ငါးသရွဲခြောက်လေးတွေကို မီးဖုတ် (သို့) လှော်ပေးပါ။ အရောင်လေး ရဲရဲလေးဖြစ်ပြီး မာတောင့်တောင့်လေးနဲ့ ကြွပ်လာပြီဆိုရင်တော့ ထုတ်ပေးလို့ရပါပြီ။ မီးဖုတ်ထားတယ်ဆိုရင်တော့ ပြာလေးတွေစင်ရုံ ရေနဲ့ ပွတ်ပေးပါ။ ပြီးရင် အနေတော်လေးတွေ ဖြတ်ထားပေးပါ။ ငရုတ်သီး ငပိနည်းနည်းလေး (တကယ့်နည်းနည်းလေး) ကို မီးကင်ပေးပါ။ ကြက်သွန်နီ ပါးပါးလှီးထားပါ။ ငရုတ်သီးနဲ့ ငပိမီးကင်ကို ကြက်သွန်ဖြူ တစ်မွှာလောက်ထည့်ပြီး ထောင်းပေးပါ။ ငရုတ်ကောင်းနဲ့ ကြိုက်ရင် ထည့်ထောင်းပေးပါ။ ပြီးရင် သုပ်မယ့်ခွက် ၊ ပန်းကန်ထဲကိုထည့်ပြီး ငရုတ်သီးငပိထောင်းရယ် ငါးသရွဲခြောက်ရယ် ကြက်သွန်နီရယ်ကို ရောနယ်သုပ်ပေးရုံပါပဲ။ ဆား ၊ အရသာမှုန့် ကြိုက်နှစ်သက်သလို ချိန်ဆထည့်ပါ။ သံပုရာရည်ညှစ်ပေးပါ။ နံနံပင်ပါးပါးလှီးပြီး ထည့်ပေးပါ။ ဆီလုံးဝမပါတဲ့ ချဉ် ငံ စပ် အရသာလေးနဲ့ ငါးလှော်နံ့မွှေးမွှေးလေး ကြက်သွန်ဖြူ သံပုရာရနံ့လေးတွေနဲ့ သဘာဝစစ်စစ် ငါးသရွဲခြောက်သုပ်ကို ရပါပြီ။
အစားအသောက်ကို ဖွယ်ဖွယ်ရာရာ စေတနာထား ချက်ပြုတ်ခြင်းဟာ အနုပညာတစ်မျိုးပါ။
Credit : အစားအစာကမ္ဘာ