ဟိုးရှေ့ရှေ့တုံးက ဒိသာပါမောက္ခကြီးထံမှာ တိုင်းပြည်အနှ့ံအပြားမှ လုလင်ငယ်တို့ဟာ ယောက်ျားတို့တက်မြောက်အပ်သော အဌာရသ ၁၈ရပ်ကို လာရောက်သင်ယူကြပါတယ်။ အဲ့လိုသင်ယူကြတဲ့ လုလင်ငယ်များစွာထဲမှာ မောင်ပေါက်ကျိုင်းဆိုတဲ့ လုလင်ငယ်လေးဟာ ဘယ်ပညာကိုမှ သင်ယူလို့မရနိုင်တဲ့ အညံ့ဆုံး ကျောင်းသားတဦးဖြစ်ပါတယ်။ ပါမောက္ခကြီးမှ ဘယ်လိုပင်ကြိုးစားပြီး သင်ကြားပေးသည့်တိုင်အောင် မောင်ပေါက်ကျိုင်းလေး ခမျာပညာပါရမီ နည်းပါးတာကြောင့် ခက်ခဲနေရှာပါတယ်။ ဒါပေမယ့် မောင်ပေါက်ကျိုင်းလေးဟာ အလုပ်ကို အလွန်ကြိုးစားတာကြောင့် ပါမောက္ခကြီးရဲ့ အားကိုးရတဲ့အချစ်ဆုံး တပည့်တဦးလည်းဖြစ်ပါတယ်။ ပညာသင်ကြားချိန်ပြည့်ပြီး နေရပ်များကို အသီးသီး ပြန်ကြရမယ့်အချိန် ရောက်တဲ့အခါမှာ ပါမောက္ခကြီးမှ မောင်ပေါက်ကျိုင်းလေးကို စကားကြီး သုံးခွန်းမှတ်သားထားဖို့ သင်ကြားပေးလိုက်ပါတယ်။
ဒိသာပါမောက္ခကြီး သင်ကြားပေးလိုက်တဲ့ စကားကြီး ၃ခွန်းကတော့
(၁) သွားပါများ ခရီးရောက်
(၂) မေးပါများ စကားရ
(၃) မအိပ်မနေ အသက်ရှည် တို့ဖြစ်ပါတယ်။
သွားပါများခရီးရောက်
မောင်ပေါက်ကျိုင်းလေးဟာ ဆရာဖြစ်သူ မှာကြားလိုက်တဲ့ စကားကြီးသုံးခွန်းထဲက ပထမစကားတစ်ခွန်းဖြစ်တဲ့ “ သွားပါများခရီးရောက်” ဆိုတဲ့ စကားအတိုင်း သူရဲ့အိမ်ရှိရာ တိုင်းပြည်ကို ချက်ချင်းမပြန်ပဲ လမ်းရှိသမျှ ခရီးနှင်ခဲ့ပါတယ်။ ဒီလိုခရီးနှင်ခဲ့တဲ့ မောင်ပေါက်ကျိုင်းလေးဟာ မောပန်းလွန်းတာကြောင့် လမ်းခရီးမှာ အိပ်ပျော်သွားခဲ့ပါတယ်။ သူရောက်နေတဲ့ တိုင်းပြည်မှာ အုပ်ချုပ်မယ့် ဘုရင်မရှိပဲ နန်းတက်လာသမျှ ဘုရင်တိုင်းဟာ အသက်သေဆုံးသွားလေ့ ရှိနေတာကြောင့် ဘယ်သူတဦးတယောက်မှ နန်းမတက်ပဲ ရှိနေခဲ့ပါတယ်။ ဒီလိုအချိန်မှာပဲ တိုင်းပြည်မှာ ရှိတဲ့၀န်ကြီးများနှင့်အမတ်များမှ စီရင်ဖုတ်သွင်းထားတဲ့ ရထားကို မင်းလောင်းရှာဖွေ့ရန် စေလွှတ်လိုက်ရာမှာ ခရီးပန်းလို့ အိပ်ပျော်နေတဲ့ မောင်ပေါက်ကျိုင်းထံကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပါတယ်။ ဒါကြောင့်လဲ မှူးမတ်တို့က မောင်ပေါက်ကျိုင်းကို နန်းတင်ဖို့ ရွေးချယ်ခဲ့ကာ မောင်ပေါက်ကျိုင်းကလဲ ၀မ်းမြောက်စွာပဲ လက်ခံခဲ့ပါတယ်။
