမင်းကြီးသည် ဂေါတမဘုရားရှင်အား လွန်စွာ ကြည်ညိုသဒ္ဓါ ထက်သန်စွာဖြင့် လုပ်ကျွေးပြုစု ဆည်းကပ်ကိုးကပ်သော်လည်း မင်းကြီး၏ အဂ္ဂမဟေသီ ဒေဝီအရာထားတော်မူသော ခေမာမိဖုရားကား အဆင်းမာန်တက်၍ ဘုရားရှင်အား သွားရောက်ဖူးမြော်ခြင်း မပြုချေ။ ထို့ကြောင့် မင်းကြီးက ဥပါယ်တံမျဉ်ဖြင့် မိဖုရားအား ဘုရားရှင်ထံသွားရောက်စေရာတွင် ခေမာမိဖုရားသည် ဘုရားရှင်၏ တရားကို နာယူရကာ အကျွတ်တရားရ၍ ဘိက္ခုနီမပြုပြီးသော် နောင်အခါ ခေမာထေရီဟု လက်ျာတော်ရံ ဧတဒဂ်ရထေရီတဦး ဖြစ်လာခဲ့လေတယ်။
ဗိမ္ဗိသာရမင်းကြီးသည် ယင်းသို့ဖြင့် ဘုရားရှင်၏ သာသနာတော်ကို ချီးမြှောက်သော မင်းတပါး ဖြစ်ခဲ့လေတယ်။ ထို့ပြင် သားသမီးအပေါ်၌ မိဘ၏ မေတ္တာမည်မျှ ကြီးမားသည်ကို ဥပမာထုံးတမ်း အကိုးအကားပြုရသော မင်းတစ်ပါးလည်း ဖြစ်ပေတယ်။ ဗိမ္ဗိသာရမင်းတွင် ဝေဒေဟီအမည်ရှိ မိဖုရားကြီးတစ်ပါး ရှိရာ ထိုမိဖုရားတွင် သန္ဓေတည်လေလျှင် မင်းကြီး၏ လက်ျာလက်ရုံးသွေးကို သောက်လိုသော ချင်ခြင်းဖြစ်လေသော် မင်းကြီးသိတော်မူလျှင် မိဖုရား၏ ချင်ခြင်းကို ပြည့်စေခဲ့တယ်။ သို့သော် ဟူးရာတို့က မိဖုရား၏ သန္ဓေသားသည် မင်းကြီးအား သတ်မည့်သူဟု နိမိတ်ဖတ်ကြသော် မိဖုရားသည် သန္ဓေသားကို ဖျက်ဆီးရန် အတန်တန်ကြိုးစားတော့တယ်။ ဗိမ္မိသာရမင်းကြီးကမူ ယင်းသို့ မပြုရန် တားမြစ်၍ မြဲမြံစွာ သန္ဓေသားကို စောင့်ရှောက်ထားစေခဲ့တယ်။ အချိန်တန်၍ သားတော်ဖွားမြင်လျှင် မိဖုရား မသိရလေအောင် အစောင့်အရှောက်တို့က သိုဝှက်ပယ်ဆောင်ထားပြီး ကလေးငယ် သွားလာနိုင်သော အရွယ်ရောက်မှ သားတော်ကို မိဖုရားအား ပြစေခဲ့တယ်။ မင်းကြီးမှာ သားတော်အား အလွန်ချစ်ခင် မြတ်နိုး၍ သား၏လက်တွင် အိုင်းအမာနာပေါက်၍ မခံမရပ်နိုင်ဖြစ်သည်ကိုပင် မင်းကြီးသည် ထိုလက်ချောင်းကို ခံတွင်း၌ ငုံပေးခြင်းပြုလေတယ်။ အတန်ငယ် သက်သာရာ ရ၍ သားတော် အိပ်ပျော်စဉ် ပြည်ပေါက်လေသော်၊ သားတော်နိုးမည်စိုး၍ ပြည်ကို မျိုချသည်အထိ မင်းကြီးသည် သားတော်အား လွန်စွာ ချီးမြှောက်ထားလေတယ်။ သားတော် အရွယ်ရောက်လျှင် အိမ်ရှေ့အရာနှင်းလေရာ ထိုအိမ်ရှေ့မင်းကား အဇာတသတ်မင်းသားပဲ ဖြစ်ပါတယ်။