မေးပါများ စကားရ
မောင်ပေါက်ကျိုင်းဟာ နန်းတက်ပြီးနောက်ပိုင်းမှာ စကားကြီး ၃ခွန်းထဲက တခွန်းဖြစ်တဲ့ “မေးပါများစကားရ” ဆိုတဲ့စကားအတိုင်း တိုင်းသူပြည်သားများထံ မေးခွန်းတွေများစွာ မေးမြန်ခဲ့ပါတယ်။ ဒီလိုမေးမြန်းလို့ သိလာတဲ့ အဖြေစကားတွေအရ နန်းတက်ခဲ့တဲ့ ဘုရင်တိုင်းဟာ တညအချိန်ကုန်ဆုံးပြီးလို့ နောက်နေ့မနက်ရောက်တဲ့အချိန်မှာ နတ်ရွာစံ သေဆုံးလေ့ရှိကြောင်း မောင်ပေါက်ကျိုင်းသိလိုက်ရပါတယ်။
မအိပ်မနေ အသက်ရှည်
နန်းတက်ခဲ့တဲ့ မောင်ပေါက်ကျိုင်းဟာ တိုင်းပြည်မှာ ကြားလာခဲ့ရတဲ့ စကားတွေအရ ညအချိန်တွေမှာ ဘုရင်တွေ သေဆုံးလေ့ရှိတာကို သတိပြုမိတာကြောင့် သူ၏ဆရာ ဒိသာပါမောက္ခကြီး မှာကြားလိုက်တဲ့ စကားကြီး ၃ခွန်းထဲမှ မအိပ်မနေ အသက်ရှည် ဆိုသည့်စကားအတိုင်း ကျင့်သုံးလိုက်နာဖို့အတွက် ပြင်ဆင်ပါတော့တယ်။ ညနက်လာတဲ့အချိန်မှာ မောင်ပေါက်ကျိုင်းဟာ အလွန်အမင်း အိပ်ငိုက်လာခဲ့ပေမယ့် မအိပ်စက်ပဲ အိပ်ရာပေါ်မှာ ငှက်ပျောတုံးကို နေရာချကာ စောင်ခြုံပေးထားပြီး တနေရာမှ စောင့်ကြည့်နေခဲ့ပါတယ်။ ဒီလိုနဲ့ သန်းခေါင်ချိန်ကို ရောက်လာတဲ့အချိန်မှာ မိဖုရားရဲ့ ချစ်သူ နဂါးမင်းဟာ ရောက်ရှိလာခဲ့ပြီး အိပ်ရာပေါ်က ငှက်ပျောတုံးကို ဘုရင်အမှတ်နှင့် ပေါက်သတ်လိုက်ပါတယ်။ ဒီလိုပေါက်သတ်လိုက်တဲ့အချိန်မှာ နဂါးရဲ့ အစွယ်ဟာ ငှက်ပျောတုံးမှာ စိုက်နေခဲ့ပြီး ပြန်နှုတ်မရတဲ့အချိန်မှာ မောင်ပေါက်ကျိုင်းမှ နဂါးကို လက်သုံးတော်ဓားနဲ့ ပိုင်းဖြတ်လိုက်ပါတယ်။ နဂါးမင်းလည်း မောင်ပေါက်ကျိုင်းရဲ့ ဓားချက်နဲ့ သေဆုံးသွားခဲ့ပါတယ်။
မိဖုရားစကားဝှက်နှင့် နောက်ဆုံးရန်စွယ်