ဘုရားရှင်နှင့်တကွ သာဝကအပေါင်းကို ပျက်စီးစေလိုသော ဒေဝဒတ်သည် အဇာတသတ် မင်းသားက မိမိအား ကြည်ညိုအောင် ပြုပြီး မိမိပြောဆိုသမျှ နားဝင်အောင် ပြုကာ ဘုရားရှင်အား ကြည်ညိုလှသူ ဗိမ္ဗိသာရမင်းအားလည်း ပျက်စီးစေလေတယ်။ ထို့ကြောင့် မိမိက ဘုရားရှင်အား သတ်၍ ဘုရားအဖြစ် ယူမည်၊ အဇာတသတ်က ခမည်းတော်ကို သတ်၍ မင်းအဖြစ်ယူရန် တိုက်တွန်းလေတော့တယ်။
အဇာတသတ်သည် ဒေဝဒတ်၏ တိုက်တွန်းချက်အတိုင်း၊ ခမည်းတော်အား ကိုယ်တိုင်သတ်ရန် ကြံစည်ပြီး ယင်း၏အကြံ ပေါ်ပေါက်သွားသော်လည်း ဗိမ္ဗိသာရမင်းကြီးသည် အပြစ်မယူဘဲ သားတော်၏ ဆန္ဒအတိုင်းဖြစ်စေရန် ထီးနန်းလွှဲအပ်ပေးလိုက်လေတယ်။ သို့သော် ဒေဝဒတ်၏ လှည့်ဖျားအကြံပေးချက်ကြောင့် အဇာတသတ်မင်းသည် ခမည်းတော်အား ထောင်သွင်းအကျဉ်းချကာ အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်ခြင်း ပြုစေပြန်တယ်။
အဇာတသတ်ရဲ့ မယ်တော် ဝေဒဟီမိဖုရားသည်လည်း ဗိမ္မိသာရမင်းရှိရာ ထောင်တွင်းသို့ ဝင်ကာ နည်းအမျိုးမျိုးဖြင့် မင်းကြီးအား သက်သာရာရစေအောင် ပြုစုလေတယ်။ ဤသည်ကို အဇာတသတ်သိလေသော် ခမည်းတော်အား အစာပြတ်သေစေရန် မယ်တော်ကို ခမည်းတော်ထံ ဝင်ခွင်မပြုတော့ချေ။ ထိုအခါ ဗိမ္ဗိသာရမင်းကြီးသည် စင်္ကြံလျှောက်ရင်းပင် မဂ်ဖိုလ်ချမ်းသာကို ခံစား၍ မိမိကိုယ်ကို မျှတအောင် နေတော်မူလေသော်၊ အလွန်လျှင် ခန္ဓာကိုယ် အတ္တသဘောသည် တင့်တယ်လေကြောင်း သိရလေတယ်။ ထိုအခါ အဇာတသတ်မင်းသည် ခမည်းတော် စင်္ကြံမလျှောက်နိုင်စေရန် ခြေဖဝါးကို ဓားနှင့်ခွဲပြီးသော် ဆားရောသော ဆီဖြင့် လိမ်းကျံ၍ ရှားမီးခဲတွင် ကင်မြှိုက်စေသော် မင်းကြီးသည် ဆင်းရဲဝေဒနာကို ပြင်းထန်စွာ ခံစားရပေမယ့် ရတနာသုံးပါးကို အောက်မေ့ နှလုံးသွင်းလျက်ကပင် ခန္ဓာကိုယ်သည် ညှိုးနွမ်းခြောက်သွေ့၍ စုတေလေသော် စတုမဟာရာဇ်နတ်ပြည် ဝေဿဝဏ နတ်မင်းကြီး၏ အလုပ်အကျွေး ဇနဝသဘမည်သော နတ်သား သွားဖြစ်လေတယ်။ သို့နှင့် ဗိမ္ဗိသာရမင်းကြီးသည် မင်းစည်းစိမ် (၅၂) နှစ်၊ သက်တော် (၆၇) နှစ်၊ မဟာသက္ကရာဇ် (၁၄၀) ပြည့်နှစ်တွင် သားတော် အဇာတသတ်မင်းလုပ်ကြံ၍ ကံတော်ကုန်ခဲ့ရလေတယ်။ သို့သော် ဗုဒ္ဓ၏ သာဝကများတွင် ရတနာသုံးပါးကို ကြည်ညိုလွန်းသူအပြင် သားသမီးအပေါ်မေတ္တာကြီးမားလွန်းသူဟု သမိုင်းတွင်ကျန်ရစ်လေတယ်။
#credit