မိဖုရားလည်း သူရဲ့ချစ်သူ နဂါးမင်းသေဆုံးသွားတာကြောင့် မောင်ပေါက်ကျိုင်းအပေါ် ရန်ငြိုးထားကာ အလောင်းအစား ပြုလုပ်ရန် စကားခေါ်ခဲ့ပါတယ်။ မောင်ပေါက်ကျိုင်းမှလည်း လက်ခံခဲ့ကာ မိဖုရားမှ စကားထာတခုကို အဖြေပေးရန်နှင့် ဖြေဆိုနိုင်ပါ ထီးနန်းကို ပေးအပ်မည်ဖြစ်ပြီး အဖြေမပေးနိုင်ခဲ့ပါက ကွပ်မျက်ခံရမည်ဟု အလောင်းအစား ပြုလုပ်သွားခဲ့ပါတယ်။ မိဖုရားမှ “ ရာပေးလို့ဆုတ် ထောင်ပေးလို့ချုပ် ချစ်တဲ့သူအရိုး ဆံထိုးလုပ်” ဆိုတဲ့ စကားထာကို မောင်ပေါက်ကျိုင်းထံ ပေးခဲ့ပြီး အလောင်းအစား ပြုလုပ်ခဲ့ပါတယ်။ မောင်ပေါက်ကျိုင်းလဲ ဘယ်လိုမှ စဉ်းစားမရနိုင်တာကြောင့် ၇ရက် အချိန်ပေးရန် ခွင့်တောင့်ပြီး စိတ်ပျက်စွာ နန်းတော်ဥယျာဉ်သို့ ဆင်းလာခဲ့ပါတယ်။ ဒီလိုမောင်ပေါက်ကျိုင်းရဲ့ ဖြစ်ရပ်တွေကို သိထားတဲ့ မိဘနှစ်ပါးဟာ အမှတ်မထင်ပဲ အစာလာစားတဲ့ ကျီးကန်းမောင်နှံရဲ့ ပြောစကားတွေကို ကြားလိုက်ရပါတယ်။ မဂဓဘာသာစကား (တိရိစ္ဆာန်ဘာသာစကား) ကိုနားလည်တဲ့ မိဘနှစ်ပါးဟာ ကျီးကန်းမောင်နှံပြောဆိုနေတဲ့ အကြောင်းအရာတွေအရ မောင်ပေါက်ကျိုင်းအနေဖြင့် စကားထား ၃ခုကို ဖြေဆိုရာ ဖြစ်ကြောင်း၊ တကယ်လို့ မဖြေဆိုနိုင်ပါက ကွပ်မျက်ခံရမှာဖြစ်ကြောင်း နှင့် စကာထားရဲ့ အဖြေအရ သေဆုံးခဲ့သည့်နဂါး၏ အရေခွံကို အသပြာတရာပေးပြီး ဆုတ်စေမည်၊ ဆုတ်လို့ရလာသော အရေခွံကို အသပြာတထောင်ပေးပြီး အိပ်ရာကိုချုပ်စေမည်၊ နဂါ၏ အရိုးကိုမူ ဆံထိုးပြုလုပ်ကာ ပန်ဆင်မည်ဟူသော အဓိပ္ပာယ်ရကြောင်း အဖြေများကို သိရှိခဲ့ပါတယ်။ ဒါကြောင့် မိဘများမှ သားဖြစ်သူမောင်ပေါက်ကျိုင်းကို စကားဝှက်များ၏ အဖြေမှန်ကို ပြောကြားပေးခဲ့တာကြောင့် မောင်ပေါက်ကျိုင်းလဲ မိဖုရားကို အနိုင်ရရှိခဲ့ပါတယ်။ ဒီလိုဖြေဆိုနိုင်ခဲ့တာကြောင့် မောင်ပေါက်ကျိုင်းလဲ အသက်ချမ်းသာရာရောက်ပြီး ဘုရင်အဖြစ် ထီးနန်းကို ဆက်လက်စိုးစံသွားခဲ့ပါတော့တယ်။
ပုံပြင်လေးအရ မောင်ပေါက်ကျိုင်းဟာ ဆရာဖြစ်သူရဲ့ ပြောဆိုဆုံးမမှုကို သေသေချာချာ မှတ်ယူကျင့်သုံး လိုက်နာခဲ့တာကြောင့် ဘုရင်အဖြစ် နန်းစံခွင့် ရခဲ့ကာ အသက်အန္တရာယ်မှ ရှောင်လွဲသွားနိုင်ခဲ့ပါတယ်။
မူရင်းရေးသူအားလေးစားစွာဖြင့်